အခန်း (၁၀)
နောက်အပတ်တွင် ရုပ်ရှင် ဒါရိုက်ဝာာကြီး ရောက်ရှိလာသောအခါ ၎င်းကို၎င်း ပြန်၍ ကြိုဆိုသည့်အနေဖြင့် အသားကင်များ၊ ဘီယာများ၊ ဘာဂါများ၊ ဟိန့်ဇ် (Heinz) ကက်ချက်ဆော့စ်များနှင့် လူတ ယောက် အိပ်လို့ရ သည့် မွေ့ယာ တခု နီးပါး ကြီးမားသည့် ကိတ်မုန့်ကြီး တစ်ချပ်တို့ဖြင့် ခမ်းနားထည်ဝါသော ပါတီပွဲတစ်ခုကို ကျင်းပလေတော့သည်။ ရုပ်ရှင် အတွက် လိုအပ်သည့် ပစ္စည်းများ ပံ့ပိုး ပေးရသည့် အဖွဲ့ ကလည်း အထပ်သားနှင့် စက္ကူကပ်ကော်များ အသုံးပြုကာ အိုး အတုကြီး တခုကို ဖန်တီးခဲ့ပြီး အထဲတွင် ရေခဲခြောက် များ ထည့်ထားသည်။ ထို့နောက် ဆူးဘစ်ပင်လယ်အော် တဝိုက်ရှိ ဘားတစ်ခုမှ ဆံပင်ရွှေရောင်ဆိုးထားသော ဖေါ်ချွတ် အကမယ် ကောင်မလေး နှစ်ယောက်ကို ထိုအိုးထဲသို့ ဝင်ခိုင်း လိုက်သည်။ ၎င်းတို့၏ တာဝန်မှာ ဒေသခံ တိုင်းရင်းသားများ၏ အရှင်လတ်လတ် ပြုတ်စားခြင်းကို ခံနေရသည့် လူဖြူအမျိုးသမီးများအဖြစ် သရုပ်ဆောင်ရန် ဖြစ်သည်။
ခိုင်းသမျှ လုပ်ပေးဖို့ ခေါ်ထားသည့် ဒေသခံလူငယ်တစ်စုကလည်း အောက်ပိုင်း၌ အရှက်လုံ ယုံ အဝတ်စ တခုတည်း ပတ်ကာ၊ ကြောက်စရာကောင်းသော လှံတံများကို ကိုင်ဆောင်ထားသည့် တိုင်းရင်းသားများအဖြစ် သရုပ်ဆောင်ကြသည်။ ဗီယက်နမ် နောက်ခံ ဖြတ်လျှောက် များမှာ နောက်တစ်နေ့မှ ရောက်ရှိမည်ဖြစ်သောကြောင့် သရုပ်ဆောင်နှင့် အဖွဲ့သား တစ်ရာကျော်၊ ဖိလစ်ပိုင် အလုပ်သမားနှင့် ထမင်းချက် တစ်ရာခန့်တို့ကြားတွင် ကျွန် တော်တဦးတည်းသာ ဗီယက်နမ် လူမျိုးစုကိုယ်စားလှယ်အဖြစ် လျှောက်သွားနေမိသည်။
ဒေသခံများကမူ ဖေါ်ချွတ်မယ် လေးများရှိရာ အိုးကြီးနားသို့ သွားကာ အထဲသို့ မုန်လာဥနီများ လှီးထည့်ရခြင်းကို အလွန်ပျော်စရာကောင်းသည်ဟု ထင်နေကြသည်။ ဤရုပ်ရှင်ရိုက်ကူးရေးမှသည် ဟောလိဝုဒ် ရုပ်ရှင်သမားများအကြောင်း ဒဏ္ဍာရီသဖွယ် ပုံပြင်များကို ဖန်တီးပေးတော့မည်ဖြစ်ပြီး ထိုပုံပြင်များသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာသည်အထိ မျိုးဆက်တခုပြီးတစ်ခု ပိုမိုချဲ့ကားကာ လက်ဆင့်ကမ်း ပြောဆိုသွားကြမည်ကို ကျွန် တော် မြင်ယောင်နေမိသည်။ နောက်ခံလူပိုများဖြစ်သည့် လှေစီးပြေးဒုက္ခသည်များ ကမူ မေ့လျော့ခြင်း ခံရပေလိမ့်မည်။ မည်သူကမျှ သူတို့ကို မှတ်မိကြတော့မည် မဟုတ်ပေ။
ကျွန်တော်သည် ဇာတ်ပို့သရုပ်ဆောင်တစ်ဦး မဟုတ်သလို၊ လှေစီးပြေးဒုက္ခသည် တစ်ဦးလည်း မဟုတ်ပါဘဲလျက်၊ သူတို့အပေါ်ထားရှိသည့် စာနာစိတ်ဒီရေက ကျွန်တော့်ကို သူတို့ဘက်သို့ ဆွဲခေါ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျွန်တော်ကိုယ်တိုင် ရုပ်ရှင်လောကသားတစ်ဦး ဖြစ်နေလင့်ကစား၊ ၎င်းတို့ နှင့် သူစိမ်းဆန်မှု ရေစီးကြောင်းက ကျွန်တော့်ကို ထိုရုပ်ရှင်လောကသားများထံမှ ဝေးရာသို့ တွန်းပို့နေပြန်သည်။
အတိုချုပ်ပြောရလျှင် ကျွန်တော်သည် မိမိကိုယ်ကိုယ် သူစိမ်းတစ်ယောက်လို ခံစားရသည့် ရင်းနှီးပြီးသား နေရာတစ်ခုသို့ ရောက်ရှိနေခြင်းပင်။ ထိုခံစားချက်ကို ကျွန်တော်က အမြဲလို လုပ်နေကျအတိုင်း ဂျင်နှင့်တိုနစ် တစ်ခွက်ဖြင့် လက်နက်တပ်ဆင်ကာ တုံ့ပြန်လိုက်သည်။ ၎င်းမှာ ထိုညအတွက် ကျွန်တော့်၏ ပထမဆုံးသော သောက်သုံးမှုလည်း ဖြစ်သည်။
ထိုပါတီပွဲမှာ ကြယ်ရောင်စုံလင်လှသော ကောင်းကင်အောက်နှင့် ထမင်းစားဆောင်အဖြစ် အသုံးပြုသည့် သက်ကယ်မိုးတဲကြီးအောက်တွင် ကျင်းပနေခြင်းဖြစ်သည်။ လေးခွက် သို့မဟုတ် ငါးခွက်ခန့် သောက်ပြီးချိန်တွင်တော့ ကျွန်တော်သည် အရက်ရှိန်နှင့် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတော့မည်မှာ သေချာနေသည်။
ဟာရီ နှင့် ပြက်လုံးများ ထုတ်ပြီးနောက်တွင်တော့ ရုပ်ရှင်ရိုက်ကွင်းက လူဖြူမိန်းကလေး အနည်းငယ်ကို ရုပ်ရှင်အဖွဲ့သား အမျိုးသားများက ဝိုင်းအုံနေကြသည်ကို ကျွန်တော် လိုက်ကြည့်နေမိသည်။
ထိုအတောအတွင်း မနီလာ မှ ရောက် လာသော ရွှေရောင်ဆံပင်တု စွပ်ထားသည့် တေးဂီတအဖွဲ့တစ်ခုက ဒိုင်ယာနာ ရောစ် ၏ "Do You Know Where You’re Going To" သီချင်းကို မူရင်းနှင့်မခြား တီးခတ်နေကြသည်။ ထိုအဖွဲ့သည် ဆိုင်ဂုံ ရှိ ဟိုတယ်များတွင် လာရောက်တီးခတ်ခဲ့ဖူးသည့် ဖိလစ်ပိုင် တေးဂီတအဖွဲ့များထဲက တဖွဲ့များ ဖြစ်နေမလားဟု ကျွန်တော် တွေးနေမိသည်။ ကခုန်သည့်နေရာ၏ အစွန်းတစ်ဝိုက်ရှိ စားပွဲတစ်ခုတွင် ဒါရိုက်တာကြီးက "သရုပ်ဆောင်ကြီး" နှင့် စကားပြောနေပြီး ဗိုင်းအိုလက် ကတော့ "လူငယ်ကြယ်ပွင့်" တဦး ကို မျက်စပစ် နှုတ်ဆက်နေသည်။
"သရုပ်ဆောင်ကြီး" မှာ ကပ္ပတိန် ဝီလ် ရှမ်းမတ်စ် အဖြစ် သရုပ်ဆောင်မည့် သူဖြစ်ပြီး "လူငယ်ကြယ်ပွင့်" မှာ တပ်ကြပ်ကြီး ဂျေးဘယ်လာမီ အဖြစ် သရုပ်ဆောင်ရသူ ဖြစ်သည်။ "သရုပ်ဆောင်ကြီး" က သူ၏ ရှည်လျားသော အနုပညာသက်တမ်းကို ဘရော့ဒ်ဝေး ပြဇာတ်ရုံငယ်လေးများမှ စတင်ခဲ့သော်လည်း၊ "လူငယ်ကြယ်ပွင့်" ကတော့ သွားများပင် ကျိန်းစပ်သွားရလောက်အောင် ချိုမြိန်လွန်းသည့် ပေါ့ပ်သီချင်း တစ်ပုဒ်နှင့် ရုတ်တရက် နာမည်ကျော်လာခဲ့သည့် အဆိုတော်တစ်ဦး ဖြစ်သည်။
The Hamlet ရုပ်ရှင်သည် ထိုလူငယ် အတွက် ပထမဆုံးသော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ သူသည် ဆယ်ကျော်သက် ကောင်လေးများ အတုခိုးလေ့ရှိသည့် သူ၏ လှပသော ဆံပင်ပုံစံကို စစ်သားကေညှပ်ပစ်ကာ ဤဇာတ်ရုပ်အတွက် အလေးအနက် ရှိကြောင်း သက်သေပြခဲ့သည်။ ထို့နောက် စိတ်ရိုင်းဝင်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးကဲ့သို့ ထက်သန်သော စိတ်ဆန္ဒဖြင့် ဇာတ်ရုပ်အတွက် လိုအပ်သည့် စစ်သင်တန်းများကိုလည်း တက်ရောက်ခဲ့သည်။
သူသည် ကြိမ်ကုလားထိုင်ပေါ်တွင် နောက်မှီထိုင်ရင်း၊ တီရှပ်အဖြူနှင့် ခါကီရောင်ဘောင်းဘီကို ဝတ်ဆင်ထားကာ လှေစီးဖိနပ် ကို ခြေအိတ်မပါဘဲ စီးထားသဖြင့် ဖြူစွတ်လှသော ခြေမျက်စိလေးများမှာ ပေါ်လွင်နေသည်။ အပူပိုင်းဒေသ ရာသီဥတုတွင်ပင် သူသည် ရေခဲမုန့်ကဲ့သို့ အေးမြနေဆဲပင်။ ထို့ကြောင့်ပင် သူသည် "အိုင်ဒေါ" တစ်ဦးဖြစ်လာခဲ့ခြင်းလည်း ဖြစ်ပြီး ကျော်ကြားမှုသည် သူ၏ သဘာဝအလျှောက် ရှိနေသော အရှိန်အဝါပင် ဖြစ်သည်။
သတင်းကြီးနေသည်မှာ သူနှင့် အဓိက သရုပ်ဆောင်ကြီး တို့ တစ်ဦးနှင့်တစ်ဦး အဆင်မပြေကြဟု ဆိုသည်။ အဓိက ဇာတ်ဆောင်ကြီးသည် သရုပ်ဆောင်ပညာကို အစွန်းရောက်အောင် လိုက်စားသူဖြစ်ပြီး ရုပ်ရှင်ရိုက်နေစဉ်တစ်လျှောက်လုံး ဇာတ်ကောင်စရိုက်ထဲ နစ်မြုပ်ထားပြီး စစ်ဝတ်စုံကိုပါ အမြဲဝတ်ထားတတ်သူဖြစ်သည်။
သူဝတ်ထားသည့် ပြောက်ကျား စစ်ဝတ်စုံနှင့် စစ်ဖိနပ်များမှာ လွန်ခဲ့သော သုံးရက်က ရောက်လာ ကတည်းက ဝတ်ဆင်ထားသည့် ဝတ်စုံပင်ဖြစ်သည်။ သူသည် လေအေးပေးစက်ပါသည့် ထရေလာ အစား စစ်မြေပြင်သုံး ရွက်ဖျင်တဲ ကိုသာ တောင်းဆိုခဲ့သည့် သမိုင်းတွင် ပထမဆုံးသော သရုပ်ဆောင်လည်း ဖြစ်ပေလိမ့်မည်။
ရှေ့တန်းက စစ်သားများမှာ ရေမချိုး၊ မုတ်ဆိတ်မရိတ်ကြသဖြင့် သူလည်း ထိုနည်းအတိုင်းပင် နေခဲ့ရာ ရလဒ်အနေဖြင့် သူ၏ ကိုယ်နံ့မှာ လတ်ဆတ်မှုမရှိတော့သည့် ရီကော့တာ ဒိန်ခဲနံ့ကဲ့သို့ ထွက်နေတော့သည်။
သူ၏ ခါးပတ်တွင် .၄၅ ပစ္စတိုကို အိမ်နှင့်တကွ ချိတ်ထားသည်။ ရိုက်ကွင်းပေါ်ရှိ အခြားသော သေနတ်များမှာ ကျည်မပါ သို့မဟုတ် ယမ်းထောင့် Blanks များသာ ဖြစ်သော်လည်း သူ၏ သေနတ်တွင်မူ ကျည်အစစ် များ ပါနေသည်ဟု ကောလာဟလ ထွက်နေသည်။ ထိုကောလာဟလမှာလည်း ၎င်းကိုယ်တိုင်ကပင် စတင် ဖြန့်ဝေခဲ့ခြင်းဖြစ်မည် မှာ သေချာသည်။ သူနှင့် ဒါရိုက်တာတို့သည် နာမည် ကျော် အီတလီ ရုပ်ရှင် ဒါရိုက်တာကြီး ဖယ်လီနီ အကြောင်း ဆွေးနွေးနေကြပြီး၊ ဗွိုင်အိုလက် နှင့် အိုင်ဒေါတို့မှာမူ ဆန်းဆက် စထရစ် ရှိ နိုက်ကလပ်တစ်ခုအကြောင်းကို အောက်မေ့တသ ပြောဆိုနေကြသည်။ ကျွန်တော့်ကိုမူ မည်သူကမျှ အာရုံမစိုက်ကြသဖြင့် ဗီယက်နမ် သရုပ်ဆောင်များ ထိုင်နေသည့် ဘေးစားပွဲဆီသို့ ခိုးကြောင်ခိုးဝှက် တိုးကပ်သွားလိုက်မိ သည်။
ပိုပြီး တိတိကျကျ ပြောရရင်တော့ ဗီယက်နမ်လူမျိုးတွေအဖြစ် သရုပ်ဆောင်ရမည့် လူများထံ ဖြစ်သည်။ ကျွန်တော်က ရုပ်ရှင်ဒါရိုက်တာ ဆီ ပေးပို့ခဲ့သည့် မှတ်ချက်များသည် ကျွန်တော်တို့လူမျိုးများကို ရုပ်ရှင်ထဲ ဘယ်လိုပုံဖော်မလဲဆိုသည့် အပေါ် တကယ်ပဲ အပြောင်းအလဲအချို့ ဖြစ်ပေါ်စေခဲ့သည်။ နာကျင်လို့ အော်ဟစ်သံတွေကို 'အာယီးယားးး' (AIEYAAHHH!!!) ဆိုပြီး ရေးသားပုံပြောင်းလဲလိုက်ရုံတင် မက ပိုပြီး အဓိကကျသည့် အပြောင်းအလဲ သည်ကစကားပြောခန်း အမှန်အကန်ပါဝင်သည့် ဗီယက်နမ်ဇာတ်ကောင် သုံးဦးကို ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။
သူတို့သည် မိဘနှစ်ပါးစလုံး 'ကင်းကောင်' ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် မောင်နှမသုံးယောက် ဖြစ်သည်။ ကင်းကောင်အပေါ် အမုန်းတရားများ ပြည့်နှက်နေသည့် အစ်ကိုကြီးဖြစ်သူ 'ဘင်း' ကိုတော့ အမေရိကန် အထူးတပ်ဖွဲ့ဝင် များက 'ဘင်နီ' ဟု ချစ်စနိုးခေါ်ကြသည်။ ဘင်းသည် သူ့ကို ကယ်တင်ခဲ့သည့် အမေရိကန်များကို ချစ်မြတ်နိုးပြီး ၎င်းတို့ အတွက် စကားပြန် လုပ် ပေးလာခဲ့သည်။
နောက်ဆုံးမှာတော့ သူသည် လူမည်း အထူးတပ်ဖွဲ့ဝင်တစ်ယောက်နှင့် အတူ ကင်းကောင်၏ လက်ချက်နှင့် သေဆုံးသွားရရှာသည်။ နှမဖြစ်သူ 'မိုင်' ကတော့ ရုပ်ချောပြီး စိတ်ကူးယဉ်ဆန်သည့် တပ်ကြပ်ကြီး 'ဂျေး ဘယ်လာမီ' နှင့် ချစ်ကြိုက်သွားခဲ့သည်။ သူမသည်လည်း ကင်းကောင်၏ ပြန်ပေးဆွဲပြီး မုဒိမ်းကျင့်ခြင်းကို ခံလိုက်ရသည်။
ဤသည်ကပင် အမေရိကန် အထူးတပ်ဖွဲ့ဝင်များအတွက် ကင်းကောင်၏ အငွေ့အသက်မှန်သမျှကို မြေလှန်ချေမှုန်းပစ်ဖို့ ခိုင်လုံသည့် အကြောင်းပြချက် ဖြစ်လာခဲ့ရသည်။ အငယ်ဆုံး ညီလေး ဖြစ်သူအား နောက်ဆုံးဇာတ်ဝင်ခန်းတွင် 'ယန်ကီး' ဦးထုပ်ကို ဆောင်းပေးပြီး လေယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ကြသည်။
သူ့ရဲ့ နောက်ဆုံးပန်းတိုင်သည်က စိန့်လူးဝစ် မြို့ရှိ ဂျေးဘယ်လာမီ၏ မိသားစုထံ ဖြစ်သည်။ ၎င်းတို့က သူ့အား 'ဂိုးလ်ဒင်း ရီထရီးဗား' ခွေးလေးတစ်ကောင် ပေးပြီး 'ဒန်နီဘွိုင်း' ဟု နာမည်ပြောင် ပေးကြ ပေ လိမ့်မည်။
ဒါက ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းပါတယ်... ဟုတ်တယ်မလား?