အခန်း (၅)
ပြောက်ကျား တပ်ဦး ဖွဲ့စည်းမှု ၏ အရေးပါသော အချက် ဆယ်ချက်
ထောက်ပို့ (၂)
တိုက်ပွဲ၏ အခက်ခဲဆုံး ကာလများအတွင်း ဒေသခံများ အနေနှင့် အနည်းဆုံး အသက်ဆက်ရှင်သန်နိုင်ဖို့ အခြေခံစားနပ်ရိက္ခာများ လက်ဝယ်တွင် အဆင်သင့်ရှိနေရမည် ဖြစ်သည်။
တာရှည်ခံပြီး မပုပ်သိုးလွယ်သည့် အစားအစာများ ဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း အစရှိသည့် ကောက်ပဲသီးနှံ များကို အလျင်အမြန် စုဆောင်းနိုင်ဖို့ ကြိုးစားရမည်။ ထို့အပြင် ဂျုံမှုန့်၊ ဆား၊ သကြားနှင့် စည်သွတ်ဘူး အမျိုးမျိုးတို့ကိုလည်း စုဆောင်းထားရမှာဖြစ်ပြီး၊ နောက်ထပ် မရှိ မဖြစ် လိုအပ်မည့် မျိုးစေ့များကိုလည်း စိုက်ပျိုးထားသင့်သည်။
စစ်ဒေသအတွင်းရှိ တပ်ဖွဲ့ဝင်များ၏ စားနပ်ရိက္ခာပြဿနာအားလုံးကို ဖြေရှင်းနိုင်မည့်အချိန် ရောက်ရှိလာလိမ့်မည်။ သို့သော် အခြားသော ပစ္စည်းကိရိယာ အမြောက်အမြားကိုလည်း တဆက်တည်း လိုအပ်လာဦးမည် ဖြစ်သည် - ဥပမာအားဖြင့် စစ်ဒေသအတွင်း ဖိနပ်ထုတ်လုပ်သည့် လုပ်ငန်းကို မတည်ထောင်နိုင်သေးပါက ဖိနပ်အတွက် သားရေများ လိုအပ်မည်။ အထည်အလိပ်များနှင့် အဝတ်အထည်အတွက် လိုအပ်သော အခြားအသုံးအဆောင်များ၊ စက္ကူ၊ သတင်းစာရိုက်နှိပ်ရန် ပုံနှိပ်စက် သို့မဟုတ် မိတ္တူကူးစက်၊ မင် နှင့် အခြားသော အမျိုးမျိုးသော ကိရိယာတန်ဆာပလာများ လိုအပ်လာမည် ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် ပြောက်ကျားစစ်ကြောင်းများသည် ပိုမိုစနစ်ကျလာပြီး ဖွဲ့စည်းပုံ ပိုမိုရှုပ်ထွေးကျယ်ပြန့်လာသည်နှင့်အမျှ အပြင်လောကမှ ထုတ်ကုန်ပစ္စည်းများအပေါ် လိုအပ်ချက်သည်လည်း မြင့်တက်လာမည်ဖြစ်သည်။ ထိုလိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် စနစ်တကျ ဖွဲ့စည်းထားသော "ထောက်ပံ့ရေးလမ်းကြောင်းများ" သည် အပြစ်အနာအဆာမရှိ တိကျစွာ လည်ပတ်နေရမည်။ ထို ထောက်ပံ့ရေးအဖွဲ့အစည်းများကို အခြေခံအားဖြင့် မိမိတို့အပေါ် လိုလားထောက်ခံသော လယ်သမားများဖြင့် ဖွဲ့စည်းထားရမည်ဖြစ်ပြီး၊ ထိုအဖွဲ့များတွင်အဆက်အသွယ် နှစ်နေရာ ရှိထားရမည် - တစ်ဖက်မှာ ပြောက်ကျားစစ်ဒေသ အတွင်း၌ဖြစ်ပြီး အခြားတစ်ဖက်မှာ မြို့ပြ အတွင်း၌ ဖြစ်သည်။
ပြောက်ကျား စစ်ဒေသများမှ အခြေပြု၍ ဖြာထွက်လာသော ထောက်ပံ့ရေးလမ်းကြောင်းများသည် နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး၊ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရန် ခွင့်ပြုပေးနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာပေလိမ့်မည်။
တဖြည်းဖြည်းနှင့် လည်း လယ်သမားထုသည် အန္တရာယ်များကြားတွင် ကျင့်သားရလာကြသည် (အုပ်စုငယ်လေးများဖြင့်ဆိုလျှင် ၎င်းတို့သည် အံ့မခန်းစွမ်းဆောင်နိုင်ကြသည်)။ ထို့နောက်တွင် အလွန်အမင်း စွန့်စားရခြင်းမျိုး မရှိစေဘဲ သတ်မှတ်ထားသော နေရာများသို့ လိုအပ်သည့် ပစ္စည်းမှန်သမျှကို လာရောက်ပို့ဆောင်ပေးကြတော့သည်။ ဒေသအခြေအနေပေါ် မူတည်၍ ဤသို့ ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ညဘက်တွင် လားများ၊ သို့မဟုတ် အလားတူ သယ်ပို့ပေး နိုင်သည့် တိရစ္ဆာန်များ၊ သို့မဟုတ် ကုန်တင်ကားများဖြင့် လုပ်ဆောင်နိုင်သည်။ ဤနည်းလမ်းဖြင့် အလွန်ကောင်းမွန်သော ထောက်ထောက်ပံ့ရေးလမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်သည်။
ထိုသို့သော ထောက်ပို့စနစ်မျိုးသည် စစ်ဆင်ရေးနယ်မြေနှင့် နီးကပ်သော ဒေသများအတွက် ဖြစ်သည်။ ထို့အပြင် ဝေးလံသောဒေသများအတွက်လည်း ထောက်ပို့လမ်းကြောင်းတစ်ခုကို ဖွဲ့စည်းရန် လိုအပ်ပြီး၊ ထိုလမ်းကြောင်းသည် လိုအပ်သည်များကို ဝယ်ယူရန်အတွက် ငွေကြေးနှင့် မြို့ငယ်လေးများ သို့မဟုတ် ပြည်နယ်မြို့ကြီးများတွင် မထုတ်လုပ်နိုင်သော ကိရိယာတန်ဆာပလာများကို ထောက်ပံ့ပေးရမည် ဖြစ်သည်။ ဤအဖွဲ့အစည်းကို တော်လှန်ရေးအပေါ် စာနာထောက်ခံသည့် အလွှာအသီးသီးမှ တိုက်ရိုက်လှူဒါန်းမှုများဖြင့် ကူညီပံ့ပိုးမည်ဖြစ်ပြီး၊ ထိုအလှူငွေများအတွက် အပြန်အလှန်အနေဖြင့် လျှို့ဝှက် "ငွေတိုက်စာချုပ်" များကို ထုတ်ပေးရမည်ဖြစ်သည်။
ဤလုပ်ငန်းစဉ်ကို စီမံခန့်ခွဲရန် တာဝန်ပေးထားသော ဝန်ထမ်းများကို အမြဲတစေ တင်းကျပ်စွာ ထိန်းချုပ်ထားရမည်။ ထို တာဝန်ဝတ္တရားတွင် ပါဝင်သော မရှိမဖြစ်လိုအပ်သည့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်များကို ပျက်ကွက်မှုတစ်စုံတစ်ရာ ရှိခဲ့ပါက ပြင်းထန်သော အကျိုးဆက် အဖြစ် အပြစ်ပေးမှုများ နောက်ဆက်တွဲ ပါလာရမည်ဖြစ်သည်။
ပြောက်ကျားတပ်ဖွဲ့သည် မိမိတို့၏ အခြေစိုက်စခန်းမှ ထွက်ခွာ၍ နယ်မြေအသစ်တစ်ခုကို ဝင်ရောက် သည့်အခါတွင် လိုအပ်သော ပစ္စည်းဝယ်ယူမှုများကို လက်ငင်းငွေချေစနစ်ဖြင့်သော်လည်းကောင်း၊ ' နောင်တွင် ပေးပါမည်ဟူ သော ခံဝန်ချက်' များဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ပစ္စည်းပိုင်ရှင်ထံမှ ကုန်ပစ္စည်းများကို သိမ်းယူခြင်းမှာ ရှောင်လွှဲ၍မရနိုင်ပေ။ ထိုအခါ ပစ္စည်းပိုင်ရှင်အနေဖြင့် မိမိတို့၏ အကြွေးများကို ပြန်လည်ပေးဆပ်မည့် ပြောက်ကျားတပ်ဖွဲ့၏ သစ္စာရှိမှုနှင့် စွမ်းဆောင်ရည်အပေါ်၌သာ ပုံအပ် ယုံကြည်ရပေတော့မည်။
ကျေးလက်ဒေသကို ဖြတ်သန်းရသည့် ထောက်ပံ့ရေး လမ်းကြောင်းတိုင်းအတွက် နေ့ဘက်တွင် ပစ္စည်းများကို ဝှက်ထားနိုင်ပြီး ညဘက်တွင်မှ ဆက်လက်သယ်ယူနိုင်မည့် 'အိမ်များ'၊ 'ဂိတ်စခန်းများ' သို့မဟုတ် 'နားနေစခန်းများ' ကို အစဉ်လိုက် ထားရှိရန် လိုအပ်သည်။ ထိုစခန်း များ၏ တည်နေရာကို ရိက္ခာထောက်ပံ့ရေး တိုက်ရိုက် တာဝန်ခံထားသူ ပုဂ္ဂိုလ်များသာ သိရှိထားသင့်သည်။ ဤသယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်ကို ဒေသခံပြည်သူ အနည်းငယ်မျှသာ သိရှိစေရမည်ဖြစ်ပြီး၊ သိရှိသူများသည်လည်း အဖွဲ့အစည်းက ယုံကြည်စိတ်ချရမှု အရှိဆုံး သူများသာ ဖြစ်ရမည်။
ဤကဲ့သို့သော လုပ်ငန်းတာဝန်များအတွက် လား များသည် အသုံးဝင်ဆုံး တိရစ္ဆာန်များထဲတွင် ပါဝင်သည်။ ပင်ပန်းနွမ်းနယ်မှုကို အံ့သြဖွယ်ကောင်းလောက်အောင် ခံနိုင်ရည်ရှိခြင်း၊ အလွန်မတ်စောက်သော ဒေသများတွင် လျှောက်လှမ်းနိုင်ခြင်းတို့ကြောင့် လားတစ်ကောင်သည် ကီလိုဂရမ် ၁၀၀ ကျော်ရှိသော ဝန်စည်စလယ်များကို ရက်ပေါင်းများစွာ သယ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့ အတွက် အစားအစာကို အလွယ်တကူ ရှာ ဖွေ နိုင် သဖြင့် အကောင်းဆုံးသော သယ်ယူပို့ဆောင်ရေး အထောက်အကူများ ဖြစ်ကြသည်။
လားတပ်များကို ခွာပတ် များ စနစ်တကျ တပ်ဆင်ပေးထားသင့်သလို၊ လားထိန်းများကလည်း မိမိတို့၏ တိရစ္ဆာန်များကို နားလည်ပြီး အထူးဂရုစိုက် စောင့်ရှောက်ရမည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်ရည်မြင့်မားသည့် "ခြေလေးချောင်းတပ်မတော်" တစ်ရပ်ကို ပုံမှန်ဖွဲ့စည်းထားနိုင်သည်။
သို့သော်လည်း တိရစ္ဆာန်၏ သန်မာမှုနှင့် ခက်ခဲသောရက်များကို ကြံ့ကြံ့ခံနိုင်မှုတို့ ရှိသော်ငြားလည်း၊ လမ်းကြောင်း အလွန်ခက်ခဲလွန်းသည့် အခြေအနေများတွင် ကုန်ပစ္စည်းများကို နေရာအချို့၌ ချန်ထားရသည့် အခြေအနေမျိုး ကြုံရတတ်သည်။ ဤသို့မဖြစ်စေရန်အတွက် လားများ သွားလာနိုင်မည့် လမ်းကြောင်းများကို ဖောက်လုပ်ပေးမည့် အထူးအဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးထားသင့်သည်။
အကယ်၍ -ဤအချက်အလက်အားလုံးကို လိုက်နာပြီး၊ သင့်တော်သော အဖွဲ့အစည်းစနစ်ကို တည်ဆောက်ကာ၊ တော်လှန်ရေးတပ်မတော်နှင့် တောင်သူလယ်သမားများအကြား ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ပါက၊တပ်ဖွဲ့ တခုလုံးအတွက် ထိရောက်ပြီး ရေရှည်တည်တံ့သော ထောက်ပံ့ပို့ဆောင်ရေးကို အာမခံချက် ပေးနိုင်မည်ဖြစ်သည်။