ဗိုင်ဆော့ဗ်ရှီကော့ဗ်သည် အာလူးကြီးတစ်လုံးကို ယူလိုက်သည်။ ပေါင်မုန့်တချပ်ကိုလည်း ဆားအလွန်အကျွံဖြူးပြီး နွားတကောင် အလား အေးအေးလူလူနှင့် အသေအချာ ဝါးစားနေတော့သည်။
"ဒီမှာ အခြေအနေတွေ ဘယ်လိုရှိလဲ" ဟု ပလုပ်ပလောင်းနှင့် မေးလိုက် ပြန်သည်။ အန်ဒရေးက စက်ရုံအတွင်း ဆိုရှယ်လစ်ဝါဒ ဖြန့်ချိရေးလုပ်ငန်းများ မည်မျှအရှိန်အဟုန်နှင့် တိုးတက်နေကြောင်း တက်တက်ကြွကြွ ပြန်ပြောပြသောအခါ မျက်နှာက ညှိုးသွားပြန်ပြီး လေသံတိုးတိုးဖြင့်...
"သိပ်ကြာတာပဲဗျာ! အချိန်တွေ သိပ်ကြာလွန်းနေပြီ! ဒီထက် ပိုမြန်ဖို့ကောင်းတယ်!"
အမေသည် သူ့ကိုစိုက်ကြည့်ရင်း ထိုလူအပေါ် မုန်းတီးစိတ် ရုတ်တရက်ဝင်လာသည်။
"ဘဝဆိုတာ မြင်းတစ်ကောင်မှမဟုတ်တာပဲ... ကြိမ်လုံးနဲ့ရိုက်ပြီး ဒုန်းစိုင်းပြေးခိုင်းလို့မှမရဘဲ" ဟု အန်ဒရေးက ပြောလိုက်သည်။
သို့သော်လည်း ဗိုင်ဆိုရှီကော့ က ခေါင်းကိုခါယမ်းကာ ခေါင်းမာ နေဆဲပင်။
"နှေးလွန်းတယ်ဗျာ! ကျွန်တော့်မှာ အဲဒီလောက်ထိ စိတ်ရှည်သည်းခံနိုင်စွမ်းမရှိဘူး။ ကျွန်တော် ဘာလုပ်ရမလဲ?" သူက လက်နှစ်ဖက်ကို ဘေးသို့ကားထုတ်ကာ ဘာမှမတတ်နိုင်တော့သည့် အမူအရာဖြင့် ရုရှားလေး ပြောမည့်စကားကို စောင့်ဆိုင်းနေသည်။
"ကျွန် တော် တို့အားလုံး သင်ယူကြရမယ်၊ ပြီးတော့ တခြားသူတွေကိုလည်း ပြန်သင်ပေးရမယ်။ အဲဒါ ကျွန်တော်တို့ရဲ့ အလုပ်ပဲ!" ဟု အန်ဒရေးက ခေါင်းကိုငုံ့ရင်း ပြောလိုက်လေသည်။
"ဒါနဲ့ တို့တွေ ဘယ်တော့ တိုက်ပွဲဝင်ကြမှာလဲ" ဟု ဗိုင်ဆိုဗ်ရှီကော့ဗ်က မေးလိုက်သည်။
"အဲဒီအချိန်မတိုင်ခင်အထိတော့ ကျွန်တော် တို့တတွေ အသတ်အဖြတ် ခံရဦးမှာပဲ၊ အဲဒါတော့ သေချာပေါက် သိတယ်" ဟု ရုရှားလေးက ပြုံးလျက် ပြန်ဖြေသည်။ "ဒါပေမဲ့ ကျွန်တော် တို့ တတွေကို ဘယ်အချိန်မှာ တိုက်ပွဲဝင်ဖို့ ခေါ်မလဲဆိုတာတော့ မသိဘူး။ ပထမဦးဆုံးအနေနဲ့တော့ ကျွန်တော်တို့ဟာ ဦးခေါင်း (အသိဉာဏ်) ကို အရင်ပြင်ဆင်ရမယ်၊ အဲဒီနောက်မှ လက် (အင်အား) ကို ပြင်ဆင်ရမယ်။ ကျွန်တော် ကတော့ အဲဒီလို ထင်တာပဲ။"
"နှလုံးသား ကော" ဟု နီကိုလိုင်က ထောက်ပြလိုက်သည်။
"အေး... နှလုံးသားလည်း ပါတာပေါ့။"
ထို့ နောက် နီကိုလိုင်းသည် စကားစဖြတ်ကာ စားလက်စကို ဆက်စား နေလေသည်။ မိခင်ဖြစ်သူက နီကိုလိုင်း၏ ပြန့်ကားပြီး ကျောက်ပေါက်မာ ရှိနေသော မျက်နှာကို ခိုးကြည့်ရင်း၊ ဗိုင်ဆိုဗ်ရှီကော့ဗ်၏ ခက်ထန်ပြီး လေးထောင့်ကျကျ ရုပ်သွင်နှင့် ပတ်သက်၍ မကြောက်လန့်မိ အောင် နေလို့ ရမည့် အချက်တခုခုကို တွေ့မလားဟု ကြည့်နေမိသည်။ သူ၏ သေးငယ်သော မျက်လုံးများက ဖျတ်ခနဲ ဝေ့ကြည့်လိုက်တိုင်း အမေ၏ မျက်ခုံးများမှာ တလှုပ်လှုပ် ဖြစ်သွားရ၏။
အင်ဒ ရေ မှာမူ သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် ထောက်ထားရင်း ဂယောက်ဂယက် ဖြစ်နေပုံရသည်။ သူသည် ရုတ်တရက် ရယ်မောလိုက်ပြီးမှ ချက်ချင်းဆိုသလို ပြန်ရပ်သွားကာ လေချွန်နေပြန်သည်။ အင်ဒရေ ထိုသို့ စိတ်ဂဏှာမငြိမ် ဖြစ်နေမှုကို သူမ နားလည်သည်။ နီကိုလိုင်းမှာမူ ဘာစကားမျှ မဆိုဘဲ စားပွဲတွင် ထိုင်နေ၏။ ရုရှား လေး က တခုခု မေးလျှင်လည်း ဝန်လေး တွန့်ဆုတ်နေသည့် ပုံစံဖြင့် တိုတိုတုတ်တုတ်သာ ပြန်ဖြေသည်။
အခန်းငယ်လေးမှာ လူနှစ်ယောက်အတွက် အလွန်ပင် ကျဉ်းမြောင်းအိုက်စပ်လွန်းလှသဖြင့် သူတို့နှစ်ဦးစလုံးသည် တလှည့်စီဆိုသလို ဧည့်သည်ကို တိတ်တဆိတ် အကဲခတ် နေကြသည်။ နောက်ဆုံးတွင် နီကိုလိုင်းသည် ထရပ်လိုက်ပြီး...
"ကျွန်တော် အိပ်တော့မယ်ဗျာ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ရပြီးမှ ရုတ်တရက်ကြီး လွှတ်ပေးလိုက်တော့၊ အခု ကျွန်တော် တော်တော်လေး ပင်ပန်းနေပြီ!" ဟု ပြောလိုက်သည်။
သူသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး တစ်ခုခုကို ဟိုဒီမွှေနှောက်နေသံ ကြားရသည်။ ထို့နောက်တွင်တော့ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ အမေဖြစ်သူက အသံကို နားစွင့်နေရင်း အန်ဒရေးကို တိုးတိုးလေး ကပ်ပြောလိုက်သည်...
"သူ့စိတ်ထဲမှာ ကြောက်စရာကောင်းတဲ့ အကြံအစည်တစ်ခုခု ရှိနေပုံပဲ!"
"ဟုတ်တယ်၊ သူ့ကို နားလည်ရခက်တယ် အမေရဲ့" ဟု ရုရှားကလေး က ခေါင်းကို ခါယမ်းရင်း ထောက်ခံလိုက်သည်။ "အမေလည်း သွားအိပ်တော့လေ၊ ကျွန်တော်ကတော့ ခဏလောက် စာဆက်ဖတ်ဦးမယ်။"
အမေသည် ပန်းရိုက်ချည်ထိုး လိုက်ကာများဖြင့် ကွယ်ထားသော သူမ အိပ်ရာရှိရာ ထောင့်ကလေးဆီသို့ လျှောက်သွားလေသည်။ စားပွဲတွင် ထိုင်နေသော အန်ဒရေးသည် သူမ၏ တိုးတိုးတိတ်တိတ် ဆုတောင်းသံနှင့် သက်ပြင်းချသံတို့ကို အတော်ကြာအောင် နားစွင့်နေမိသည်။ အန်ဒရေးသည် စာအုပ်စာမျက်နှာများကို ခပ်သွက်သွက်လှန်ရင်း၊ စိတ်မရှည်သလို နှုတ်ခမ်းကို ပွတ်သပ်လိုက်၊ ရှည်လျားသော လက်ချောင်းများဖြင့် သူ၏နှုတ်ခမ်းမွှေးကို လိမ်ဆွဲလိုက်နှင့် ကြမ်းပြင်ပေါ်တွင် ခြေထောက်ကို လည်း တရွတ်တိုက် နှင့် တလှုပ်လှုပ် ဖြစ်နေသည်။
နာရီ၏ ချိန်သီးက 'တောက်တောက်၊ တောက်တောက်' နှင့် မြည်နေပြီး၊ ပြတင်းပေါက်ကို ဖြတ်တိုက်သွားသော လေပြည်သည်လည်း ငိုညည်းသံကဲ့သို့ ကြား နေသည်။ ထို့နောက်တွင်တော့ အမေ့၏ အသံခပ်အုပ်အုပ်ကို ကြားလိုက်ရသည်။
"အို... ဘုရားသခင်! ဒီလောကကြီးထဲမှာ လူတွေ ဘယ်လောက် များ များ ရှိနေသလဲ၊ လူတိုင်းကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ငိုကြွေးနေကြတာပဲ။ ဒါဆို ပျော်ရွှင်ရတဲ့သူတွေကရော ဘယ်မှာရှိကြပါလိမ့်?"
"မကြာခင် အဲဒီလိုလူတွေ ရှိလာမှာပါ အမေ၊ မကြာခင်ပေါ့!" ဟု ရုရှားလေး က တကိုယ်တည်း ရေရွတ် သလို ပြောလိုက်လေသည်။
********************