ကမ္ဘာ့သို့ တံခါးဖွင့်ခြင်း
ဥက္ကဋ္ဌကြီး မော်စီတုန်း၏ “ကိုယ်ထူကိုယ်ထစနစ်” မူဝါဒကြောင့် တရုတ်နိုင်ငံ၏ ကမ္ဘာ့နှင့် စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုသည် ၎င်း၏ နိုင်ငံပမာဏနှင့်စာလျှင် အလွန်တရာ သေးငယ်လှသည်။ ၁၉၇၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၀.၆ ဘီလီယံသာ ရှိခဲ့ပြီး၊ ယင်းမှာ တရုတ်နိုင်ငံ ဂျီဒီပီ (GDP - ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး) ၏ ၁၀ ရာခိုင်နှုန်းမျှသာ ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့ကုန်သွယ်ရေးစနစ်အတွင်းသို့ စီးပွားရေးအရ ပြန်လည်ပူးပေါင်းဝင်ရောက်ခြင်းသည် နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုအတွက် အရေးအကြီးဆုံးသော သော့ချက်ဖြစ်လာခဲ့သည်။
(၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ ၁၉၂၆ ခုနှစ် ဇန်နဝါရီလအထိ) ပြင်သစ်နိုင်ငံတွင် ငါးနှစ်ကြာ နေထိုင်ခဲ့စဉ်အတွင်း ကမ္ဘာ့အမြင်၊ ကမ္ဘာ့အတွေးအခေါ်များကို ရရှိခဲ့ပုံပေါ်သော တိန့်ရှောင်ဖိန်သည် တံခါးဖွင့်ဝါဒကို အမြင့်ဆုံးဦးစားပေးလုပ်ငန်းအဖြစ် ရှုမြင်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာစေရန် ၎င်း၏ နိုင်ငံရေးအင်အား ကို ပုံအော၍ တွန်းအားပေးခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များ အကုန်ပိုင်းတွင် ရှိခဲ့သော အခြား တရုတ်ခေါင်းဆောင်များထက် တိန့်ရှောင်ဖိန်သည် ကောင်းမွန်သော ပြင်ပပတ်ဝန်းကျင်အခြေအနေ၊ အထူးသဖြင့် တရုတ်နှင့် အနောက်ကမ္ဘာအကြား နွေးထွေးလာသော ဆက်ဆံရေးသည် အခွင့်အလမ်းကောင်းတရပ်ကို ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း သဘောပေါက်နားလည်ခဲ့သည်။
၎င်းအနေဖြင့် နိုင်ငံရေးအရ အထွတ်အထိပ် သို့ တက်လှမ်းလာခဲ့ပြီး မကြာမီ ၁၉၇၉ ခုနှစ် မေလတွင် ပြင်သစ်ကိုယ်စားလှယ်အဖွဲ့တဖွဲ့အား တိန့်ရှောင်ဖိန်က ယခုလို ပြောကြားခဲ့သည်။ “အခုဆိုရင် ကျွန်တော်တို့ဟာ အတော်လေး ကောင်းမွန်တဲ့ နိုင်ငံတကာ အခြေအနေတွေကို ပိုင်ဆိုင်ထားပြီး၊ အမေရိကန်၊ ဥရောပနဲ့ ဂျပန်နိုင်ငံတို့ဆီကနေ အဆင့်မြင့်နည်းပညာတွေ၊ သုတေသနထုတ်ကုန်တွေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ကို အသုံးချခွင့် ရနေပါပြီ။ [တရုတ်ပြည်သူ့သမ္မတနိုင်ငံ] ထူထောင်ခါစ ပထမဆုံး နှစ် ၂၀ တုန်းကတော့ ကျွန်တော်တို့မှာ ဒီလို နိုင်ငံတကာ အခြေအနေမျိုး မရှိခဲ့ပါဘူး။... ကျွန်တော်တို့ဟာ တံခါးဖွင့်ဝါဒကို မဖြစ်မနေ ကျင့်သုံးရပါမယ်။”
ပြုပြင်ပြောင်းလဲရေး အစောပိုင်းနှစ်များတွင် တိန့်ရှောင်ဖိန်သည် မိမိကိုယ်ကို အနောက်ကမ္ဘာဆီသို့ တရုတ်နိုင်ငံ၏ “အဓိက အရောင်းကိုယ်စားလှယ်ကြီး” သဖွယ် ဖြစ်အောင် ထိရောက်စွာ ပုံဖော်ခဲ့သည်။ သူ၏ ၁၉၇၈ ခုနှစ် အောက်တိုဘာလနှင့် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ လ ဂျပန်နိုင်ငံ ခရီးစဉ်များ၊ ထို့ပြင် ၁၉၇၉ ခုနှစ် အစောပိုင်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်များသည် တရုတ်နိုင်ငံ ခေတ်မီဆန်းသစ်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် အဆိုပါ နှစ်နိုင်ငံစလုံးနှင့် သံတမန်ရေးရာ အခြေခံအုတ်မြစ်များကို ခိုင်မာ အောင် ပြုလုပ်နိုင်ခဲ့သည်။
ထို့ပြင် တိန့်ရှောင်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြား ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ သူ၏ တံခါးဖွင့်ဝါဒ ကို မြှင့်တင်ရန်အတွက် မနားမနေ ကြိုးပမ်းလှုပ်ရှားခဲ့သည်။ တိန့်ရှောင်ဖိန်၏ ၁၉၇၈ ခုနှစ်အတွင်း လှုပ်ရှားမှုဆိုင်ရာ တရားဝင် မှတ်တမ်းများအရ ထိုတနှစ်တည်းမှာပင် သူသည် တရုတ်နိုင်ငံသို့ လာရောက်ခဲ့ကြသည့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ စုစုပေါင်း ၃၁ ဖွဲ့ကို သူ၏ တံခါးဖွင့်ဝါဒနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ၁၉၇၉ ခုနှစ်တွင်လည်း လာရောက်လည်ပတ်သည့် ကိုယ်စားလှယ်အဖွဲ့ ၃၅ ဖွဲ့ကို အဆိုပါ သတင်းစကားအတိုင်း ထပ်တူ ရှင်းလင်းပြောကြားခဲ့လေသည်။
တချိန်တည်းမှာပင် တိန့်ရှောင်ဖိန်က အနောက်ကမ္ဘာသို့ တံခါးဖွင့်ဝါဒ ကျင့်သုံးခြင်းသည် ၎င်း၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အတွက် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပါတီသို့ ရှင်းလင်းစွာ အသိပေးခဲ့ပြီး၊ တရုတ်နိုင်ငံအနေဖြင့် ဤရခဲလှသော အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ရမည်ဖြစ်ကြောင်း ထပ်တလဲလဲ အလေးအနက် ပြောကြားခဲ့သည်။
၁၉၇၉ ခုနှစ် အောက်တိုဘာလတွင် ပြည်နယ်ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် တိန့်ရှောင်ဖိန်သည် သူ၏ မိန့်ခွန်းတခုလုံးတွင် ကဏ္ဍတခုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအတွက် သီးသန့်ထည့်သွင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် နိုင်ငံခြားအရင်းအနှီးကို အသုံးချရပါမယ်” ဟု သူက အလေးအနက် ပြောဆိုခဲ့သည်။ “ဒါဟာ တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးတစ်ခု ဖြစ်တာမို့ လက်လွှတ်လိုက်ရရင် နှမြောစရာကြီး ဖြစ်လိမ့်မယ်။ နိုင်ငံခြားအရင်းအနှီးကို အသုံးချတာဟာ အဓိကမူဝါဒတစ်ခုပဲ။ ... ကျွန်တော်တို့ ဒီလမ်းစဉ်ကို ဆက်လက်ဆုပ်ကိုင်ထားရမယ်လို့ ယုံကြည်တယ်။ ... ပြီးတော့ ပို့ကုန်ကဏ္ဍကိုလည်း မြှင့်တင်ရမယ်။”
နောက်တလအကြာတွင်မူ သူက ပို၍ပင် ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သည်မှာ— “ခေတ်မီဆန်းသစ်ခြင်း လေးရပ် (Four Modernizations) ကို အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုတာ ပြင်ပကမ္ဘာကို တံခါးဖွင့်ပေးတဲ့ မှန်ကန်တဲ့ မူဝါဒတစ်ခု လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မိမိကိုယ်ကိုယ် အားကိုးမှု၊ မိမိတို့ရဲ့ အရင်းအမြစ်တွေနဲ့ အခြေခံအုတ်မြစ်တွေအပေါ်မှာပဲ အဓိက အခြေခံသွားမှာ ဖြစ်ပေမယ့်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမရှိရင်တော့ [ခေတ်မီဆန်းသစ်ခြင်း လေးရပ်] ဟာ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။”
နိုင်ငံရေးရှုထောင့်မှကြည့်လျှင် တိန့်ရှောင်ဖိန်အနေဖြင့် တံခါးဖွင့်ဝါဒကို အဘယ်ကြောင့် ဦးစားပေးခဲ့သနည်းဆိုသည်ကို အလွယ်တကူ မြင်တွေ့နိုင်သည်။ သူသည် ပြည်တွင်းစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးခြင်းထက်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် ပို့ကုန်တိုးမြှင့်ရန် မူဝါဒများကို မြှင့်တင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ တိုး၍ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့သည်။
ထို့အပြင် ပြည်တွင်းစီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် နိုင်ငံပိုင်ကဏ္ဍ (SOE) များကဲ့သို့ အမြစ်တွယ်နေသော အကျိုးစီးပွားအုပ်စုများကို ခြိမ်းခြောက်နေသဖြင့် ပိုမိုကြီးမားသော နိုင်ငံရေးအတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရသည်။ လျင်မြန်စွာ ပုဂ္ဂလိကပိုင်ပြုလုပ်နိုင်ခဲ့သည့် စိုက်ပျိုးရေးကဏ္ဍမှလွဲ၍ မြို့ပြဒေသများရှိ အစွန်းရောက်ပြုပြင်ပြောင်းလဲမှုများသည် လက်တွေ့ကျသော အခက်အခဲများနှင့် ပိုမိုကြီးမားသော နိုင်ငံရေးအရ စွန့်စားရမှုများနှင့် ကြုံတွေ့ရနိုင်သည်။
ဥပမာအားဖြင့် ရှုံးနိမ့်နေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို လူမွဲခံယူခြင်း (သို့မဟုတ်) ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဖြင့် ပြန်လည်ဖွဲ့စည်းရန်မှာ ဥပဒေကြောင်းအရ ကိရိယာအသစ်များနှင့် ကောင်းမွန်စွာ လည်ပတ်နိုင်မည့် အရင်းအနှီးစျေးကွက် တခုသည် ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ ယင်းတို့ လိုအပ်နေဆဲ ဖြစ်သည်။
ထိုအတောအတွင်း ယာယီငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သည့် ကုန်စျေးနှုန်း ပြုပြင်ပြောင်းလဲမှုသည်လည်း နိုင်ငံရေးအရ စွန့်စားရမှု များပြားလှသည်။
တိန့် ရှောင်ဖိန် သည် ဘူမိနိုင်ငံရေး နယ်ပယ်တွင် ပါးနပ် ကျွမ်းကျင်သူတဦးဖြစ်သည့် အားလျော်စွာ၊ စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက်ယူနီယံကို တန်ပြန်ထိန်းညှိရာတွင် တရုတ်နိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍကို အပြည့်အဝ အသုံးချခဲ့သည်။
ထိုသို့အသုံးချခြင်းဖြင့် အနောက်နိုင်ငံများထံမှ ရင်းနှီးမတည်ငွေ၊ နည်းပညာနှင့် စျေးကွက်ရရှိမှု စသည့် ထိရောက်သော စီးပွားရေးအကျိုးအမြတ်များကို ရယူနိုင်ခဲ့သည်။ နိုင်ငံတံခါးဖွင့်ရန်အတွက် ထိုကဲ့သို့ ခိုင်မာလှသော နိုင်ငံရေးကျိုးကြောင်းဆင်ခြင်မှုများ ရှိနေသောကြောင့် တိန့် ရှောင်ဖိန် သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍကို မြှင့်တင်ရန် ပြုပြင်ပြောင်းလဲမှုများစွာကို ပံ့ပိုးကူညီပေးခဲ့ခြင်း ဖြစ်သည်။