#တီယန်မင်အရေးအခင်း နှင့် ကျောက်ကျိယန် ကျဆုံးခန်း
၁၉၈၇ ခုနှစ် ဇန်နဝါရီလ ဟူယောင်ပန်း ဖယ်ရှား မခံရမီအချိန်ထိ ကျောက်ကျိယန် သည် ကွန်ဆာဗေးတစ် သမား များ၏ အဓိကပစ်မှတ် ဖြစ်မလာခဲ့ သေးပေ။ ပါတီ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို တာဝန်ယူရသည့် အထွေထွေအတွင်းရေးမှူးချုပ် ဟူယောင်ပန်းသည် ကျောက်ကျိယန် ထက် ပိုအန္တရာယ်ရှိသည်ဟု ၎င်းတို့က ယူဆခဲ့ကြသည်။
ကျောက်ကျိယန် သည် ထိရှလွယ်သော ဝါဒရေးရာကိစ္စရပ်များတွင် ထုတ်ဖော်ပြောဆိုလေ့မရှိခြင်းနှင့် ပြုပြင်ပြောင်းလဲရေးမူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်းတို့ကြောင့် တိန့်ရှောင်ဖိန် ၏ ခိုင်မာသော ထောက်ခံမှုကို ရရှိခဲ့ပြီး ကွန်ဆာဗေးတစ်များ၏ တိုက်ရိုက် တိုက်ခိုက်မှုများမှ ရှောင်လွှဲနိုင်ခဲ့သည်။
သို့သော်လည်း ၁၉၈၇ ခုနှစ် ဇန်နဝါရီလတွင် တိန့် ရှောင်ဖိန် က ဟူ ယောင်ပန်း၏ နေရာ၌ ကျောက်ကျိယန် ကို ပါတီအကြီးအကဲအဖြစ် အစားထိုးခန့်အပ်လိုက်ပြီးနောက် ကွန်ဆာဗေးတစ်များသည် ၎င်းကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းလာကြတော့သည်။
၁၉၈၈ ခုနှစ် နွေရာသီတွင် တိန့်ရှောင်ဖိန်၏ အချိန်ကိုက် မဟုတ်သော "ကုန်ဈေးနှုန်း ပြုပြင်ပြောင်းလဲရေး" အဆိုပြုချက်ကြောင့် ငွေကြေးဖောင်းပွမှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ရာမှ ကျောက်ကျိယန် ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ အားကောင်းလာခဲ့သည်။ ယင်းကို ကျောက်ကျိယန် က အဆိုပြုခဲ့ခြင်း မဟုတ်သော်လည်း တိန့် ရှောင်ဖိန် အပေါ် အပြစ်ပုံမကျစေရန် သူကပင် တာဝန်ယူခဲ့သည်။
ထိုအခါ နိုင်ငံတော်ကောင်စီကို တာဝန်ယူထားသည့် လီပင်း နှင့် ယောင်ယီလင် တို့က ထိုအခွင့်အရေးကို အသုံးချကာ စီးပွားရေးမူဝါဒ ချမှတ်ခြင်းကဏ္ဍတွင် ကျောက်ကျိယန် ကို ဘေးဖယ်ထားရန် ကြိုးပမ်းခဲ့ကြသည်။ အနားယူသွားပြီဖြစ်သော ခေါင်းဆောင်တစုက ကျောက်ကျိယန် ကို ရာထူးမှ ထုတ်ပယ်ရန် တိန့် ရှောင်ဖိန် ထံ သို့ပင် အိတ်ဖွင့်ပေးစာ စုပေါင်း လက်မှတ်ထိုး၍ ပေးပို့ခဲ့သည်ဟု ဆိုကြသည်။
သို့သော်လည်း တိန့် ရှောငိဖိန် သည် ကျောက်ကျိယန် ဘက်မှ ရပ်တည်ခဲ့ပြီး ၎င်းကို ဒုတိယသက်တမ်းအတွက် ပါတီအကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူစေလိုကြောင်းနှင့် တစ်ချိန်တွင် စစ်ကော်မရှင် (CMC) ဥက္ကဋ္ဌ ရာထူးကိုပင် ကမ်းလှမ်းခဲ့ဖူးသည်။ တိန့် ရှောင်ဖိန်၏ ထောက်ခံမှုကြောင့် ကျောက်ကျိယန်သည် ရာထူးကို ဆက်လက်ထိန်းထားနိုင်ခဲ့သော်လည်း ၁၉၈၉ ခုနှစ် အစောပိုင်းသို့ ရောက်သောအခါ သူ၏ အခြေအနေမှာ ခိုင်မာမှု မရှိတော့ဘဲ ပို၍ ယိမ်းယိုင်လာခဲ့လေသည်။
၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ဟူယောင်ပန်း ကွယ်လွန်မှု အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဘီဂျင်းရှိ ကောလိပ်ကျောင်းသားများ သည် တီယန်နန်မင်ရင်ပြင် သို့ သွားရောက်ခဲ့ကြပြီး နောက်တွင် ရှေးရိုးစွဲဝါဒီများအတွက် အခွင့်အရေးကောင်းတစ်ခု ရရှိလာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျောက်ကျိယန်း သည် မြောက်ကိုရီးယားသို့ တရားဝင်ခရီးစဉ်သွားရောက်ရန် ဧပြီလ ၂၄ ရက်နေ့တွင် ဘီဂျင်းမှ ထွက်ခွာရန် စီစဉ်ထားပြီးဖြစ်သည်။
သို့သော် ကျောက်ကျိယန်းသည် ဘီဂျင်းမှ မထွက်ခွာမီ တိန့်ရှောင်ဖိန် ထံ သွားရောက်တွေ့ဆုံခဲ့ပြီး ဆန္ဒပြပွဲများကို ကိုင်တွယ်ရာတွင် ပျော့ပြောင်းသည့် နည်းလမ်းများ အသုံးပြုမည့် သူ၏ အဆိုပြုချက်အတွက် ထောက်ခံမှု ရယူခဲ့သည်။
သို့သော်လည်း ကျောက်ကျိယန်း ဘီဂျင်းမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ရှေးရိုးစွဲဝါဒီများသည် ဘီဂျင်း၏အခြေအနေကို ဆွေးနွေးရန်အတွက် ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ (PSC) အစည်းအဝေးကို ခေါ်ယူခဲ့ကြသည်။ ထိုအချိန်တွင် ကျောင်းသားဦးဆောင်သော ဆန္ဒပြပွဲများမှာ တဖြည်းဖြည်း ငြိမ်သက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ကျောက်ကျိယန်း မရှိခိုက်တွင် ရှေးရိုးစွဲဝါဒီများသည် သဘောထားတင်းမာသော အာဏာရှင်တစ်ဦးဖြစ်သည့် တိန့်ရှောင်ဖိန်ကို ၎င်းတို့၏ မဟာမိတ်ဖြစ်လာရန် စည်းရုံးနိုင်ခဲ့ကြသည်။ အမှန်တကယ်ပင် ဧပြီလ ၂၅ ရက်နေ့တွင် လီပင်း သည် တိန့်ရှောင်ဖိန်၏ နေအိမ်သို့သွားရောက်ကာ PSC အစည်းအဝေးတွင် ဆွေးနွေးချက်များကို အစီရင်ခံခဲ့သည်။
တိန်းရှောင်ဖိန်၏ တုံ့ပြန်မှုမှာ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ခဲ့သည်— ရင်ပြင်အတွင်း ဖြစ်ပွားနေသော ဖြစ်ရပ်များသည် "သာမန် ကျောင်းသားလှုပ်ရှားမှု မဟုတ်ဘဲ မငြိမ်မသက်မှု " သာဖြစ်ကြောင်း သူက ချက်ချင်း ကြေညာလိုက်ပြီး အမြန်ဆုံးနှင့် ပြတ်ပြတ်သားသား တုံ့ပြန်ကိုင်တွယ်ရန် တိုက်တွန်းခဲ့သည်။ ဤလုပ်ရပ်သည် ကျောက်ကျိယန်၏ အသင့်အတင့် ကိုင်တွယ်ရေးမူဝါဒအပေါ် ၎င်း ယခင် ထောက်ခံမှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့လေသည်။
တိန့်ရှောင်ဖိန် ၏ မိန့်ခွန်းကို လူသိရှင်ကြား ထုတ်ပြန်ရန် ရည်ရွယ် မထားသော်လည်း လီပင်း က ပါတီအဆင့်မြင့် အရာရှိများအကြား ဖြန့်ဝေခဲ့ပြီးနောက် ဧပြီလ ၂၆ ရက်နေ့တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော 'ပြည်သူ့နေ့စဉ်သတင်းစာ' ၏ အယ်ဒီတာ့အာဘော်အဖြစ် ပြောင်းလဲဖော်ပြခဲ့သည်။
ဤသို့လုပ်ဆောင်ရာတွင် တိန့် ရှောင်ဖိန် နှင့် တိုင်ပင်ဆွေးနွေးခြင်း မရှိခဲ့ဟု သိရသည်။ တိန့် ရှောင်ဖိန် ၏ တင်းမာသော သဘောထားကို ထင်ဟပ်စေသည့် အယ်ဒီတာ့အာဘော် ထွက်ပေါ်လာခြင်းက ကျောင်းသားများ၏ ဒေါသကို ချက်ချင်းပင် လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားပြီး ၎င်းတို့၏ ဆန့်ကျင်ဖက် တွင် တိန့် ရှောင်ဖိန် ရပ်တည်သွားပြီဟု ယူဆလိုက်ကြသည်။
နောက်တစ်နေ့တွင် ကျောင်းသား သိန်းနှင့်ချီ၍ ဘီဂျင်းမြို့ လမ်းမများပေါ်သို့ တစ်ကျော့ပြန် ထွက်လာကြပြီး အဆိုပါ အယ်ဒီတာ့အာဘော်ကို ပြန်လည်ရုပ်သိမ်းပေးရန် ပါတီကို တောင်းဆိုခဲ့ကြသည်။ ထိုတောင်းဆိုချက်ကို လိုက်လျောရန်မှာ မဖြစ်နိုင်ပေ၊ အကြောင်းမှာ ထိုသို့လုပ်ဆောင်ခြင်းသည် တိန့်ရှောင်ဖိန်ကို လူအများရှေ့တွင် အရှက်ခွဲရာ ရောက်မည်ဖြစ်သောကြောင့် ဖြစ်သည်။
ဧပြီလ ၃၀ ရက်နေ့တွင် ကျောက်ကျိယန် မြောက်ကိုရီးယားမှ ပြန်လည်ရောက်ရှိလာပြီးနောက် ထိပ်တိုက်ရင်ဆိုင်မှုကို လျှော့ချရန် ကြိုးပမ်းခဲ့ သော်လည်း အချည်းနှီး ဖြစ်ခဲ့သည်။ သို့သော် ထိုအချိန်တွင် တိန့် ရှောင်ဖိန်သည် ပျော့ပျောင်းစွာ ဖြေရှင်း နိုင်မည့် နည်းလမ်းများကို နားထောင်ရန် စိတ်မပါတော့ပေ။ ကျောက်ကျိယန်ကို ပင် တွေ့ခွင့် မပေး တော့၊ ဤသည်မှာ ကျောက်ကျိယန်အပေါ် သူ၏ ယုံကြည်မှု ကုန်ဆုံးသွားပြီဖြစ်ကြောင်း ပြသလိုက် သည့် အရိပ်အယောင်ပင် ဖြစ်သည်။
တိန့်ရှောင်ဖိန် နှင့် ကျောက်ကျီယန်တို့အကြား နောက်ဆုံးတွင် အပြီးတိုင် လမ်းခွဲသွားစေသည့် ဖြစ်ရပ်မှာ မေလ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ ထိုနေ့က ရောက်ရှိနေသော ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချော့ဗ်နှင့် တွေ့ဆုံစဉ်— တိန့်ရှောင်ဖိန်သည်သာ ပါတီ၏ အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်နေဆဲဖြစ်ကြောင်း ကျောက်ကျီယန်က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျောက်ကျီယန်၏ အဆိုအရ သူသည် အခြားကွန်မြူနစ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ကလည်း ထိုသို့ပင် ပြောဆိုခဲ့ဖူးကြောင်း၊ ဤဖြစ်ရပ်တွင်လည်း သူ၏ ရည်ရွယ်ချက်မှာ တိန့်ရှောင်ဖိန်၏ အာဏာနှင့် ဂုဏ်သိက္ခာကို အတည်ပြုရန်သာဖြစ်ပြီး သူ့ကို အခြေအနေပျက်ပြားစေရန် လုပ်ဆောင်ခြင်း မဟုတ်ဟု ဆိုသည်။
သို့သော်လည်း တိန့်ရှောင်ဖိန်ကမူ ကျောက်ကျီယန်သည် အပြစ်အားလုံးကို သူ့အပေါ်သို့ ပုံချရန် ကြိုးစားနေသည်ဟု ယူဆပုံရပြီး (ကျောက်ကျီယန်က နောက်ပိုင်းတွင် ရေးသားခဲ့သည့်အတိုင်း) ၎င်းကို ပို၍ပင် ဒေါသထွက်သွားစေခဲ့သည်။
တိန့်ရှောင်ဖိန်အနေဖြင့် ကျောက်ကျီယန်၏ လုပ်ရပ်ကို သစ္စာဖောက်မှုဟု ရှုမြင်ခဲ့ပုံရသည်။ နောက်တစ်နေ့ မေလ ၁၇ ရက်တွင် တိန့်ရှောင်ဖိန်သည် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ပြီး ကျောက်ကျီယန်ကို ရာထူးမှ ထုတ်ပယ်လိုက်တော့သည်။
သီတင်းပတ် နှစ်ပတ်ကျော်အကြာ ဇွန်လ ၄ ရက်နေ့တွင်မူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ တင့်ကားများသည် ဘီဂျင်း မြို့အတွင်းသို့ ဝင်ရောက်လာပြီး တီယန်မင် ဒီမိုကရေစီ အရေးတော်ပုံကို နှိမ်နင်းခဲ့ရာ မြို့တော်နှင့် နယ်အသီးသီးရှိ ကျောင်းသားများနှင့် သာမန်အရပ်သား ရာပေါင်းများစွာထက်မနည်း သေဆုံးခဲ့ရလေသည်။
မော်စီတုန်းအလွန် တရုတ်ပြည်သမိုင်း၏ အလှည့်အပြောင်းတစ်ခုဖြစ်သော တီယန်မင်အရေးအခင်းနှင့် ကျောက်ကျိယန် ရာထူးမှ ပြုတ်ကျသွားခြင်းတို့သည် ပြန်လည် သုံးသပ်ကြည့်မည်ဆိုလျှင် လုံးဝရှောင်လွှဲ၍ ရနိုင်ခဲ့သော အခြေအနေများဖြစ်ကြောင်း တွေ့ရသည်။
အကယ်၍သာ ကျောက်ကျိယန်သည် သူ၏ မြောက်ကိုရီးယားခရီးစဉ်ကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုခဲ့ပါက ကွန်ဆာဗေးတစ် ရှေးရိုးစွဲ သမားများသည် ၎င်း အ ပေါ် လက်ဦးမှု ရယူနိုင်မည် မဟုတ်သလို၊ တိန့်ရှောင်ဖိန်ကိုလည်း သူတို့ဘက်ပါအောင် ဆွဲဆောင်နိုင်ခဲ့မည်မဟုတ်ပေ။ ဂေါ်ဘာချက်ဗ်၏ အချိန်မတော် တရုတ်ပြည်ခရီးစဉ်သည်လည်း နောက်ထပ်အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုမှာ မေလအစောပိုင်းတွင် အရှိန်လျော့နေပြီဖြစ်သော်လည်း မေလ ၁၅-၁၆ ရက်တွင် လာရောက်မည့် ဂေါ်ဘာချက်ဗ်၏ ခရီးစဉ်ကြောင့် ကျဆင်းနေသော လှုပ်ရှားမှုမှာ တဖန် ပြန်လည် အားကောင်းလာခဲ့သည်။
အကြောင်းမှာ ကျောင်းသားများသည် နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှုကို အခွင့်ကောင်းယူကာ တိန့်ရှောင်ဖိန်ကို ဖိအားပေးရန်အတွက် တီယန်မင်ရင်ပြင်တွင် အစာငတ်ခံဆန္ဒပြပွဲကို အကြီးအကျယ် ပြုလုပ်ခဲ့ကြသောကြောင့်ပင် ဖြစ်သည်။
ဤဖြစ်ရပ်တွင် သမိုင်းဆိုင်ရာ တိုက်ဆိုင်မှု (သို့မဟုတ်) ကြိုတင်မမြင်နိုင်သော အခြေအနေများ ကြောင့် မဟုတ်ဟု ဆိုရပေမည်။ ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် ၁၉၈၉ ခုနှစ် အစောပိုင်းကာလ၌ တိန့်ရှောင်ဖိန် ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒသည် အကြီးအကျယ် အကျပ်ရိုက်နေပြီဖြစ်ကြောင်း တွေ့နိုင်ပြီး၊ ၎င်းမှာ အဓိကအားဖြင့် တိန့်ရှောင်ဖိန် ကိုယ်တိုင် ကျူးလွန်ခဲ့သည့် အမှားများကြောင့် ဖြစ်သည်။
ဒီမိုကရေစီနှင့် လစ်ဘရယ်ဝါဒ အပေါ် ၎င်း၏ ရန်လိုမှုကြောင့် ဟူယောင်ပန်း ကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းသည် ရှေးရိုးစွဲဂိုဏ်းသား များကို တန်ပြန်ရာတွင် အားကိုးခဲ့ရသည့် လစ်ဘရယ်အုပ်စုကို ခေါင်းမထောင်နိုင်အောင် ထိုးနှက်သလို ဖြစ်သွားပြီး အား ပျော့ သွားစေခဲ့သည်။ ဟူယောင်ပန်း၏ နေရာတွင် ပြုပြင်ပြောင်းလဲရေးသမား နောက်တဦးဖြစ်သူ ကျောက်ကျိယန် နှင့် အစားထိုးနိုင်ခဲ့သော်လည်း၊ အင်အားတောင့်တင်းလာပြီး အတင့်ရဲလာသည့် ကွန်ဆာဗေးတစ် အုပ်စုသည် နိုင်ငံတော်ကောင်စီကို ထိန်းချုပ်လိုက်ပြီး ကျောက်ကျိယန်ကို ရာထူးမှ ဖြုတ်ချရန်အတွက် အချိန်ဆိုင်းခြင်းမရှိဘဲ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြသည်။ တိန့်ရှောင်ဖိန်၏ အကူအညီကြောင့်ပင် ၎င်းတို့သည် အချိန်တို အတွင်း မှာ ပင် ထိုရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြသည်။