#မဟာဗန္ဓုလပြန်လာပြီ
ကမ်းဘဲလ် သည် မိုးကုန်၍ စစ်ဆင်ရေး ပြန်လည်စတင်နိုင်မည့် အချိန်ကို စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။ ထိုအတောအတွင်း ကုလား စစ်ဗာရီ တပ်ရင်း သုံးရင်း ထပ်မံရောက်ရှိလာ၍ ဆုံး ရှုံးသွားသော အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း မြန်မာတပ်မတော် အဓိကစစ်ကြောင်းကြီးမှာ ဧရာဝတီမြစ်ညာ ၆၀ မိုင်ခန့်အကွာရှိ ဓနုဖြူမြို့သို့ ဆုတ်ခွာသွားခဲ့သဖြင့်၊ ကမ်းဘဲလ်သည် ရန်ကုန်မြို့၏ အရှေ့ဘက် မိုင် ၁၀၀ ခန့်အကွာ တနင်္သာရီကမ်းရိုးတန်းပေါ်ရှိ မုတ္တမမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းဒေသ တစ်ခုလုံးကို ဗြိတိသျှတို့က အပြီးသတ် စိုးမိုးနိုင်ရန် ရည်ရွယ်လာခဲ့သည်။
ဒုတိယဗိုလ်မှူးကြီး ဂေါ့ဒ်ဝင် ကွပ်ကဲသော အမှတ် ၄၁ တပ်ရင်းနှင့် တတိယမြောက် မဒရပ်ခြေလျင်တပ်မှ စစ်သည် ၄၅၀ ခန့်အပြင်၊ ဗိုလ် ချားလ်စ်ကီးလ် တာဝန်ယူသော ရေတပ်ဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်နေ့တွင် စတင်ရွက်လွှင့်ခဲ့ကြသည်။ သို့သော်လည်း လေငြိမ်နေခြင်းနှင့် လေကြောင်းမသင့်ခြင်းတို့ကြောင့် ခရီးမတွင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် မုတ္တမမြို့ကို အငိုက်ဖမ်း တိုက်ခိုက်နိုင်မည့်အစား ကြိုတင်ပြင်ဆင်ထားသော မြန်မာ့တပ်မတော်၏ ခုခံမှုနှင့် ရင်ဆိုင်ခဲ့ရလေသည်။
မုတ္တမမြို့သည် ပင်လယ်ကမ်းရိုးတန်းမှ ကွေ့ကောက်သော ချောင်းရိုးအတိုင်း အထက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသည်။ ထိုလမ်းကြောင်းတစ်လျှောက်တွင် မြန်မာတို့အနေဖြင့် အင်္ဂလိပ်ရေတပ်စုကို တိုက်ခိုက်ရန် အခွင့်အရေးများစွာ ရှိခဲ့သော်လည်း နောက်ဆုံးတွင် ရေတပ်စုသည် မြို့နှင့် တစ်တန်းတည်းရှိသော နေရာ၌ ဘေးကင်းစွာ ကျောက်ချနိုင်ခဲ့သည်။
" (ဧပြီလ) ၃၀ ရက်နေ့ မနက် ၅ နာရီမှာ ပထမတပ်ခွဲတွင် ပါဝင်သည့် စစ်သည်များသည် လှေများ ပေါ် ရောက်နေကြပြီ ဖြစ်သည်။ ထိုအဖွဲ့တွင် ဗြိတိသျှ တော်ဝင်ခြေလျင်တပ်ရင်း ၄၁ မှ ၉၈ ဦး၊ တတိယဌာနေခြေလျင်တပ်ရင်းမှ ၇၅ ဦး၊ ဘင်္ဂလားအမြောက်တပ်မှ ၈ ဦးနဲ့ တော်ဝင်ရေတပ်က သင်္ဘောသား ၃၈ ဦး ပါဝင်သည်" ဟု တပ်မှူး ဂေါ့ဒ်ဝင် က အစီရင်ခံခဲ့သည်။
မနက် ၅ နာရီကျော်တွင် ချီတက်ရန် အချက်ပေးသံ ထွက်ပေါ်လာပြီးနောက် လှေများ စတင်ထွက်ခွာခဲ့ကြရာ မကြာမီမှာပင် လက်နက်မျိုးစုံဖြင့် အပြင်းအထန် ခုခံပစ်ခတ်ခြင်းကို ခံခဲ့ရသည်။
"ကမ်းခြေကို ချဉ်းကပ်သွားတဲ့အခါ ကျွန်တော် ဆင်းသက်ချင်တဲ့ နေရာ မဟုတ်ဘဲ တလွဲ ဖြစ်နေသည် ကို သတိပြုမိလိုက်တယ်။ ကျွန်တော်တို့ဟာ ချောင်း ရဲ့ မှားယွင်းတဲ့ ဘက်ခြမ်းကို ရောက်သွားခဲ့တာပါ။ ရွှံ့နွံတွေထဲမှာ လှေကားတွေကို သယ်ဆောင်သွားဖို့ မဖြစ်နိုင်တာကြောင့် လှေတွေကို ပြန်ဆုတ်ခိုင်းပြီး ကျွန်တော် သတ်မှတ်ပေးထားတဲ့ နေရာကိုပဲ ဦးတည်မောင်းနှင်ဖို့ အမိန့်ပေးခဲ့ရပါတယ်" ဟု ၎င်းက ဆက်လက်တင်ပြထားပါသည်။
ထိုအချိန်တွင် အမြောက်များနှင့် သေနတ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်လာကြသည်။ အာရက်ကနီ သင်္ဘောမှ ဒုဗိုလ် ကီးလ် သည်... ကမ်းပေါ်သို့ အတင်းတိုးဝင်ပြီး ထိုချောင်းငယ်ကို ဖြတ်ကျော်နိုင်ခြင်း ရှိ၊ မရှိ သတ္တိရှိရှိ သွားရောက်ကြည့်ရှုခဲ့သည်။ သူသည် ချက်ချင်းဆိုသလို ပြန်လာပြီး ချောင်းငယ်ထဲတွင် လှေတစ်စင်းရှိကြောင်း၊ ထိုလှေပေါ်မှတစ်ဆင့် စစ်သည်များ ဖြတ်ကျော်သွားနိုင်ကြောင်းနှင့် အမြောက်တပ်စခန်း ရှိရာ ကျောက်ဆောင်နံဘေးသည်လည်း တက်ရောက်ရန် ဖြစ်နိုင်ခြေရှိကြောင်း ကျွန်ုပ်ကို အစီရင်ခံခဲ့သည်။
ကျွန်ုပ်နှင့်အတူ ပါလာသော စစ်သည်များ၏ ရဲစွမ်းသတ္တိကို ယုံကြည်စိတ်သွင်းကာ ၎င်းနေရာကို တိုက်ခိုက်သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်။ ကျွန်ုပ်တို့သည် ရန်သူဖက်က ပြင်းထန်သော ပစ်ခတ်မှုများကြားမှပင် မရမက စီးနင်းတိုက်ခိုက်ခဲ့ကြသည်။ မြန်မာ စစ်သည်များသည် ကျွန်ုပ်တို့နှင့် သူတို့ကြား ခြေလှမ်းအနည်းငယ်အကွာအထိ ရောက်လာသည့်တိုင်အောင် ခံတပ်ကို စွန့်ခွာခြင်းမရှိကြပေ။
ကျွန်ုပ်တို့မှာ ခံတပ်၏ အနီးကပ်ဆုံးအောက်ခြေသို့ ရောက်ရှိနေ၍ သူတို့၏ သေနတ်ကျည်ဆံများ မထိမှန်နိုင်တော့သည့်အခါတွင်မူ ကျွန်ုပ်တို့အပေါ်သို့ ခဲများဖြင့်ပင် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြသေးသည်။
ယခုအခါတွင်မူ ဤနေရာကို စိတ်ချလက်ချ သိမ်းပိုက်နိုင်ပြီဟု ကျွန်ုပ် ခံစားလိုက်ရသည်။ စစ်သည်များ အမောဖြေ နိုင်ရန်နှင့် လူစုလူဝေးပြန်ဖြစ်စေရန် ခေတ္တစောင့်ဆိုင်းပြီးနောက်၊ ခံစစ် ပြင်ထားသည့် အဆောက်အအုံများ တလျှောက် ချီတက်သွားကြပြီး ရှေ့တွင်ရှိသမျှ အတားအဆီးအားလုံးကို ရှင်းလင်းပစ်ခဲ့ကြသည်။ မြို့ထဲသို့ ချီတက်ဝင်ရောက်လာသောအခါ ထုံးစံအတိုင်းပင် အမျိုးသမီး အများအပြားမှလွဲ၍ ကျန်သူများမှာ မြို့ကို စွန့်ခွာသွားကြပြီ ဖြစ်သည်။ အိမ်များအတွင်း၌လည်း မည်သည့်ပစ္စည်းမှ မရှိဘဲ ဗလာဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ မည်သည့်ပိုင်ဆိုင်မှု ပစ္စည်းကိုမျှ မရရှိစေရန် အရာရာကို ကြိုတင်ပြင်ဆင်ထားကြောင်း ထင်ရှားနေပါသည်။
သိမ်းဆည်းရမိသော အမြောက်များနှင့် ခဲယမ်းမီးကျောက် ပစ္စည်းစာရင်းကိုလည်း ပူးတွဲတင်ပြလိုက်ပါသည်။ ထိုခဲယမ်းမီးကျောက် ပမာဏမှာ အလွန်တရာ များပြားလှပြီး တောင်ကုန်းပေါ်သို့ နာရီဝက်ခန့် တက်ရောက်ခဲ့ရသည့် ခံတပ် အတွင်း၌ သိမ်းဆည်းထားကြခြင်း ဖြစ်သည်။
ဂေါ့ဒ်ဝင် ဘက်တွင် ကျဆုံးသူ ခုနစ်ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးသာ ရှိခဲ့ပြီး၊ ရေတပ်သား နှစ်ဦး ကျဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။ သိမ်းဆည်းရမိသော လက်နက်ခဲယမ်း မီးကျောက်များထဲတွင် အမြောက် ၁၆ လက်၊ စိန်ပြောင်း ၁၀၀၊ ကိုးလုံးကျည်သေနတ် Muskets ၅၀၀၊ အမြောက်ကျည်လုံး ၇,၀၀၀၊ စပျစ်သီးစုံကျည် Grapeshot ၁,၅၀၀၊ သေနတ်ကျည်ဆန် ၁၀၀,၀၀၀၊ ခဲမဖြူ ၉,၀၀၀ ပေါင်၊ မီးခတ်ကျောက် ၂၀,၀၀၀၊ သေနတ်ယမ်းတောင့် ၁၀,၀၀၀ နှင့် ယမ်းမှုန့် ၂၆,၅၀၀ ပေါင်တို့ ပါဝင်သည်။
ပို၍ တန်ဖိုးရှိသွားသည်က ဆန်စပါး သိုလှောင်ရုံ အမြောက်အမြားကိုလည်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဂေါ့ဒ်ဝင်သည် ရန်ကုန်မြို့ တောင်ဘက်ခြမ်းရှိ မြန်မာ့ပင်လယ်ကမ်းရိုးတန်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ မုတ္တမမြို့၏ မည်သို့မျှ မဖောက်ထွင်းနိုင်ဟု ထင်ရသော ခံတပ်ကြီးကို သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် အောင်ပွဲအားလုံးကို အမှန်တကယ် တိုက်ခိုက်သည့် အင်အား ၂၂၀ ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ ကမ်းဘဲလ် အတွက် အလွန်လိုအပ်နေသည့် သတင်းကောင်းပင် ဖြစ်သည်၊ အကြောင်းမှာ အောက်တိုဘာလအတွင်း ဖျားနာမှုများမှာ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း အမြင့်ဆုံးသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။ ရောဂါအမျိုးမျိုးကြောင့် စုစုပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ပြီး တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးကောင်းမွန်သည့် ဗြိတိသျှတပ်ဖွဲ့ဝင် ၁,၃၀၀ ခန့်သာ ရှိတော့သည်။
ကံကောင်းသည်မှာ ရန်ကုန်နှင့် ဓနုဖြူကြားရှိ နယ်မြေတစ်ခုလုံးမှာ အိုင်ကြီးတအိုင် အလား ရေလွှမ်းနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ရန်သူ့တပ်၏ အားနည်းချက်ကို မြန်မာတို့ သိရှိနေသည့်တိုင်အောင် (သိရှိမည်မှာလည်း သေချာသည်) အခွင့်ကောင်းယူ တိုက်ခိုက်ရန်မှာမူ မြန်မာတို့အတွက် အလွန်ခက်ခဲပေလိမ့်မည်။
ကမ်းဘဲလ် သည် သီတင်းပတ်အတော်ကြာကတည်းက သတင်းအမျိုးမျိုးကို ရရှိထားခဲ့သည်။ အဆိုပါသတင်းများသည် အဓိကအားဖြင့် စစ်သုံ့ပန်းများ သို့မဟုတ် မကျေမနပ်ဖြစ်နေ၍ ကိုယ်တိုင်လာရောက်သတင်းပေးသည့် မြန်မာအရပ်သားများထံမှ ရရှိခြင်းဖြစ်သည်။
သတင်းများအရ ဗန္ဓုလကိုယ်တိုင် အင်းဝသို့ ရောက်ရှိနေပြီး ဓနုဖြူရှိ မြန်မာတပ်များကို အင်အားဖြည့်တင်းရန်အတွက် တပ်များကို ပြန်လည် စုစည်းနေသည်ဟု ဆိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ရာသီဥတု ပြန်လည်သာယာလာသည်နှင့်အမျှ ရန်သူ့ ပင်မတပ်မတော်ကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ရတော့မည့် အလားအလာများ ပေါ်ပေါက်လာခဲ့လေသည်။
****************