အလုံးစုံ ခြုံငုံထားသော ပြုပြင် ပြောင်းလဲရေး မူကြမ်းကို မည်သည့်အခါမျှ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ပါဝင်ရေးဆွဲသူ တဦး၏ ပြန်ပြောပြချက်အရ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ အတွက် လမ်းညွှန်မူများ နှင့် ရည်မှန်းချက်များကို ယေဘုယျ ချမှတ်ထားမှု များ ပါရှိလာခဲ့သည်ဟု သိရသည်။
"၁၉၈၇ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းတွင် ဗဟိုကော်မတီက 'မူအားဖြင့် သဘောတူညီ' ခဲ့ပြီးနောက် ကျောက်ကျိယန် သည် အသွင်သဏ္ဌာန်အားဖြင့် သာမန်ဟု ထင်ရသော်လည်း အနှစ်သာရရှိသော ပြုပြင်ပြောင်းလဲမှုများကို စတင်အကောင်အထည်ဖော်ခဲ့သည်။
ပါတီတွင်း ဒီမိုကရေစီကို မြှင့်တင်ရန်အတွက် ၁၃ ကြိမ်မြောက် ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်များ ရွေးချယ်ရာ၌ ယှဉ်ပြိုင်မှုပိုမိုများပြားလာစေရန် စီစဉ်ခဲ့သည်။ ရလဒ်အနေဖြင့် ဗဟိုကော်မတီဝင်နေရာ ၁၇၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၈၅ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။ ထိတ်တန်း ကွန်ဆာဗေးတစ် ဝါဒီ ဖြစ်သူ တိန့်လီချွန်း သည် မဲအလုံအလောက်မရရှိသည့် ကိုယ်စားလှယ်လောင်း ၁၀ ဦးထဲတွင် ပါဝင်သွားပြီး အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်တရားရုံးချုပ်ဥက္ကဋ္ဌများ၊ အစိုးရ ရှေ့နေများကိုပါ ရွေးကောက်ပွဲဖြင့် ယှဉ်ပြိုင်ရွေးချယ်သည့်စနစ်ကို ပြည်နယ်အချို့တွင် စတင်မိတ်ဆက်ခဲ့ရာ၊ တရုတ်ကွန်မြူနစ်ပါတီမှ အမည်စာရင်းတင်သွင်းထားသော ကိုယ်စားလှယ်လောင်းအချို့ ရှုံးနိမ့်ခဲ့သည့် ရလဒ်များလည်း ထွက်ပေါ်ခဲ့သည်။
ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များကို စနစ်တကျဖြစ်လာစေရန် ကြိုးပမ်းသည့်အနေဖြင့် ပါတီ ဗဟိုကော်မတီ၊ ပေါ် လစ်ဗျူရို နှင့် အမြဲတမ်းကော်မတီ တို့၏ အစည်းအဝေးများကို ပုံမှန်ကျင်းပရန် ကျောက်ကျိယန် ၏ အဆိုပြုချက်ကို ပေါ်လစ်ဗျူရိုက ထောက်ခံခဲ့သည်။ (ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ်၊ ပေါ်လစ်ဗျူရိုအစည်းအဝေးကို တစ်လလျှင် တစ်ကြိမ် နှင့် အမြဲတမ်းကော်မတီ (PSC) အစည်းအဝေးကို တစ်ပတ်လျှင် တစ်ကြိမ် ကျင်းပရန် ဖြစ်သည်။) ထို့အပြင် ကျောက်ကျိယန် ၏ အဆိုပြုချက်အရပင် ပေါ်လစ်ဗျုရို သည် ပေါ်လစ်ဗျုရို၊ အမြဲတမ်းကော်မတီနှင့် ဗဟိုအတွင်းရေးမှူးအဖွဲ့တို့တွင် မဲပေးဆုံးဖြတ်မည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို တရားဝင် ဖြစ်အောင် သတ်မှတ်ခဲ့သည်။
ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးတိုင်းနှင့် ပေါ်လစ်ဗျူရို၏ အစည်းအဝေးတိုင်းတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို မီဒီယာများမှတစ်ဆင့် ပြည်သူလူထုသို့ ထုတ်ပြန်ကြေညာရန်လည်း မဖြစ်မနေ ပြဋ္ဌာန်းခဲ့သည်။ (မှတ်သားဖွယ်ကောင်းသည်မှာ ကျောက်ကျိယန် ချမှတ် ခဲ့သည့် စည်းမျဉ်းအချို့ကို ယနေ့တိုင် ပါတီက လိုက်နာကျင့်သုံးနေဆဲ ဖြစ်သည်။)
ပါတီနှင့် အစိုးရ သီးခြားစီခွဲထုတ်ရေး ဆိုသောပြုပြင်ပြောင်းလဲမှုသည် ပြင်းထန်သော ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်မှ အံ့ဩစရာတော့ မဟုတ်ပေ။ အကြောင်းမှာ အာဏာပိုင်အဖွဲ့အစည်းများ ၏ လုပ်ပိုင်ခွင့်အာဏာနှင့် အလုပ်အကိုင် တည်တံ့မှု ကိုပါ ခြိမ်းခြောက်နေသောကြောင့် ဖြစ်သည်။
သို့သော်လည်း ဒေသန္တရအာဏာပိုင်များသည် အစိုးရအတွင်းရှိ ပါတီ၏ အခန်းကဏ္ဍကို ပြန်လည်ဖွဲ့စည်းရန် ခေါင်းဆောင်ပိုင်း၏ လမ်းညွှန်ချက်များကို စတင်အကောင်အထည် ဖော်ခဲ့ကြသည်။ ဥပမာအားဖြင့် ပါတီအတွင်းရေးမှူးများနှင့် အချိန်ပြည့် ကေဒါအရေအတွက်ကို လျှော့ချခြင်း၊ အစိုးရဌာနများနှင့် လုပ်ငန်းတာဝန် ထပ်နေသော ဒေသန္တရပါတီဌာနများကို ဖျက်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ကျောက်ကျိယန် သည် ဗဟိုအစိုးရအတွင်း၌ အတိုင်းအတာ တစ်ခုအထိသာ တိုးတက်မှုရရှိခဲ့သည်။ ဘဏ္ဍာရေး၊ ဝါဒဖြန့်ချိရေး၊ နိုင်ငံခြားရေးနှင့် နိုင်ငံရေး-ဥပဒေရေးရာ လုပ်ငန်းများရှိ ပါတီ၏ "အဖွဲ့ငယ်များ" ကို ဆက်လက်ထားရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် အစိုးရ၏ စီမံခန့်ခွဲရေးလုပ်ငန်းများတွင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ကြီးကြပ်ခြင်းတို့ကို မပြုလုပ်နိုင်တော့ပေ။
၁၉၈၉ ခုနှစ် အစောပိုင်းတွင် နိုင်ငံတော်ကောင်စီ ရှိ ပါတီအဖွဲ့များ၏ ထက်ဝက်ခန့်ကို ဖျက်သိမ်းနိုင်ခဲ့သည်။ "ပါတီနှင့် အစိုးရ ခွဲထုတ်ရေး" ဆောင်ရွက်ချက် အားလုံးထဲတွင် ကျောက်ကျိယန် အကောင်အထည်ဖော်ခဲ့သည့် အရေးကြီးဆုံး အချက်မှာ တရားဥပဒေစိုးမိုးရေးနှင့် တရားရုံးများကို ကြီးကြပ်သည့် "ဗဟိုနိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ" ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ ထိုဩဇာကြီးမားသောအဖွဲ့အစည်းမှ ဥပဒေရေးရာစနစ်အတွင်း ဝင်ရောက်စွက်ဖက်မှုကို တားဆီးရန်အတွက် ၁၉၈၈ ခုနှစ်တွင် ကျောက်ကျိယန်သည် ယင်းကော်မတီကို "အဖွဲ့ငယ်" အဆင့်သို့ လျှော့ချခဲ့သည်။
ထို့အပြင် နိုင်ငံပိုင်လုပ်ငန်းများ (SOEs)၊ တက္ကသိုလ်များနှင့် အစိုးရအဖွဲ့အစည်းများရှိ မန်နေဂျာများ၊ ပါမောက္ခချုပ်များနှင့် ညွှန်ကြားရေးမှူးများကိုသာ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်အပြည့်အဝပေးအပ်သည့် တာဝန်ခံမှုစနစ် ကို ပြဋ္ဌာန်းခဲ့ပြီး ပါတီအကြီးအကဲများ၏ အခန်းကဏ္ဍကို လျှော့ချခဲ့သည်။
#လွတ်လပ်ခွင့်ပြုခြင်းနှင့် ပြန်လည် သက်ရောက်မှု များ
၁၉၇၈ ခုနှစ်မှ ၁၉၈၉ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော တိန်အန်းမင် ရင်ပြင် အရေးအခင်းအထိကာလအတွင်း တရုတ်စာရေးဆရာများ၊ အနုပညာရှင်များနှင့် ပညာတတ်များသည် ၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် တစ်ခါမျှ မကြုံဖူးသော လွတ်လပ်ခွင့်ကို ခံစားခဲ့ကြရသည်။ ၎င်းမှာ ၁၉၅၆ ခုနှစ် နီကီတာ ခရူးရှက်က ဂျိုးဇက်စတာလင်ကို ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် ဆိုဗီယက် စနစ်သစ်နိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သော "နှင်းရည်ပျော်ကာလ" အပြီးတွင် ထိုနိုင်ငံများရှိ ပညာတတ်များ ရရှိခဲ့သော လွတ်လပ်ခွင့်နှင့် ဆင်တူနေသည်။
စာပေ၊ အနုပညာနှင့် အတွေးအခေါ်ဆိုင်ရာ နယ်ပယ်များတွင် ထိုကဲ့သို့ လွတ်လပ်ခွင့်ပြုလာရခြင်းမှာ အဓိကအားဖြင့် မော်စီတုန်းခေတ်တွင် နှစ်ရှည်လများ ဖိနှိပ်ခံခဲ့ရသော တရုတ်စာရေးဆရာများ၊ အနုပညာရှင်များနှင့် ပညာတတ်များအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရရှိလာ နိုင်ရန်၊ မော်စီတုန်းအစိုးရ လက်အောက်တွင် တရုတ်ပြည်သူများ ကြုံတွေ့ခဲ့ရသော မဖော်ပြနိုင်လောက်သည့် ဒုက္ခဝေဒနာများနှင့် စိတ်ဒဏ်ရာများကို ဖော်ထုတ်ရန်နှင့် ကွန်မြူနစ်ဝါဒ၏ အစဉ်အလာ အတိုင်းအတာများကို စိန်ခေါ် နိုင်ရန် အတွက် ဖြစ်သည်။
ထူးခြားသည်မှာ ဟူယောင်ပန်း ကဲ့သို့ လွတ်လပ်သော သဘောထားရှိသည့် ခေါင်းဆောင်များက အစဉ်အလာကို ထိန်းသိမ်းလိုသူများ၏ အဆက်မပြတ် တန်ပြန်တိုက်ခိုက်မှုများရှိ နေသည့် ကြားမှ နိုင်ငံရေးအရ အကာအကွယ်ပေးခဲ့ပြီး၊ လွတ်လပ်ခွင့်ပြုသည့် အခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ကူညီပေးခဲ့ခြင်းပင် ဖြစ်သည်။
မော်စီတုန်း အလွန်ကာလ တရုတ်လူ့အဖွဲ့အစည်း၏ နိုးကြားလာမှုသည် "အမာရွတ်စာပေ" ဟု ခေါ်ဆိုသည့် စာပေအမျိုးအစား ထွန်းကားလာမှုနှင့်အတူ စတင်ခဲ့သည်။ ယင်းတို့မှာ မော်စီတုန်း လက်ထက်က ဖိနှိပ်ခံခဲ့ရသည့် ဇာတ်ကောင်များကို အခြေခံထားသည့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်နှင့် ရုပ်ရှင်များ ဖြစ်ကြသည်။ ၁၉၇၈ ခုနှစ်တွင် ရှန်ဟိုင်းသတင်းစာကြီးတစ်စောင်၌ ဖော်ပြခဲ့သည့် "အမာရွတ်" (Shanghen) အမည်ရှိ ဝတ္ထုတိုကို အစွဲပြု၍ ဤစာပေအမျိုးအစားကို အမည်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုဝတ္ထုထဲမှ ခေါင်းဆောင်မင်းသမီးမှာ ပါတီ၏ ဝါဒဖြန့်မှုများဖြင့် ဦးနှောက်ဆေးခံထားရသည့် အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။ သူမသည် "သစ္စာဖောက်" နှင့် "သူလျှို" ဟု ပါတီ၏ မတရား စွပ်စွဲဖိနှိပ်ခြင်း ခံနေရသော မိခင်ဖြစ်သူနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ သို့သော် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း သူမ၏ ခေတ်ပြိုင်လူငယ်များနည်းတူ ကျေးလက်သို့ ပို့ဆောင်ခံရချိန်တွင်မူ သံသယ၊ အပြစ်ရှိသည် ဟု ခံစားရသော စိတ်နှင့် နာကျင်မှုတို့က သူမကို နှိပ်စက်ခဲ့လေသည်။ ယဉ်ကျေးမှုတော်လှန်ရေးအပြီးတွင် သူမ၏ မိခင်မှာ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့သဖြင့် မိခင်နှင့် ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် သူမ အိမ်မရောက်ခင်မှာပင် မိခင်ဖြစ်သူမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ "အမာရွတ်" ဝတ္ထုသည် ညတွင်းချင်းပင် ရောင်းအကောင်းဆုံးစာအုပ် ဖြစ်လာခဲ့ပြီး တရုတ်လူ့အဖွဲ့အစည်း၏ စုပေါင်းခံစားခဲ့ရသော စိတ်ဒဏ်ရာများကို ဖော်ထုတ်သည့် စာပေအမျိုးအစားသစ် တခုကို ထွက်ပေါ် လာ အောင် လှုံ့ဆော်ပေးနိုင် ခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဆိုရှယ်လစ်စနစ်အောက်ရှိ လူသားဝါဒ (Humanism) နှင့် လူထု နှင့် ကင်းကွာသွားခြင်း (Alienation) တို့အပေါ် ဒဿနပိုင်းဆိုင်ရာ အခြေအတင် ဆွေးနွေးမှုများသည် အပေါ်ယံမျှသာ ဆိုသော်လည်း ထိုခေတ်ကာလ၏ နှိုင်းယှဉ်ချက်အရ ရရှိနေသော လွတ်လပ်ခွင့်ကို ဖော်ပြနေသည့် အခြားသော ပြယုဂ်တစ်ခု ဖြစ်သည်။
စိတ်ဒဏ်ရာရနေသော နိုင်ငံတစ်နိုင်ငံ၏ အမှောင်ဆုံးနေ့ရက်များကို ရင်ဆိုင်နိုင်ရန် ကူညီပေးခဲ့သည့် "အမာရွတ်စာပေ" နှင့်မတူသည်မှာ၊ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းများအတွင်းရှိ လူသားဝါဒနှင့် လူထု နှင့် ကင်းကွာ နေမှု များ နှင့် ဆိုင် သော ဆွေးနွေးချက်များသည် တရုတ်ကွန်မြူနစ် စနစ်၏ ဝါဒရေးရာ တရားဝင်မှုကို ပျက်ပြားစေခဲ့သည်။
ဤဆွေးနွေးပွဲတွင် ပါဝင်သူများမှာ စာရေးဆရာများ၊ သတင်းထောက်များနှင့် လူမှုသိပ္ပံပညာရှင်များသာ ဖြစ်ကြပြီး၊ ၎င်းတို့သည် ကားလ်မာ့က်စ် ၏ စာသားများထဲမှ လူသားဝါဒကို အလေးပေးဖော်ပြခြင်းဖြင့် မော်စီတုန်း၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုကို မာ့က်စ်ဝါဒမှ ဆိုးဆိုးရွားရွား သွေဖည်သွားမှုအဖြစ် တိုက်ခိုက်ခဲ့ကြသည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ၊ ဤအခြေအတင်ဆွေးနွေးမှုကို စတင်လိုက်သည့် ဆောင်းပါးတွင် ဆိုရှယ်လစ်စနစ်အောက်၌ပင် လူထု နှင့် ကင်းကွာနေသော ဖြစ်စဉ်များ ရှိနေကြောင်း၊ အကြောင်းမှာ ဒီမိုကရေစီမရှိခြင်း၊ စီးပွားရေးစီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု (Personality Cult) တို့ကြောင့် "အာဏာ၏ အစေခံ ဖြစ်သွားခြင်း" (Alienation of Power) ကို ဖြစ်ပေါ်စေပြီး "ပြည်သူ့အစေခံများ" က အာဏာကို အလွဲသုံးစားလုပ်ခြင်းသို့ ဦးတည်သွားစေသည်ဟု ဆွေးနွေးတင်ပြထားခြင်းပင် ဖြစ်သည်။
(မာ့က်စ်ဝါဒတွင် alienation ဟူသောအသုံးအနှုန်းသည် အလုပ်သမားတစ်ဦးသည် မိမိဖန်တီးလိုက်သော အရာ သို့မဟုတ် မိမိ၏ လူသားဆန်သော အနှစ်သာရနှင့် ကင်းကွာသွားပြီး စက်ရုပ်သဖွယ် ဖြစ်သွားခြင်းကို ဆိုလိုသည်။ သို့သော် ဤဆောင်းပါးတွင်မူ နိုင်ငံရေးအရ အုပ်ချုပ်သူလူတန်းစားသည် ပြည်သူနှင့် ကင်းကွာသွားပြီး အာဏာရှင်ဆန်လာခြင်းကို "Alienation of Power" ဟု သုံးနှုန်းထားခြင်း ဖြစ်သည်။)
၁၉၈၇ ခုနှစ် ဇန်နဝါရီလတွင် ဟူယောင်ပန်း ရာထူးမှ ပြုတ်ကျသွားပြီးနောက်၌ပင် တရုတ်စာရေးဆရာများနှင့် လူမှုသိပ္ပံပညာရှင်များအတွက် လွတ်လပ်စွာ ရပ်တည်ခွင့်မှာ ပျောက်ကွယ်မသွားခဲ့ပေ။ ၁၉၈၅ ခုနှစ် အစောပိုင်းမှသည် ၁၉၈၉ ခုနှစ် ဇွန်လ တီယန်မင် အရေးအခင်းကြီး မဖြစ်ပွားမီအထိ "ယဉ်ကျေးမှု အဖျားရောဂါ" (Culture Fever) တခုသည် တရုတ်ပြည်တစ်ဝှမ်းသို့ လွှမ်းမိုးခဲ့သည်။
ဤကာလအတွင်း တရုတ်ပညာတတ်များသည် ဖြစ်တည်မှုဝါဒ (Existentialism)၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး သီအိုရီ (Modernization Theory) နှင့် တရုတ်နှင့် အနောက်တိုင်း ယဉ်ကျေးမှုများအကြား ခြားနားချက်များကဲ့သို့သော အမျိုးမျိုးသော ခေါင်းစဉ်များကို စူးစမ်းလေ့လာခဲ့ကြသည်။ ခြုံငုံကြည့်လျှင် ယင်း "ယဉ်ကျေးမှု အဖျားရောဂါ" သည် တရုတ်နိုင်ငံ၏ စီးပွားရေး နောက်ကျကျန်နေရခြင်း အကြောင်းရင်းများကို မိမိကိုယ်ကိုယ် ပြန်လည်ဝေဖန်ဆန်းစစ်ခြင်း ဖြစ်သလို၊ အနောက်နိုင်ငံများထံမှ သင်ယူလိုသည့် ပြင်းပြသောဆန္ဒကိုလည်း ဖေါ်ကျုးနေခဲ့သည်။
သို့သော်လည်း ထိုကာလအတွင်း ပေါ်ထွက်လာသည့် ခေါင်းစဉ်တစ်ခုမှာ အာဏာရှင်စနစ်အောက်တွင် စီးပွားရေး အောင်မြင်စွာ တိုးတက်နိုင်သည်ဆိုသော "အာဏာရှင် လက်သစ် စနစ်သစ်" (Neo-authoritarianism) သီအိုရီပင် ဖြစ်သည်။ ၁၉၈၈ ခုနှစ် ဇွန်လတွင် "မြစ်ဝါမြစ်၏ ငို ကြွေး သံ" (River Elegy - Heshang) ဟု အမည်ရသော ၆ ပိုင်းတွဲ မှတ်တမ်းတင်ရုပ်ရှင် ထုတ်လွှင့်ခဲ့ချိန်တွင် ယဉ်ကျေးမှု အဖျား ရောဂါသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ထိပ်တန်း လစ်ဘရယ်စာရေးဆရာတစ်ဦး ရေးသားခဲ့သည့် ဤဇာတ်လမ်းတွဲသည် တရုတ်နိုင်ငံ ခေတ်မီအောင် ဆောင်ရွက်ရာတွင် ကျရှုံးခဲ့ရသည့် အချက်များကို ဝေဖန်ဆန်းစစ်ထားပြီး၊ တရုတ်တို့၏ ရှေးရိုးစွဲ အစဉ်အလာအတိုင်း မိမိဘောင်အတွင်းသာ ပိတ်လှောင်နေထိုင်တတ်သည့် စိတ်ဓာတ်ကို အပြစ်တင်ထားသည်။
နိုင်ငံ၏ အဓိက အစိုးရပိုင်မီဒီယာဖြစ်သော တရုတ်ဗဟိုရုပ်မြင်သံကြား (CCTV) က ယင်းမှတ်တမ်းတင်မှုကို ထုတ်လွှင့်ခဲ့ရာ ချက်ချင်းပင် အောင်မြင်မှုရရှိခဲ့သော်လည်း၊ ယင်း၏ လစ်ဘရယ်ဆန်သော လေသံနှင့် အကြောင်းအရာများကြောင့် အစိုးရအတွင်းရှိ သဘောထားတင်းမာသူများက အကြီးအကျယ် ဒေါသထွက်သွားခဲ့ကြသည်။