ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(27)

by Hla Soewai - Apr 19 2026

ကလီမန့် သို့မဟုတ် ဒါဂိုတို ဟူသော အမည်များဖြင့် နေထိုင်နေသူများသည် အိုက်ခ်မန်း နှင့် ရုပ်ချင်းဆင်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ ဆိုသည်က၊ ၎င်း ကိုယ်တိုင်လည်း မြင်တွေ့နိုင်စွမ်း မရှိသည့်အတွက်၊ မျက်မမြင်အမျိုးသားသည် သမီးဖြစ်သူက နစ်ခ် အိုက်ခ်မန်း၏ "ဖခင်" ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခဲ့ရမှုကို လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့သည်။

 

လိုသာ ဟာမန် သည် ကျိုးကြောင်းဆင်ခြင်မှု အကြီးအကျယ် လွဲချော်သွားပြီးနောက် ဖရန်စစ္စကို ရှမစ် သည်သာ အဒေါ့ဖ် အိုက်ခ်မန်း ဖြစ်သည်ဟု အစ္စရေးစုံစမ်းစစ်ဆေးရေးမှူးများကို အခိုင်အမာ ပြောကြားခဲ့သည်။ မီတာ ဘောက်စ်များပေါ်တွင် ရေးထားသော အမည်နှစ်ခုစလုံးသည် မှားယွင်းနေသည်မှာလည်း အိုက်ခ်မန်းသည် သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ 

 

၎င်းတို့ကြားရှိ ကွာဟချက်ကိုလည်း သူယုံကြည်ထားသည့်အတိုင်း ယခုလို ရှင်းပြခဲ့သည် - SS လူသတ်သမား အိုက်ခမန်း သည် သူ၏ ရုပ်သွင်ကို ပြောင်းလဲရန် ပလတ်စတစ် ဆာဂျရီ အကြိမ်ကြိမ် ပြုလုပ်ထားခြင်းကြောင့်ဟု ဆိုသည်။

 

“ဖရန်စစ္စကို ရှမစ် သာ ကျွန်‌ တော် တို့ ရှာနေတဲ့သူပဲ” ဟု လိုသာ ဟာမန်း က အစ္စရေးတို့အား အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် လိုသာ ဟာမန်းသည် အစ္စရေး အေးဂျင့် များ ကျူးလွန်ခဲ့ဖူးသည့် အခြေခံအကျဆုံး အမှားမျိုးကိုပင် ထပ်မံကျူးလွန်ခဲ့မိပြန်သည်၊ ၎င်းမှာ အိုက်ခမန်း ကို သူဌေးတဦးဟု ထင်မှတ်ထားခြင်းပင် ဖြစ်သည်။ ကတ်စနာ ရထား အကြောင်း ဇာတ်လမ်းများနှင့် ဂျူးများကို ဟန်ဂေရီမှ ထွက်ပြေးခွင့်ပေးရန်အတွက် အိုက်ခမန်းထံ ပုံအော် ပေးခဲ့ရသည့် ဥစ္စာဓနများအကြောင်းမှာ လူသိများပြီးသားဖြစ်သည်။ အိုက်ခ်မန်းသည် အိမ်ရှင်မဟုတ်ဘဲ အိမ်ငှားတစ်ဦးသာ ဖြစ်လိမ့်မည်ဟူသော အတွေးမျိုး ဟာမန်း၏ စိတ်ထဲတွင် လုံးဝမရှိခဲ့ပေ။

 

မော့ဆက် က ဆက်လက်စုံစမ်းသောအခါ ဖရန်စစ္စကို ရှမစ်သည် ချာကာဘူကို လမ်းတွင် နေထိုင်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ကြသည်။ အစ္စရေးတို့ ရှမစ်ကို ရှာဖွေတွေ့ရှိသောအခါတွင်လည်း အိုက်ခ်မန်း၏ သားမယားများနှင့် အသက်အရွယ်တူညီသော ဇနီးနှင့် သားများရှိသည့် အထောက်အထားမျိုး မတွေ့ခဲ့ကြ။ “ဒီတွေ့ရှိချက်တွေက ဟာမန်းရဲ့ ယုံကြည်ချက် ကို ပြုပြင်လို့မရအောင် ပျက်စီးသွားစေခဲ့တယ်” ဟု အီဆာ ဟာရယ် က နောင်တွင် ရေးသားခဲ့သည်။

 

ဤသို့ဖြင့် အီဆာ ဟာရဲလ်သည် ဖရစ်ဇ် ဘောင်ဝါ နှင့် ပထမဆုံးတွေ့ဆုံပြီး တနှစ်ပင်မပြည့်မီ ၁၉၅၈ ခုနှစ် မတ်လတွင် တိုးတက်လာမှု မရှိဟု အကြောင်းပြကာ အိုက်ခမန်း အမှုကို ရပ်ဆိုင်းလိုက်လေသည်။ ထိုနှစ် ဩဂုတ်လရောက်သော် အစ္စရေးအေးဂျင့်များကို လိုသာဟာမန်းနှင့် အဆက်အသွယ်ဖြတ်ရန် ညွှန်ကြားခဲ့သည်။ 

 

"အဒေါ့ဖ် အိုင်ခမန်းနဲ့ ပတ်သက်တဲ့ မော့ဆက်ဖိုင်တွေကို မော်ကွန်းတိုက်ထဲ ထည့်သိမ်းလိုက်ကြတယ်" ဟု မော့ဆက်အေးဂျင့်တစ်ဦးက နာကျည်းစွာဖြင့် ပြန်ပြောင်းပြောပြခဲ့သည်။ "အမှုကို ပြန်ဖွင့်ဖို့ ဘောင်ဝါရဲ့ ကြိုးပမ်းမှုတွေ အရာမထင်ခဲ့ဘူး။"

 

ယခုအခါ အမှုပိတ်ပြီး ၁၉ လအကြာတွင် အဒေါ့ဖ် အိုင်ခမန်းသည် ကူဝိတ်နိုင်ငံ၌ ရှိနေသည်ဟူသော သတင်းက ဟာရဲလ်ကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်လာစေခဲ့သည်။ ဤသတင်းကို သတင်းဌာနများက ဖော်ပြကြမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။ အိုင်ခမန်းကိုယ်တိုင်ကလည်း ထိုသတင်းများကို ဖတ်ရှုပြီး ပိုမိုလုံခြုံသည့်နေရာသို့ တိမ်းရှောင်သွားနိုင်ပေသည်။ သို့ဆိုလျှင် မော့ဆက်အနေဖြင့် သူ့ကိုရှာဖွေရန် ဤမျှနီးစပ်သည့် အခွင့်အရေးမျိုး နောက် တဖန်ပြန်ရတော့မည်မဟုတ်။

 

အခြားတစ်ဖက်တွင်မူ အကယ်၍ အိုင်ခမန်းက စုံစမ်းစစ်ဆေးသူများသည် သူ့ကို အာဂျင်တီးနားတွင် မဟုတ်ဘဲ ကူဝိတ်တွင် လိုက်ရှာနေသည်ဟု ယုံကြည်သွားပါက၊ သူသည် လုံခြုံပြီဟု ထင်မှတ်ကာ ပေါ့လျော့သွားနိုင်ပေသည်။ သေချာစွာ စဉ်းစားချင့်ချိန်ပြီးနောက် အီဆာ ဟာရဲလ်သည် ယနေ့ မနက် ဖတ်ရှု လိုက်ရသော သတင်းခေါင်းကြီးပိုင်းမှာ အမှန်တကယ်တော့ သတင်းကောင်းပင်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်လေတော့သည်။

 

ပို၍ကြီးမားသော ပြဿနာမှာ အိုက်ခ်မန်း သည် ပုန်းရှောင်နေရသော သာမန် နာဇီတစ်ဦးမဟုတ်ဘဲ နာမည်ဆိုးဖြင့် ကျော်ကြား နေမှုပင် ဖြစ်သည်။ ဆယ်စုနှစ်တခု ကျော် ကြာ ပုန်းအောင်းနေခဲ့သော်လည်း သူ၏သတင်းများအား သတင်း စာမျက်နှာ များ တွင် ဖော်ပြခံနေရဆဲဖြစ်ခြင်းက ယင်းကို သက်သေထူနေသည်။

 

အဒေါ့ဖ် အိုက်ခ်မန်း ဆိုသည်မှာ နာဇီတို့၏ သွေးဆာမှုကို ကိုယ်စားပြုသည့် ပြယုဂ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေးမြတ်နိုးသူများအတွက် စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်သော်လည်း လူမျိုးရေးခွဲခြားမှုနှင့် အမုန်းတရားဝါဒကို ကျင့်သုံးသူများအတွက်မူ အားကျအတုယူစရာ ဖြစ်နေသည်။ 

 

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နာဇီလိုလားသော အာရုံခံစားမှုများ မြင့်တက်လာခြင်းကို တားဆီးရန်အတွက် အစ္စရေးအစိုးရနှင့် မီဒီယာများက အိုက်ခ်မန်းကို ဖမ်းဆီးရန် စတင်တောင်းဆိုလာကြသည်။

 

၁၉၅၀ ပြည့်လွန်နှစ်များနှောင်းပိုင်း တလျှောက် ဂျာမနီနိုင်ငံတွင် နာဇီလှုပ်ရှားမှုကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသော အစွန်းရောက်အုပ်စုများသည် ဂျူးလူမျိုးများအပေါ် အမုန်းတရားများကို ဖြန့်ဝေနေကြသည်။ စစ်ပြီးခေတ်တွင် ပိတ်ပင်ထားခဲ့သော နာဇီအာဏာ၏ အမှတ်အသားဖြစ်သည့် 'ဆွပ်စတိကာ' (Swastika) အမှတ်တံဆိပ်များကိုလည်း တစ်ဖန်ပြန်၍ မြင်တွေ့လာရပြီဖြစ်သည်။ 

 

အက်စ်အက်စ် စစ်သားဟောင်း အမြောက်အမြားသည်လည်း နာဇီ မုဆိုးများလက်မှ လွတ်မြောက်ရန်အတွက် ပြင်သစ် နိုင်ငံခြားတပ်ဖွဲ့ (French Foreign Legion) ထဲသို့ ဝင်ရောက်ကာ အင်ဒိုချိုင်းနား စစ်ပွဲတွင် ပါဝင် တိုက်ခိုက်နေကြလေသည်။

 

အီဆာ ဟာရဲလ်သည် ဖတ်လက်စ စာရွက်စာတမ်းများကို ဘေး ချထားလိုက်ပြီး ကော်ဖီကို တငုံသောက်လိုက်သည်။ ဖက်ဆစ်များကို တန်ပြန်တိုက်စစ်ဆင်ရန်အတွက် မော့ဆက်အနေဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ဖို့ လိုအပ်လာသည်။ သို့သော် အိုက်ခမန်း ကို ရှာဖွေတွေ့ရှိဖို့ဆိုသည်မှာ မဖြစ်နိုင် လောက်ဟု ယူဆထားသည့် ဟာရဲလ် အနေဖြင့် အမှုတွဲကို ပြန်ဖွင့်ရန်အတွက်ကား ထူးခြားသော သက်သေ အထောက်အထားအသစ်များ လိုအပ် နေသည်။

 

အမှန်စင်စစ် အဒေါ့ဖ် အိုက်ခမန်း တစ်ဦးတည်းသာ ထွက်ပြေးတိမ်းရှောင်နေသည် မဟုတ်။ အာဂျင်တီးနားတွင် နေထိုင်နေသည်ဟု သတင်းထွက်နေသော ရက်စက်ကြမ်းကြုတ်လှသည့် ဒေါက်တာ ဂျိုးဆက် မန်းဂလိ ကို ရှာဖွေနိုင်ပါကလည်း မော့ဆက်အတွက် အတိုင်းထက် အလွန် ဖြစ်ပေလိမ့်မည်။ 

 

ထို့ပြင် အာဂျင်တီးနားတွင် တတိယမြောက် နာမည်ဆိုးဖြင့် ကျော်ကြားသော နာဇီတစ်ဦးလည်း ရှိနေနိုင်သေးသည်။ လွန်ခဲ့သော တနှစ်ခန့်ကပင် အဒေါ့ဖ် ဟစ်တလာ၏ ကိုယ်ရေးအတွင်းရေးမှူး ဖြစ်သူ မာတင် ဘော်မန်း ကို အန်ဒီးစ်တောင်တန်းများရှိ နာဟူယယ် ဟွာပီ အိုင်ကြီး ကမ်းစပ်ရှိ နာဇီများ ခိုလှုံရာအဖြစ် လူသိများသော ဘာရီလိုချီ မြို့တွင် တွေ့ရှိခဲ့သည်ဟု ဆိုကြသည်။

 

ဘော်မန်း သည် ရက်စက်ကြမ်းကြုတ်လှသူ ဖြစ်ပြီး စစ်ပြီးခေတ်တွင် နာဇီပါတီ ပြန်လည်အသက်ဝင်လာစေရန် ဦးဆောင်မှုပေးဖို့ အဒေါ့ဖ် ဟစ်တလာ ကိုယ်တိုင် ရွေးချယ်ခဲ့သူဖြစ်သည်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဘော်မန်းသည် ရေငုပ်သင်္ဘောဖြင့် အာဂျင်တီးနားနိုင်ငံ၊ ပိုဆာဒတ်စ် မြို့သို့ အောင်မြင်စွာ ထွက်ပြေးတိမ်းရှောင်သွားနိုင်ခဲ့ကြောင်း ဗြိတိသျှ ထောက်လှမ်းရေးအေးဂျင့်များ၏ အစီရင်ခံစာ မကြာမီ ထွက်ပေါ်လာ တော့မည်ဖြစ်သည်။

 

၁၉၄၅ နှင့် ၁၉၅၂ ခုနှစ်ကြားတွင် ဗြိတိသျှ ထောက်လှမ်းရေးအေဂျင်စီ MI5 ထံသို့ ကမ္ဘာတဝန်းရှိ နေရာအသီးသီးတွင် ဘော်မန်းကို တွေ့ရှိခဲ့သည်ဟူသော သတင်းပေးပို့ချက်များ တောင်ပုံရာပုံ ရောက်ရှိလာခဲ့သည်။ ထိုသတင်းအများစုမှာ နာမည်ရလိုသော ထောက်လှမ်းရေးအေးဂျင့်များက အပြိုင်အဆိုင် ပေးပို့ကြခြင်းဖြစ်သည်။ 

 

“သူ့ကို လော့ခ်နက်စ် ရေကန်ထဲက သတ္တဝါကြီးကို စီးနေတာ တွေ့ခဲ့တယ်လို့ တောင် ပြောမယ့် လူတွေဗျာ” ဟု ဗြိတိသျှအေးဂျင့်တစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ရယ်မော နောက်ပြောင်ခဲ့ဖူးသည်။ (ပုံတွင် ဟစ်တလာနှင့် အတူ တွေ့ရစဉ်)

 

ထိုသို့ ဖြစ်ပျက် နေသည်ကို ကြည့်ပြီး မင်ဂလီ၏ အကြောင်း သည်လည်း နောက်ထပ် သတင်းကြီး တပုဒ် ဖြစ်လာတော့မည်ကို ဟာရဲလ် သဘောပေါက်နေ၏။

 

ဗြိတိသျှ လုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဆာ ပါစီ ဆီလီတိုး သည် ဘော်မန်းနှင့် ပတ်သက်သည့် အစီရင်ခံစာများကို ယုံကြည်မှု သိပ်မရှိလှဘဲ နောက်ပိုင်းတွင် ထိုသတင်းများလည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ အိုင်ခမန်း၊ မင်ဂလီး သို့မဟုတ် ဘော်မန်း တို့အနက် တစ်ဦးဦးကို ဖမ်းဆီးရမိခြင်းသည်သာ ကြီးကျယ်သော အောင်မြင်မှုဖြစ်မည်ကို အီဆာ ဟာရယ် သိထားသည်။ ထိုသုံးဦးစလုံးကို ဖမ်းမိနိုင်မည်ဆိုပါက အတိုင်းထက် အလွန် ဖြစ်လိမ့်မည်။ 

 

သို့သော်လည်း ဟာရယ်သည် သူတို့ ဘယ်မှာရှိနေသည်ကို အရင်ဆုံး ရှာဖွေရမည်ဖြစ်သည်။

 

**************