ချေ ၏ ပြောက်ကျားစစ် လက်စွဲ(34)

by Hla Soewai - Apr 19 2026

ဖောက်ခွဲဖျက်ဆီးရေး 

************

 

ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းစဉ်သည် ပြောက်ကျားစစ် ဆင်နွှဲနေသော ပြည်သူများအတွက် အလွန် တန်ဖိုးရှိသည့် လက်နက်တစ်ခု ဖြစ်သည်။ ဤလုပ်ငန်းစဉ်ကို အရပ်ဘက် သို့မဟုတ် လျှို့ဝှက်မြေအောက် အဖွဲ့အစည်းများက တာဝန်ယူရသည်။ အကြောင်းမှာ ဖောက်ခွဲဖျက်ဆီးရေးကို တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများ၏ အပြင်ဘက်တွင်သာ လုပ်ဆောင်ရသောကြောင့် ဖြစ်သည်။ သို့သော်လည်း အဆိုပါအဖွဲ့အစည်းကို ပြောက်ကျားတပ်ဖွဲ့၏ စစ်ဦးစီးချုပ်ရုံးက တိုက်ရိုက်ကွပ်ကဲ လမ်းညွှန်ရမည် ဖြစ်သည်။ မည်သည့်စက်မှုလုပ်ငန်း၊ မည်သည့်ဆက်သွယ်ရေးကွန်ရက် သို့မဟုတ် မည်သည့်ပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးရမည် ဆိုသည်ကို စစ်ဦးစီးချုပ်ရုံးကသာ ဆုံးဖြတ်ရန် တာဝန်ရှိသည်။

 

ဖောက်ခွဲဖျက်ဆီးရေး ဆိုသည်မှာ အကြမ်းဖက်ဝါဒ နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အကြမ်းဖက်ခြင်းနှင့် တစ်ဦးတစ်ယောက်ချင်းအပေါ် လုပ်ကြံတိုက်ခိုက်ခြင်းတို့သည် ဗျူဟာချင်း လုံးဝကွာခြားပါသည်။ ကျွန်ုပ်တို့အနေဖြင့် အကြမ်းဖက်ဝါဒသည် အပြုသဘောမဆောင်ဟု အခိုင်အမာ ယုံကြည်သည်။

 

 အကြောင်းမှာ ၎င်းသည် မည်သည့်အခါမျှ လိုလားချက်များကို ဖြစ်မလာစေနိုင်သည့်အပြင်၊ လူထုကို တော်လှန်ရေးလှုပ်ရှားမှုအပေါ် ဆန့်ကျင်ဘက်ဖြစ်သွားစေနိုင်ပြီး တော်လှန်ရေးအင်အားစုများဘက်မှ ရရှိမည့် အကျိုးအမြတ်ထက် အသက်ဆုံးရှုံးမှုက ပို၍များပြားနေတတ်သောကြောင့် ဖြစ်သည်။

 

အခြားတစ်ဖက်တွင်မူ တစ်ဦးတစ်ယောက်ချင်းအပေါ် လုပ်ကြံခြင်းကို လက်ခံနိုင်သည့် အခြေအနေမျိုး ရှိသော်လည်း ၎င်းမှာ အဓိကကျသော ရန်သူခေါင်းဆောင်ကို ဖယ်ရှားရန်အတွက်သာ ဖြစ်ပြီး အလွန်ထူးခြားသည့် အခြေအနေမျိုးတွင်သာ ဖြစ်သင့်သည်။ သို့သော်လည်း အထူးလေ့ကျင့်ထားသော၊ သူရဲကောင်းပီသသော၊ ကိုယ့်ကိုယ်ကိုယ် စတေးဝံ့သော တော်လှန်ရေးသမားများကို အဆင့်နိမ့် လူသတ်သမားတစ်ဦးအား ဖယ်ရှားရန်အတွက် မည်သည့်အခါမျှ အသုံးမချသင့်ပေ။ 

 

အကြောင်းမှာ ထိုကဲ့သို့ အဆင့်နိမ့်သူ တဦးကို သတ်ဖြတ်လိုက်ခြင်းကြောင့် ရန်သူ၏ လက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး အဆိုပါစစ်ဆင်ရေးတွင် ပါဝင်သူများသာမက အခြားသော တော်လှန်ရေးသမားများပါ ဝိုင်းရံချေမှုန်းခံရနိုင်သည့် ဘေးအန္တရာယ် ရှိသောကြောင့် ဖြစ်သည်။

 

ဖေါက်ခွဲ ဖျက်စီးရေး လုပ်ငန်း ကို အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်သည် - သတ်မှတ်ထားသော ပစ်မှတ်များအပေါ် တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သည့် လုပ်ငန်းနှင့် ရှေ့တန်းစစ်မျက်နှာများတွင် ဒေသအလိုက် လုပ်ဆောင်သည့် လုပ်ငန်းတို့ ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သော လုပ်ငန်းများ၏ အဓိက ရည်မှန်းချက်မှာ ဆက်သွယ်ရေးစနစ်များကို ဖျက်ဆီးပစ်ရန် ဖြစ်သင့်သည်။

 

ဆက်သွယ်ရေး အမျိုးအစား တစ်ခုချင်းစီကို နည်းလမ်းအမျိုးမျိုးဖြင့် ဖျက်ဆီးနိုင်ပြီး ထိုစနစ်အားလုံးသည် အားနည်းချက်ကိုယ်စီ ရှိ နေ ပြန်သည်။ ဥပမာအားဖြင့် - ကြေးနန်းတိုင်များနှင့် ဖုန်းတိုင်များကို လွှဖြင့် အတော်အတန် ပြတ်လုနီးပါးအထိ ဖြတ်ထားခြင်းဖြင့် အလွယ်တကူ ဖျက်ဆီးနိုင်သည်။ ညဘက်တွင် ကြည့်လျှင် ပုံမှန်အတိုင်း ရှိနေသယောင် ထင်ရသော်လည်း ရုတ်တရက် ခြေဖြင့် ကန်လိုက်ရုံမျှဖြင့် တိုင်တစ်တိုင် လဲကျသွားကာ ၎င်းနှင့်အတူ အခြား အားနည်းနေသော တိုင်များကိုပါ ဆွဲချသွားမည်ဖြစ်ရာ ကြီးမားသော ဆက်သွယ်ရေး လိုင်းပြတ်တောက်မှုများကို ဖြစ်ပေါ်စေသည်။ တံတားများကိုမူ ယမ်းဘီလူး ဖြင့် တိုက်ခိုက်နိုင်သည်။ အကယ်၍ ယမ်းဘီလူး မရှိပါက သံမဏိတံတားများကို အောက်စီ-အက်စီတလင်း ဂဟေဆော်သည့် မီးတံ အသုံးပြု၍ အလွန် လွယ်ကူစွာပင် ဖျက်ဆီးပစ်နိုင်လေသည်။

 

သံမဏိ ထောက်တိုင်တံတား တစင်းကို ဖျက်ဆီးမည်ဆိုပါက ၎င်း၏ မိန်း ရက်မ နှင့် တံတားကို ဆွဲထိန်းထားသည့် အပေါ်ဘက်ရက်မ တို့ကို ဖြတ်တောက်ရမည်။ ထိုရက်မနှစ်ခု၏ အစွန်းတစ်ဖက်ကို ဂဟေဆော်သည့် မီးတောက်ဖြင့် ဖြတ်ပြီးပါက အခြားတစ်ဖက်ကို ဆက်လက်ဖြတ်တောက်ရမည်။ ထိုအခါ တံတားသည် တစ်ဖက်သို့ လုံးဝ တိမ်းစောင်းပြိုကျသွားပြီး တွန့်လိမ်ပျက်စီးသွားလိမ့်မည်။ ဤနည်းလမ်းသည် ယမ်းဘီလူး မသုံးဘဲ သံမဏိတံတားတစ်စင်းကို ဖြိုချနိုင်မည့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။

 

အလားတူပင် မီးရထားလမ်းများ၊ ကားလမ်းများနှင့် ပြွန်တံတားများကိုလည်း ဖျက်ဆီးနိုင်သည်။ အကယ်၍ ပြောက်ကျားတပ်ဖွဲ့သည် အင်အားတောင့်တင်းမှု ရှိပါက မီးရထားများကိုပင် မိုင်းခွဲတိုက်ခိုက်နိုင်သည်။ တစ်ခါတစ်ရံတွင် သင့်တော်သော ကိရိယာတန်ဆာပလာများကို အသုံးပြု၍ ဒေသအသီးသီး၏ အရေးပါသော စက်မှုလုပ်ငန်းများကိုလည်း ဖျက်ဆီးနိုင်သည်။

 

သို့သော် ဤကဲ့သို့သော ကိစ္စရပ်များတွင် ပြဿနာတစ်ရပ်လုံးကို ခြုံငုံသုံးသပ်ရန် လိုအပ်သည်။ လုပ်ငန်းခွင်တစ်ခုကို ဖျက်ဆီးခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်မှုနှင့် ငတ်မွတ်ခေါင်းပါးမှု စသည့် ကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်သည့်အတွက်၊ အဆုံးအဖြတ်ပေးနိုင်မည့် အခြေအနေမျိုး မဟုတ်ပါက ထိုလုပ်ငန်းများကို မဖျက်ဆီးသင့်ပေ။ အာဏာရှင်စနစ်၏ အလိုတော်ရိ သူဌေးကြီးများ ပိုင်ဆိုင်သော လုပ်ငန်းများကိုမူ ဖယ်ရှားပစ်ရမည် (ထိုသို့ပြုလုပ်ရန် လိုအပ်ကြောင်းကိုလည်း အလုပ်သမားများ နားလည်သဘောပေါက်အောင် စည်းရုံးရမည်)။ သို့သော် ဤလုပ်ရပ်သည် အလွန်ပြင်းထန်သော လူမှုရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေမည့် အခြေအနေမျိုး ဖြစ်နေလျှင်မူ ရှောင်ကြဉ်ရမည် ဖြစ်သည်။

 

ဆက်သွယ်ရေးစနစ်များကို အဘယ့်ကြောင့်နှောင့်ယှက်ဖျက်ဆီးရန် လိုအပ်သည် ဆိုသောအဓိကအချက်ကို ကျွန်ုပ် အလေးပေးဖော်ပြလိုပါသည်။ တောင်ကုန်းတောင်တန်း နည်းပါးသော ဒေသများ တွင် တိုက်ပွဲ ဝင်နေကြ‌ သော ပြောက်ကျားများကို နှိမ်နှင်းရာတွင် ရန်သူ စစ်တပ်၏ အကြီးမားဆုံးသော အားသာချက်မှာ လျင်မြန်သော ဆက်သွယ်ရေးစနစ်ပင် ဖြစ်သည်။ ထို့ကြောင့် ရထားလမ်း တံတားများ၊ ရေပြွန်များ၊ လျှပ်စစ်မီးများ၊ တယ်လီဖုန်းလိုင်းများသာမက ရေပေးဝေရေးစနစ်များနှင့် ယေဘုယျအားဖြင့် ခေတ်မီပုံမှန် လူနေမှုဘဝအတွက် လိုအပ်သော အရာအားလုံးကို ဖျက်ဆီးပစ်ခြင်းဖြင့် ထိုအားသာချက်ကို အမြဲမပြတ် ထိုးနှက်တိုက်ခိုက်ရ ပေမည်။

 

တိုက်ပွဲဖြစ်ပွားရာ နယ်မြေတစ်ဝိုက်တွင်လည်းထိုသို့သော နှောင့်ယှက်ဖျက်ဆီးမှုများကို ပိုမိုရဲဝံ့ ပြတ်သားစွာနှင့် အကြိမ်အရေအတွက်များများ လုပ်ဆောင်ရန် လိုအပ်သည်။ ဤနေရာတွင် ပြောက်ကျားတပ်တော်၏ လျင်မြန်စွာ လှုပ်ရှားနိုင်သော ကင်းလှည့်တပ်ဖွဲ့များ Flying Patrols ၏ တန်ဖိုးမဖြတ်နိုင်သော အကူအညီကို ရယူနိုင်သည်။ ၎င်းတပ်ဖွဲ့များသည် သတ်မှတ်နယ်မြေများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး အရပ်ဘက် အဖွဲ့အစည်းဝင် များ၏ တာဝန်များကို ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

 

အလေးအနက် ထပ်ပြောလိုသည်က ဖေါက်ခွဲ ရေး လုပ်ငန်း များကို အဓိကအားဖြင့် ဆက်သွယ်ရေးကွန်ရက်များပေါ်တွင် ဦးတည်လုပ်ဆောင်ရမည်ဖြစ်ပြီး စွဲစွဲ မြဲမြဲ ပြတ်ပြတ်သားသား ဆောင်ရွက်ရမည်ဖြစ်သည်။ 

 

ရန်သူဖက်က လူထုအင်အားစုများကို ထိုးစစ်ဆင်ရာတွင် လိုအပ်သောအထောက်အပံ့များ ပေးနိုင်သည့် စက်ရုံအလုပ်ရုံအားလုံးနှင့် ထုတ်လုပ်မှုဗဟိုဌာနအားလုံးကိုလည်း ဖျက်သိမ်းပစ်ရမည်။

 

ကုန်ပစ္စည်းများကို သိမ်းပိုက်ခြင်းနှင့် ရန်သူ့ထံ ရိက္ခာအထောက်အပံ့များ မရောက်ရှိစေရန် တတ်နိုင်သမျှ ဖြတ်တောက်ခြင်းတို့ကို အလေးထားဆောင်ရွက်သင့်သည်။ လိုအပ်ပါက ၎င်းတို့၏ စိုက်ပျိုးရေးထွက်ကုန်များကို ရောင်းချလိုသော မြေပိုင်ရှင်ကြီးများကို ခြိမ်းခြောက်ခြင်း၊ လမ်းမများပေါ်တွင် သွားလာနေသော ယာဉ်များကို မီးရှို့ခြင်းနှင့် ၎င်းတို့ကို လမ်းပိတ်အတားအဆီးများအဖြစ် အသုံးပြုခြင်းတို့ကို လုပ်ဆောင်ရမည်။

 

ဖျက်ဆီးရေးလုပ်ငန်းတိုင်းတွင် ရန်သူ့တပ်နှင့် မနီးမဝေးနေရာများ၌ မကြာခဏ ထိတွေ့မှုပြုလုပ်ပြီး "ပစ်ပြီးပြေး" (Hit and Run) ဗျူဟာကို အစဉ်တစိုက် ကျင့်သုံးခြင်းသည် အကျိုးကျေးဇူးများစွာ ရှိသည်။ ရန်သူကို အပြင်းအထန် ခုခံတိုက်ခိုက်နေရန် မလိုဘဲ၊ဖျက်ဆီးမှု လုပ်ဆောင်သည့် နယ်မြေအတွင်း တိုက်ပွဲဝင်ရန် အသင့်ရှိနေသည့် ပြောက်ကျားတပ်ဖွဲ့များ ရှိကြောင်း ရန်သူ့ဘက်မှ သိရှိသွားစေရန်သာ ဖြစ်သည်။

 

ဤသို့လုပ်ဆောင်ခြင်းဖြင့် ရန်သူသည် တပ်အင်အားအမြောက်အမြား အသုံးပြုရန် ဖိအားပေးခံရမည်ဖြစ်ပြီး၊ အသွားအလာတွင် အထူးသတိထားနေရခြင်း သို့မဟုတ် လုံးဝမလှုပ်ရှားနိုင်ခြင်းတို့ ဖြစ်လာပေမည်။ ဤနည်းလမ်းဖြင့် ပြောက်ကျားစစ်ဆင်ရေး နယ်မြေပတ်ဝန်းကျင်ရှိ မြို့ပြအားလုံးကို တဖြည်းဖြည်းချင်း လှုပ်ရှားမရအောင် တုံ့ဆိုင်းရပ်တန့်သွားစေမည် ဖြစ်သည်။

 

*********