ဂေါ်ကီ ၏ အမေ(54)

by Hla Soewai - Mar 23 2026

ပါဗဲလ်သည် အခန်းငယ်လေး တခု ထဲတွင် ရပ် စောင့် နေသည်။ အမေကို မြင်လိုက်ရသောအခါ ပြုံးပြီး လက်ကိုဆန့်တန်းလိုက်၏။ မိခင်ဖြစ်သူက ပါဗယ် လက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်တောင်များကို တဖြတ်ဖြတ် ခတ်လိုက်ရင်း ရယ်မောလိုက်သည်။ စကားလုံးများ ဆွံ့အ‌ နေသဖြင့် "သား ဘယ်လိုနေလဲ၊ သား ဘယ်လိုနေသလဲ" ဟုသာ တိုးတိုးလေး မေးရှာလေသည်။

 

"စိတ်ကို လျှော့ပါ အမေ၊" ဟုဆိုကာ ပါဗဲလ်က မိခင်၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး "အားလုံး အဆင်ပြေပါတယ်၊ ဘာမှမဖြစ်ပါဘူး" ဟု နှစ်သိမ့် ပြောဆိုလိုက်သည်။

 

"အမကြီး ခင်ဗျာ၊ ခင်ဗျားတို့ နည်းနည်းလောက် ခွာပြီး ရပ်ပေးကြပါလား၊ တစ်ယောက်နဲ့တစ်ယောက် ကြားထဲမှာ အကွာအဝေးလေး နည်းနည်းတော့ ထားပေးပါ" ဟု ထောင် ဝါဒါက သက်ပြင်းချကာ ပြောရင်း သမ်းဝေလိုက် ပြန်သည်။

 

ပါဗဲလ်က သူ့အမေကို ကျန်းမာရေးအခြေအနေနဲ့ အိမ်အကြောင်းတွေ မေးမြန်းနေသည်။ အမေဖြစ်သူကတော့ သူ မေးတာကို ဖြေနေရင်းတခြားမေးခွန်းတွေ ထပ်မေးလာဦးမလားလို့ မျှော်လင့်တကြီးနဲ့ သားဖြစ်သူ၏ မျက်လုံးတွေထဲမှာ ရှာဖွေကြည့်နေမိပေမဲ့ အရိပ်အယောင်မျှပင် မတွေ့ခဲ့ရ။ ပါဗဲလ်က ထုံးစံအတိုင်း တည်တည်ငြိမ်ငြိမ် နှင့်ပင်။ မျက်နှာကတော့ အရင်ကထက် ပိုဖြူဖော့နေပြီး မျက်လုံးတွေကလည်း ပိုကျယ်လာသယောင် ရှိနေသည်ဟု ထင်ရသည်။

 

"ဆာရှာက သား ကို နှုတ်ဆက်တယ်လို့ ပြောလိုက်ပါတဲ့" ဟု အမေက ပြောလိုက်သည့် အခါ ပါဗယ်လ်၏ မျက်ခွံများ တုန်ခါသွားပြီး မှိတ်သွားခဲ့သည်။ မျက်နှာက ပိုပြီးနူးညံ့သွားသလို ကြည်လင်တောက်ပသည့် အပြုံးတစ်ခုနှင့် လင်းလက်သွားသည်။ ဤသည်ကို မြင်လိုက်ရသည့် အမေဖြစ်သူ၏ ရင်ထဲတွင် တော့ စူးရှ ခါးသီးသည့် ဝေဒနာတစ်ခုကို ဆစ်ခနဲ ခံစားလိုက်ရသည်။

 

"သူတို့ သားကို မကြာခင် ပြန်လွှတ်ပေးကြမှာလား" လို့ အမေက ရုတ်တရက် နာကျည်းတုန်လှုပ်သည့် လေသံနှင့် မေးလိုက်သည်။ "သူတို့က ဘာလို့ သား ကို ထောင်ထဲထည့်ထားရတာလဲ။ အဲဒီ လက်ကမ်းစာစောင်တွေနဲ့ စာအုပ်‌ လေး တွေက အခုလည်း စက်ရုံထဲမှာ ပြန်ပေါ်နေတာပဲဟာကို။"

 

ပါဗယ် မျက်လုံးများက ကျေနပ်မှု ကြောင့် အရောင် လက်သွားသည်။

 

"ဘယ်တုန်းကလဲ?၊ အများကြီးပဲလား?"

 

"ဒီအကြောင်းတွေ မပြောဖို့ တားမြစ်ထားတယ်!" ဟု ထောင်ဝါဒါ က ပျင်းရိငြီးငွေ့စွာဖြင့် ပြောလိုက်သည်။ "ခင်ဗျား တို့ မိသားစု အကြောင်းပဲ ပြောလို့ရမယ်။"

 

"ဒါကလည်း မိသားစုကိစ္စ မဟုတ်လို့လား?" ဟု မိခင်ဖြစ်သူက ခွန်းတုံ့ ပြန်လိုက်၏။

 

"ကျုပ်မသိဘူး။ ဒါကို ပြောခွင့်မရှိဘူးဆိုတာပဲ သိတယ်။ ခင်ဗျား တို့ သူ့ရဲ့ အဝတ်အစား လျှော်တာတို့၊ အတွင်းခံတွေနဲ့ စားသောက်တဲ့ကိစ္စတွေပဲ ပြောလို့ရမယ်၊ တခြားဘာမှမရဘူး!" ဟု ထောင်စောင့်က ခပ်ပြတ်ပြတ်ပင် ဆိုလိုက်သော်လည်း သူ၏လေသံကတော့ အရေးမစိုက်ပုံ ပေါက်နေသည်။

 

"ကောင်းပြီလေ" ဟု ပါဗယ်လ်က ပြောလိုက်၏။ "အိမ်တွင်းရေးကိစ္စတွေကိုပဲ ပြောရအောင် အမေ။ အမေ ဘာတွေလုပ်နေလဲ?"

 

သူမသည် ငယ်ရွယ်သူ တစ်ဦး၏ တက်ကြွဖျတ်လတ်မှုမျိုးဖြင့် ရဲဝံ့စွာ နှင့် "ချဉ် ရေဟင်းရယ်၊ ဆန်ပြုတ်ရယ်၊ မာရီယာ ချက်ထားတာတွေနဲ့ တခြားဟာ တွေ အမေ စက်ရုံထဲ သယ်သွားတယ်လေ"

 

ပါဗယ်လ်က အမေ ဘာဆိုလိုသည်ကို နားလည်သွားသည်။ သူ၏မျက်နှာ တွင် မရယ်မိအောင် အောင့်ထားရ၍ တဆတ်ဆတ် တုန်ခါနေ၏။ သူသည် ဆံပင်များကို လက်ချောင်းများဖြင့် ထိုးဖွလိုက်ပြီး အမေဖြစ်သူ တစ်ခါဖူးမျှ မကြားဖူးခဲ့သည့် နူးညံ့သိမ်မွေ့သော လေသံဖြင့် ဆိုလိုက်သည် -

 

"ကျွန်တော့် ချစ်ရတဲ့ အ မေရယ် ... သိပ်ကောင်းတာပဲ။ အမေ ပျင်းမနေရအောင် အလုပ်တစ်ခုခု ရှာတွေ့သွားတာ တကယ်ကို ကောင်းပါတယ်။ အမေ အထီးမကျန်တော့ဘူး မဟုတ်လား ဟင် ... အမေ။"

 

"လက်ကမ်းစာစောင်တွေ ထွက်လာတော့ သူတို့ အမေ့ကိုလည်း ရှာဖွေကြသေးတယ်" ဟု ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြောလိုက်သည်။

 

"ဒီအကြောင်းကိုပဲ ထပ်ပြောနေပြန်ပြီ!" ဟု ထောင်ဝါဒါက စိတ်ဆိုးမာန်ဆိုး လေသံဖြင့် ဖြတ်ပြောသည်။ "ဒါတွေမပြောဖို့ ကျုပ်ပြောထားပြီးသားပဲ၊ ဒါမျိုးခွင့်မပြုဘူး။ သူ ဘာမှမသိအောင်ဆိုပြီး လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာ၊ အခုတော့ ခင်ဗျားက သတင်းတွေ လာပေးနေတာပဲ။ ဒါတွေဟာ တားမြစ်ထားတယ်ဆိုတာ ခင်ဗျားသိသင့်တယ်!"

 

"ကဲ... ထားလိုက်ပါတော့ အမေရာ" ဟု ပါဗယ်လ်က ဝင်ပြောသည်။ "မတ်ဗေး အီဗန်နိုဗစ်ချ်ဟာ လူကောင်းတစ်ယောက်ပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ပါနဲ့။ ကျွန်တော်တို့ အဆင်ပြေကြပါတယ်။ အခုလိုမျိုး တွေ့ဆုံချိန်မှာ သူကိုယ်တိုင် ရှိနေပေးတာဟာ ကံကောင်းလို့ပါ။ အရင်ဆိုရင် လက်ထောက်ထောင်အုပ်ကပဲ လာစောင့်ကြည့်နေကျ။ ဒါကြောင့် အမေ တားမြစ်ထားတာတွေ ပြောထွက်သွားမှာကို မတ်ဗေး အီဗန်နိုဗစ်ချ်က စိုးရိမ်နေတာပါ"

 

"ကဲ..ကဲ အချိန်စေ့ပြီ" ဟု ထောင်ပိုင်က သူ၏ လက်က နာရီကို ကြည့်ရင်း ပြောလိုက်သည်။

 

 "ပြန်ကြတော့။"

 

"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်" ဟု ပါဗယ်က ဆိုသည်။ "ကျေးဇူးပဲ အမေ... စိတ်မပူနဲ့နော်။ သားကို မကြာခင် ပြန်လွှတ်ပေးမှာပါ။"

 

သူက အမေ့ကို ပွေ့ဖက်ပြီး ရင်ခွင်ထဲသို့ နွေးထွေးစွာ ထည့်ကာ နမ်းလိုက်သည်။ သားဖြစ်သူ၏ ယုယုယယ ဆက်ဆံမှုကြောင့် အမေဖြစ်သူမှာ ဝမ်းသာအားရနှင့် မျက်ရည်များ ဝဲလာခဲ့သည်။

 

"ကဲ... ခွဲကြတော့" ဟု ထောင်ဝါဒါ က ပြောပြန် သည်။ သူသည် အမေဖြစ်သူနှင့်အတူ အပြင်သို့ ထွက်လာရင်း က - "ငို မနေ ပါနဲ့ဗျာ။ သူ့ကိုလည်း ပြန်လွှတ်မှာပါ၊ အားလုံးကို ပြန်လွှတ်ပေးမှာ။ ဒီမှာ လူတွေ အရမ်းကျပ်နေပြီ။" ဟု ညည်းတွားလိုက်သည်။