အမေ သည် သားဖြစ်သူ ပါဗယ်နှင့် တွေ့ခွင့်ရရန် ထောင်သို့ သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီးဖြစ်သည်။ သွားလေတိုင်းလည်း ပါးပြင်နှစ်ဖက် ခရမ်းရောင်သန်းနေပြီး နှာခေါင်းကြီးကြီးနှင့် အဖိုးအို ပုလိပ် အကြီးအကဲ က သူမကို ငြင်ငြင်သာသာ ပင် ငြင်းလွှတ်ခဲ့သည်ချည်း ဖြစ်သည်။
“နောက်တစ်ပတ်လောက်နေမှပါ အမကြီးရယ်၊ အခုတော့ မရသေးဘူး။ နောက်တစ်ပတ်နေရင်တော့ ကြည့်ရသေးတာပေါ့၊ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး”
သူသည် ခန္ဓာကိုယ် လုံးလုံးနှင့် စားကောင်းသောက်ကောင်း စားထားသည့်ပုံမျိုးဖြစ်ပြီး ကြည့်ရသည်မှာ သိမ်းထားတာ ကြာလွန်း၍ မှိုဖြူလေးများ စွဲနေပြီဖြစ်သော ပုပ်အက်အက် ဇီးသီးမှည့်တစ်လုံးနှင့် ဆင်တူလှသည်။ ချွန်ထက်သော ဝါကျင်ကျင် သွားကြားထိုးတံလေးဖြင့် သူ၏ သွားဖြူဖြူလေးများကို အမြဲတစေ ထိုးဆွနေတတ်သည်။ သူ၏ စိမ်းဖန့်ဖန့် မျက်လုံးလေးများထဲတွင် အပြုံးရိပ်လေးများ ရှိနေတတ်ပြီး အသံမှာလည်း ဖော်ရွေနွေးထွေးလှသည်။
"ယဉ်ကျေးလိုက်တာ..." ဟု အမေက 'ရုရှားကလေး' ကို တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ "သူ့မျက်နှာမှာ အမြဲတမ်း ပြုံးနေတာပဲ။ ဒါကတော့ မဟုတ်သေးဘူးလို့ အမေထင်တယ်။ ဒီလို အရေးကြီးတဲ့ အလုပ်မျိုးတွေကို လုပ်နေတဲ့လူတစ်ယောက်ဟာ ဒီလောက်အထိ ပြုံး ဖြီးမနေသင့်ဘူး။"
"ဟုတ်ပါရဲ့... သူတို့က သိပ်ယဉ်ကျေးကြပြီး၊ အမြဲတမ်းလည်း ပြုံးနေကြတာ။ အကယ်၍ တစ်ယောက်ယောက်က သူတို့ကို 'ဟောဒီမှာကြည့်စမ်း... ဒီလူကတော့ ရိုးသားဖြောင့်မတ်ပြီး ပညာရှိတဲ့လူပဲ၊ ဒါပေမဲ့ ငါတို့အတွက်တော့ အန္တရာယ်ရှိတယ်၊ သူ့ကို ကြိုးပေးသတ်လိုက်စမ်း' လို့ အမိန့်ပေးရင်တောင် သူတို့က ပြုံးပြုံးကြီးပဲ ကြိုးပေးသတ်ကြလိမ့်မယ်၊ ပြီးတော့ ဆက်ပြီးတော့လည်း ပြုံးနေကြဦးမှာပဲ။"
"အမေတို့အိမ်ကို လာရှာတဲ့သူကမှ အဲ့ဒီလူထက်စာရင် တော်သေးတယ်။ သူက ပိုပြီးတော့ ရိုးရှင်းတယ် ဟန်မဆောင်ဘူး။ သူက ခွေးတစ်ကောင်ဆိုတာကို ကြည့်လိုက်တာနဲ့ တန်းသိနိုင်တာကိုး။"
"သူတို့ကို လူ တွေ လို့ သတ်မှတ်လို့ မရတော့ဘူး။ လူတွေကို တုန်လှုပ်ခြောက်ခြားပြီး အသိတရား ကင်းမဲ့သွားအောင် လုပ်ဖို့အတွက် အသုံးချခံနေရတဲ့ အရာတွေပဲ။ ကျွန်တော် တို့လို လူမျိုး တွေကို နိုင်ငံတော်အတွက် ပိုပြီး ကိုင်တွယ်ရလွယ်အောင် လုပ်တဲ့နေရာမှာ သုံးတဲ့ လက်နက်တွေ၊ ကိရိယာတွေပဲ။ သူတို့ကိုယ်တိုင်ကလည်း အုပ်ချုပ်သူတွေရဲ့ လက်ထဲမှာ အသုံးတည့်တဲ့ ကိရိယာတွေ ဖြစ်သွားအောင် အကျအန ပြင်ဆင် ခံထားရပြီးသား။ ဘာကြောင့် လုပ်ရတာလဲလို့ စဉ်းစားမနေဘဲ၊ မေးခွန်းမထုတ်ဘဲ ခိုင်းတာမှန်သမျှကို လုပ်နိုင်တဲ့သူတွေ ဖြစ်နေကြပြီ။"
နောက်ဆုံးမှာတော့ အမေသည် သူ့သားကို တွေ့ခွင့်ရခဲ့သည်။ တနင်္ဂနွေနေ့မှာတော့ သူသည် ထောင်ရုံးခန်း၏ ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေး ထိုင် စောင့်နေခဲ့သည်။ အခန်းက နိမ့်ပြီး ကျဉ်းမြောင်းသည့် အပြင် ညစ်ပတ်ပေရေနေသည်။ တခြားလူတချို့လည်း အမေ နှင့် အတူ သူတို့၏ ဆွေမျိုး မိတ်ဆွေတွေကို တွေ့ခွင့်ရဖို့ စောင့်ဆိုင်းနေကြသည်။ ကြည့်ရတာ သူတို့အားလုံး ကို ဒီနေရာကို ရောက်နေကျ ဖြစ်ပုံရပြီး တယောက် နှင့် တယောက်လည်း သိကျွမ်းနေကြသည်။ သူတို့ အချင်းချင်းလည်း တိုးတိုး၊ တိုးတိုး နှင့် ပျင်းရိငြီးငွေ့ဖွယ် စကားများကို ပြောဆိုနေကြသည်။
"ကြားပြီးကြပြီလား" ဟု ပေါင်ပေါ်တွင် ခရီးဆောင်အိတ်တစ်လုံး တင်ထားသည့်၊ မျက်နှာရှုံ့တွတွနှင့် ဝဝတုတ်တုတ် အမျိုးသမီးကြီးတစ်ဦးက ဆိုသည်။ "ဒီနေ့ မနက်စောစော ဝတ်ပြုဆုတောင်းပွဲမှာ ဘုရားကျောင်းဂေါပကက သီချင်းဆိုအဖွဲ့က ကောင်လေးတစ်ယောက်ရဲ့ နားရွက်ကို ထပ်ပြီး ဆွဲလိမ်လိုက် တာ ပြတ်မတတ်ဘဲတဲ့။"
စစ်မှုထမ်းဟောင်း ယူနီဖောင်းဝတ်ထားသည့် အဖိုးအိုတစ်ဦးက ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် "ဒီသီချင်းဆိုတဲ့ ကောင်လေးတွေဟာ တကယ့် လူပေ လူလွင့် လေး တွေဗျ" ဟု မှတ်ချက်ပြုလိုက်သည်။
ပုကွကွ၊ ထိပ်ပြောင်ပြောင်၊ ခြေတံတိုတို လက်တံရှည်ရှည်နှင့် မေးရိုးကြီးကလည်း ငေါထွက်နေသော လူပုလေးတစ်ယောက်သည် အခန်းထဲတွင် အလုပ်ရှုပ်ဟန်ဖြင့် ဟိုဟိုဒီဒီ ပြေးလွှား နေရင်းက မရပ်မနားဘဲ တုန်ရီခြောက်ကပ်သော အသံဖြင့် ယခုလို ပြောနေပြန်သည်။
"ကုန်ဈေးနှုန်းတွေကတော့ တက်သထက် တက်လာနေပြီ။ အညံ့စား အမဲသားတောင် တစ်ဆယ့်လေးဆင့် ပေးနေရပြီ၊ ပေါင်မုန့်ဈေးကလည်း နှစ်ဆင့်ခွဲအထိ ထပ်တက်သွားပြန်ပြီ။"
ရံဖန်ရံခါတွင် မီးခိုးရောင်ဝတ်စုံနှင့် ပုံစံတူ အကျဉ်းသားများသည် လေးလံသော သားရေဖိနပ် ကြမ်းကြမ်း များကို စီးလျက် အခန်းထဲသို့ ဝင်လာကြသည်။ အခန်းထဲသို့ ရောက်သည့်အခါ သူတို့၏မျက်လုံးများသည် စူးရှသော အလင်းကြောင့် တဖျတ်ဖျတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားကြ၏။ သူတို့ထဲမှ တစ်ယောက်၏ ခြေထောက်တွင်မူ သံခြေချင်းများ ခတ်ထားသဖြင့် တချောက်ချောက် မြည်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးရှိ တိတ်ဆိတ်ငြိမ်သက်မှုနှင့် ရိုးရှင်းမှုတို့မှာ တစ်မျိုးကြီး ထူးဆန်းနေသည်။ လူတိုင်းသည် မိမိတို့ ကြုံတွေ့နေရသော အခြေအနေအပေါ် ယဉ်ပါးနေကြပြီ ဖြစ်ပုံရ၏။ အချို့က ငြိမ်သက်စွာ ထိုင်နေကြပြီး၊ အချို့ကမူ ဘာကိုမျှ စိတ်မဝင်စားသလို ကြည့်နေကြသည်။ ကျန်လူများကတော့ ပျင်းရိငြီးငွေ့သော အမူအရာဖြင့် သူတို့ လာနေကျအတိုင်း လာရောက်ကြခြင်း ဖြစ်ဟန်တူသည်။
အမေ၏ နှလုံးသားမှာမူ စိတ်မရှည်နိုင်မှုတို့ဖြင့် တုန်လှုပ်နေပြီး သူမ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝေခွဲမရသော မျက်နှာပေးဖြင့် ကြည့်နေမိသည်။ ကမ္ဘာ့ထောင့်တစ်နေရာတွင် ဤမျှ ရိုးရှင်းစွာ ဖိနှိပ်ချုပ်ချယ် ခံထားရသော ဘဝ မျိုး ရှိ နေသည် ကို သူမအဖို့ အံ့ဩ မဆုံး ဖြစ်နေရှာတော့သည်။
အမေ ၏ ဘေးတွင် ထိုင်နေသူမှာ မျက်နှာတွင် အရေးအကြောင်းများ ထင်နေသော်လည်း မျက်လုံးများမှာမူ ငယ်ရွယ်နုပျိုဆဲဖြစ်သည့် အဘွားအိုတစ်ဦး ဖြစ်သည်။ သူမသည် ဝိုင်းဖွဲ့ပြောဆိုနေကြသည့် စကားများကို နားစွင့်ရန် သူမ၏ ပိန်လှီသော လည်ပင်းကို အမြဲတစ်စေ စောင်းငဲ့ထားပြီး၊ သူမ၏ အမူအရာသည် ထူးထူး ဆန်းဆန်း စိတ်အားထက်သန် မှု အပြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေလေသည်။
"ဒီမှာ ဘယ်သူရှိလို့လဲ" ဟု အမေက ခပ်တိုးတိုး မေးလိုက်သည်။
"သားလေ... ကျောင်းသားပဲ" ဟု အဘွားအိုက ပြတ်သားကျယ်လောင်သော အသံဖြင့် ပြန်ဖြေသည်။
"ရှင် ကော..."
"ကျွန်မမှာလည်း သားတစ်ယောက် ရှိတယ်၊ သူက အလုပ်သမားပါ"
"နာမည်က ဘယ်သူလဲ"
"ဗလာဆော့ဗ်"
"သူ့ နာမည်တော့ တစ်ခါမှ မကြားဖူးပါဘူး။ ထောင်ထဲရောက်နေတာ ဘယ်လောက်ကြာပြီလဲ။”
“ခုနစ်ပတ်ရှိပြီ။”
“ကျမသားကတော့ ဆယ်လတောင် ရှိသွားပြီတော်” ဟု အဘွားအိုက ပြောလိုက်သည်။သူမ၏ အသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှု ဟန် ပါနေသည်ကို အမေ က သတိမထားမိဘဲ မနေနိုင်ခဲ့။
အရပ်ရှည်ရှည် မျက်နှာဖျော့တော့တော့၊ ပါးလျလျ နှင့် အနက်ရောင်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် လေသံ ခပ်အေးအေးနှင့် - 'သိတ်မကြာဘူး လူကောင်းမှန်သမျှ ထောင်ထဲရောက်ကုန်တော့မယ်။ သူတို့က လူကောင်းတွေဆို မခံနိုင်ဘူး၊ ရွံမုန်းကြတယ်လေ။'
'ဟုတ်တယ်၊ ဟုတ်တယ်' ဟု ထိပ်ပြောင်ပြောင်နှင့် အဘိုးအိုက ခပ်သွက်သွက် ဝင်ပြောလိုက်သည်။ 'သည်းခံခြင်းဆိုတာ ပျောက်ကွယ်သွားပြီ။ လူတိုင်းက စိတ်လှုပ်ရှားနေကြတယ်၊ လူတိုင်းက အော်ဟစ်ဆူညံနေကြတယ်၊ ဈေးနှုန်းတွေကလည်း တစ်နေ့တခြား တက်လာနေတယ်။ အကျိုးဆက်အနေနဲ့ လူတွေရဲ့ တန်ဖိုးကလည်း ကျဆင်းလာတယ်။ စေ့စပ်ညှိနှိုင်းပေးမယ့် အသံဆိုတာ ဘယ်သူ့ဆီကမှ မကြားရတော့ဘူး၊ တစ်ယောက်မှကို မရှိတော့တာ!'
'အဲဒါတော့ အမှန်ပဲ!' ဟု အငြိမ်းစား စစ်ဗိုလ်က ထောက်ခံလိုက်ပြန်သည်။ 'ဒါဟာ အရုပ်ဆိုးအကျည်းတန်လွန်းတယ်။ လိုအပ်နေတာက အသံတစ်ခုပဲ။ 'တိတ်ကြစမ်း!' လို့ အော်ဟစ်နိုင်မယ့် ခိုင်မာတဲ့ အသံတစ်ခု လိုအပ်နေတာ။ ဟုတ်တယ်၊ အဲဒါပဲ ကျုပ် တို့ လိုအပ်နေတာ - ခိုင်မာတဲ့ အသံတစ်ခု!'"
စကားဝိုင်းက ပိုပြီးတော့လည်း သက်ဝင်လှုပ်ရှားလာသည်။ လူတိုင်းက သူတို့၏ ဘဝ အမြင်များကို အလုအယက် ထုတ်ဖော်ပြောဆိုနေကြသော်လည်း အသံကိုတော့ လျှော့၍ ခပ်အုပ်အုပ်သာ ပြောနေကြ၏။ သူတို့၏ အသံများထဲတွင် တစ်စုံတစ်ခုကို ရန်လိုနေသည့် လေသံမျိုး ပါဝင်နေသည်ကို အမေ သတိထားမိသည်။ ထိုလေသံမျိုးသည် အမေ အတွက်အသစ်အဆန်း ဖြစ်နေ၏။
အိမ်တွင်တော့ သူတို့သည် ယခုထက် ပိုမိုနားလည်လွယ်အောင်၊ ပိုမိုရိုးရှင်းအောင် နှင့် ပိုမိုကျယ်လောင်စွာ ပြောဆို ကြပေလိမ့်မည်။
ထိုစဉ် နီကျင်ကျင် မုတ်ဆိတ်ဗလပွနှင့် ဝဖိုင့်ဖိုင့် ထောင်ဝါဒါက သူမ၏အမည်ကို အော်ခေါ်လိုက်ပြီး ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ထို့နောက် သူ့နောက်သို့ လိုက်ခဲ့ရန် ပြောကာ ထော့နဲ့ထော့နဲ့နှင့် ရှေ့က ထွက်သွားလေတော့သည်။ အမေသည် သူ့နောက်မှ လိုက်သွားရင်း ထိုလူကို ယခုထက် ပိုမြန်မြန်လျှောက်ရန် နောက်မှနေ၍ တွန်းလွှတ် ပစ် ချင် နေမိတော့သည်။