ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(102)

by Hla Soewai - Sep 21 2026

ဗိုလ်ချုပ်ကြီး ပြောဆိုခဲ့သည်များသည် အမှန်တရားများ ဖြစ်သည်မှာ သံသယ မရှိသော်လည်း တချိန်တည်းမှာပင် အလွန်လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ အကြောင်းမှာ ထိုလူများသည် မည်သူများဖြစ်ကြသနည်း၊ သူတို့ ဘာကို လိုချင်ကြသနည်းဆိုသည့် မေးခွန်းများ အတွက် အဖြေမရသေးဘဲ ကျန်ရှိနေခဲ့သောကြောင့် ဖြစ်သည်။ 

 

သို့သော် အဖြေမရှိခြင်းက အရေးမကြီး။ အမှန်မှာ အဖြေမရှိခြင်း ကိုယ်တိုင်က လူထု ဆိုသော အယူအဆ၏ အင်အား တစိတ်တပိုင်း ဖြစ်နေခဲ့သည်။ ထိုအယူအဆကပင် ထိုလူ များကို မတ်တပ်ထရပ်စေပြီး၊ သူတို့၏မျက်လုံးများတွင် မျက်ရည်များဝဲလာစေကာ “ကွန်မြူနစ်ဝါဒ ကျဆုံးပါစေ!” ဟု အော်ဟစ်စေခဲ့သည်။

 

ရေစီးကြောင်းဆန့်ကျင်ဘက်သို့ ကူးခတ်ရမည့်အချိန်ကို အလိုလိုသိနေကြသည့် ဆယ်လ်မွန်ငါးများကဲ့သို့ပင်၊ “လူထု” ဆိုသည်မှာ မည်သူများဖြစ်ကြပြီး မည်သူများကတော့ “လူထု” မဟုတ်ကြောင်း ကျွန် တော် တို့အားလုံး သိနေခဲ့ကြသည်။ “လူထုဆိုတာ ဘယ်သူတွေလဲ” ဟု တစုံတယောက်က ပြောပြမှ သိရမည့်သူသည် “လူထု” ထဲတွင် ပါဝင်သူ မဟုတ်နိုင်လောက်ဘူးဟု ကျွန်‌ တော် သည် မကြာမီကပင် ပဲရစ်မြို့ရှိ အဒေါ်ထံ စာရေးခဲ့သည်။

 

ထိုအပြင် ယူနီဖောင်းဝတ်၍ ဝမ်းမြောက်အားရ အော်ဟစ်နေကြသော လူများ၏ ဓာတ်ပုံများကိုလည်း သူမထံ ပို့ခဲ့သည်။ ထိုဓာတ်ပုံများအပြင် ထိုသီတင်းပတ်ကုန်ရက်တလျှောက် လုံး သူတို့ လေ့ကျင့်ခန်းလုပ်နေကြပုံများနှင့် စစ်ရေးလေ့ကျင့်ခန်း ဝင်နေကြပုံများကို ရိုက်ကူးထားသည့် ဓာတ်ပုံများလည်း ပါဝင်သည်။

 

ထိုလူများသည် ရယ်စရာကောင်းသည်၊ မိုက်မဲသည်ဟုပင် ထင်ရနိုင်သည်။ မုတ်ဆိတ်မွေးဖြူဖြူနှင့် ကပ္ပတိန်က အော်ဟစ်အမိန့်ပေးနေစဉ် သူတို့က မြေပြင်ပေါ်တွင် ဒိုက်ထိုးနေကြသည်။ သို့မဟုတ် ခံစားချက်မဲ့နေသည့် ဒုတိယဗိုလ်၏ အမိန့်အတိုင်း သစ်ပင်များနောက်တွင် ပုန်းကွယ်ကာ ရှေးဟောင်းရိုင်ဖယ်များကို ချိန်ရွယ်နေကြသည်။ တခါက အင်ဒီးယန်းများ အမဲလိုက်ခဲ့ကြသည့် ချုံ တောများအတွင်း ဘွန် နှင့်အတူ ကင်းလှည့်သရုပ်ပြလေ့ကျင့်မှုတခု ပြုလုပ်နေကြသည်။

 

သို့သော် သူတို့ကို အထင်မသေးနှင့်ဟု ကျွန်ုပ်က မန်း ထံသို့ ကုဒ်ဖြင့် ရေးထားသော မှတ်စုများထဲတွင် သတိပေးခဲ့သည်။ တော်လှန်ရေး ဆိုသည်များက ဤသို့ပင် စတင်ကြရ စမြဲပင် မဟုတ်ပါလား။ အခြေအနေမည်မျှပင် ဆိုးရွားပြီး အနိုင်ရနိုင်ခြေ မည်မျှပင် နည်းပါးပါစေ တိုက်ပွဲဝင်ရန် အသင့်ရှိသော လူများဖြင့် စတင်ကြသည်။ မိမိတို့တွင် ဆုံးရှုံးစရာ ဘာမျှမရှိသောကြောင့် အရာအားလုံးကို စွန့်လွှတ်ရန် ဆန္ဒရှိသော လူများဖြင့် စတင်ကြရသည်။

 

ဤအချက်သည် မုတ်ဆိတ်မွေးထူထူနှင့် ကပ္ပတိန် ရာထူး ယူထားသူ နှင့် ကွက်တိပင် ဖြစ်သည်။ သူသည် ယခင်က ပြောက်ကျားစစ်သားများကို လိုက်လံရှာဖွေဖမ်းဆီးခဲ့သူဖြစ်သော်လည်း ယခုတော့ စားသောက်ဆိုင်တွင် ဟင်းလျာများကို အမြန်ချက်ပြုတ်ပေးရသည့် စားဖိုမှူးတဦး ဖြစ်နေခဲ့သည်။ ထိုနည်းတူ ခံစားချက်ကင်းမဲ့နေသည့် ဒုတိယဗိုလ်မှာလည်း ချုံခိုတိုက်ခိုက်ခံရသော တပ်ဖွဲ့ တဖွဲ့ထဲမှ တဦးတည်းအသက်ရှင်ကျန်ရစ်သူဖြစ်ပြီး ယခုအခါ ပစ္စည်းများ လိုက်လံ ပို့ဆောင် ပေးရသူအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူ ဖြစ်သည်။

 

ဘွန်ကဲ့သို့ပင် သူတို့နှစ်ဦးစလုံးမှာ စိတ်ပိုင်းဆိုင်ရာအရ ပုံမှန်မဟုတ်ကြောင်း အတည်ပြုနိုင်လောက်သည့် လူမျိုး များဖြစ်ကြသည်။ ထိုင်းနိုင်ငံသို့ ထောက်လှမ်းရေးခရီးစဉ် သွားရောက်ရမည့် ခရီးအတွက် လည်း မိမိတို့ဆန္ဒအလျောက် ပါဝင်ရန် ဆန္ဒပြုထားကြသူ များ ဖြစ်သည်။

 

သူတို့သည် သေခြင်းတရား ဆိုသည်ကို အသက်ရှင်နေခြင်းထက် ပိုမိုကောင်းမွန်သည်ဟုပင် ဆုံးဖြတ်ထားကြသည်။ သူတို့အတွက်တော့ ထိုသဘောထားသည် ပြဿနာမရှိသော်လည်း၊ ကျွန် တော့် အတွက်တော့ သူတို့နှင့်အတူ လိုက်ပါသွားရမည်ဆိုလျှင် အလွန်စိုးရိမ်စရာကောင်းသော အခြေအနေမျိုး ဖြစ်နေခဲ့သည်။

 

"ခင်‌ဗျား တို့ရဲ့ သားမယား တွေ အတွက် ကော” ဟု ကျွန်တော် မေးလိုက်သည်။

 

ကျွန်တော်တို့ လေးယောက်သည် ဝက်သစ်ချပင်တစ်ပင်အောက်တွင် ထိုင်နေကြသည်။ အင်္ကျီ လက်ကို တံတောင်ဆစ်အထက်အထိ လိပ်တင်ထားကြပြီး စစ်တပ်မှ ပိုလျှံ ရိက္ခာ စည်သွပ်ဗူး များကို နေ့လယ်စာအဖြစ် စားနေကြသည်။

 

မျက်နှာကြမ်းတမ်းပြီး အသက်အရွယ်ရလာသော ကပ္ပတိန်သည် သူ့ရိက္ခာဘူးထဲရှိ ဇွန်းကို တခွပ်ခွပ်မြည်အောင် မွှေနေရင်း က..

“ဒါနန်းမှာ ရုပ်ရုပ်သဲသဲ ဖြစ် နေတုန်း ကျွန်တော်တို့ တယောက်နဲ့ တယောက် ကွဲသွားကြတယ်။ သူတို့ အဲဒီနေရာကနေ လွတ်မြောက်မလာနိုင်ခဲ့ကြဘူး။ နောက်ဆုံး ကြားရတဲ့သတင်းအရတော့ ဗီစီတွေက သူတို့ကို နုံးမြေတွေ ရှင်းလင်းဖို့ စေလွှတ်ထားတယ်တဲ့။ ကျွန်တော်နဲ့ ဆက်နွယ်ပတ်သက်နေသူတွေ ဖြစ်နေတာကိုက သူတို့ရဲ့ ပြစ်မှု ဖြစ်နေတယ်။ သူတို့ ပြန်လွတ်လာတဲ့အထိ စောင့်နေလို့ရတယ်။ ဒါမှမဟုတ် ကိုယ်တိုင် သွားခေါ်လို့လည်း ရတယ်ပေါ့။”

 

သူသည် စကားပြောသည့်အခါတိုင်း သွားများကို တင်းတင်းစေ့ထား တတ်၍ အရိုးများကဲ့သို့ ကိုက်ဝါးပြောဆိုနေသလို ဖြစ်နေသည်။

 

ဒုတိယဗိုလ်ကတော့ သူ့စိတ်ခံစားမှု ဆိုသည့် ကြိုးများကို ဖြတ်တောက်ခံထားရသူတဦးပင် ဖြစ်သည်။ လူသားတစ်ဦး၏ အသွင်သဏ္ဌာန်ကို သူ့ထံတွင် တွေ့ရသော်လည်း သူ့ခန္ဓာကိုယ် လှုပ်ရှားနေချိန်တွင် သူ့မျက်နှာနှင့် အသံက လုံးဝ လှုပ်ရှား ပြောင်းလဲမှု မရှိ ဖြစ်နေသည်။

 

 သူက “သူတို့ သေသွားကြပြီ” ဟု ပြောလိုက်သော ထိုအသံမဲ့ကြေညာချက်သည် သူ ငိုကြွေးအော်ဟစ်ခဲ့သည်ဖြစ်စေ၊ ကျိန်ဆဲခဲ့သည်ဖြစ်စေ ထိုထက်ပင် ပို၍ ကြောက်မက် ဖွယ်ကောင်းနေသည်။

 

သူ ဘာတွေကြုံတွေ့ခဲ့ရသလဲဟု မေးရန် ကျွန်တော် ကြောက်နေမိသည်။ ထို့အစား—

“ခင်ဗျားတို့နှစ်ယောက် ပြန်လာဖို့ အစီအစဉ်မရှိဘူးမဟုတ်လား” ဟု ကျွန်တော် မေးလိုက်သည်။

 

ခံစားချက်ကင်းမဲ့ နေသော ဒုတိယဗိုလ်သည် သူ့ခေါင်းကို ဒီဂရီအနည်းငယ်မျှ လှည့်လိုက်ပြီး ကျွန်တော့်ကို ကြည့်လိုက်သည်။

 

“ဘယ်ကို ပြန်လာရမှာလဲ”

 

မျက်နှာကြမ်းကြမ်း ကပ္ပတိန်က တခစ်ခစ်ရယ်လိုက်သည်။

 

“ဒီလောက်လည်း အံ့အားသင့်မနေပါနဲ့ ကောင်လေးရာ။ လူတော်တော်များများကို သေချာပေါက် သေမယ့်နေရာတွေဆီ ငါ ကိုယ်တိုင် အမိန့်ပေးပြီး စေလွှတ်ခဲ့ဖူးပါတယ်။ အခုတော့ ကိုယ့် အလှည့် ဖြစ်ကောင်းဖြစ်လာပြီပေါ့။ ဒီအတွက် တော့ စိတ်မကောင်းလည်း မဖြစ်ပါနဲ့။ ငါကိုယ်တိုင်က အဲလို အချိန်မျိုး ကို မျှော်လင့်နေတာ။ စစ်ပွဲက ငရဲပဲဆိုတာ မှန်ကောင်း မှန်နိုင်တယ်။ ဒါပေမဲ့ ငရဲ ဆိုရင်လည်း ဒီလို ချေးတွင်းကြီးထက်တော့ ပိုကောင်းပါသေးတယ်ကွာ။”

 

ထိုသို့ပြောပြီးနောက် ခံစားချက်ကင်းမဲ့သော ဒုတိယဗိုလ်နှင့် မျက်နှာကြမ်းကြမ်း ကပ္ပတိန်တို့သည် အပေါ့အပါး သွားရန် ထ ထွက်သွားကြသည်။

 

ကျွန်တော် ပဲရစ်ကို ရေးသည့် စာထဲတွင် ဒီလူတွေကို လူမိုက်တွေ လို့ ရေးဖို့ မလို သေးပေ။ အမေရိကန် တော်လှန်ရေး စစ်ပွဲတွင် minutemen ဟု ခေါ်ကြသည့်လယ်သမား၊ ကုန်သည်၊ လက်လုပ်လက်စား တိုက်ပွဲဝင်သူများလို ဗြိတိသျှ ကုတ် အနီ ဝတ် တပ်များကို အနိုင်ယူနိုင်မည်လို့ ယုံကြည်ခဲ့သည့် လူမိုက်များ မဟုတ်သလို၊ ကျွန်တော်တို့ တော်လှန်ရေး၏ ပထမဆုံး လက်နက်ကိုင် ဝါဒဖြန့် တပ်ငယ် လေး သည် လည်း ရှေးဟောင်း မီးကျိုး မောင်းပျက် လက်နက်များ နှင့် လေ့ကျင့်နေကြလောက် အောင် မိုက်မဲသူများလည်း မဟုတ်ကြ‌ ပေ။ 

 

အမေရိကန် ပြည်သူ့စစ်အဖွဲ့သည် နောက်ဆုံးတွင် လူတသန်းခန့် ပါဝင်လာသည့် စစ်တပ်ကြီး အဖြစ် ထွက်ပေါ်လာခဲ့ရသည် မဟုတ်ပါလား။ ဒီတပ်ဖွဲ့ငယ်လေးအတွက်လည်း ထိုကဲ့သို့ ကံကြမ္မာမျိုး စောင့်ကြိုနေမည် မဟုတ်လို့ မည်သူ အတတ် ပြောနိုင် ပေမည်နည်း။ 

 

အဒေါ်ကို မြင်သာသည့် မှင်နှင့်ပင် ရေးလိုက်သည် —ဒီလူတွေကို လျှော့တွက်လို့ မရဘူး။ နပိုလီယံက လူတွေဟာ သူတို့ ရင်ဘတ်မှာ ချိတ်ထားတဲ့ ဖဲကြိုးအပိုင်းအစလေးတွေအတွက်တောင် အသေခံ နိုင်ကြတယ်လို့ ပြောခဲ့ပေမယ့်၊ ဗိုလ်ချုပ်ကြီးက ပိုပြီး နားလည်တယ်—လူတွေဟာ သူတို့ရဲ့ နာမည်ကို မှတ်မိနေတဲ့ ခေါင်းဆောင်တ ယောက်အတွက် ပိုပြီးတော့တောင် အသေခံနိုင်တယ် ဆိုတာကို။

 

ဗိုလ်ချုပ်ကြီးက တပ်ကို စစ်ဆေးတဲ့အခါ သူတို့ကြားထဲ လမ်းလျှောက်သွားတယ်၊ သူတို့နဲ့အတူ စားတယ်၊ နာမည်ခေါ်ပြီး ဇနီး၊ သားသမီး၊ ချစ်သူ၊ ဇာတိမြို့တွေ အကြောင်းကို မေးတယ်။ လူတိုင်း အလိုရှိတာက အသိအမှတ်ပြုခံရခြင်းနဲ့ မှတ်မိခံရခြင်းပဲ။ တခုမရှိဘဲ နောက်တခု မဖြစ်နိုင်ဘူး။ ဒီဆန္ဒနဲ့ပဲ စားပွဲထိုးတွေ၊ သန့်ရှင်းရေး သမားတွေ၊ အမှိုက်သိမ်းသမားတွေ၊ ဥယျာဉ်မှူးတွေ၊ စက်ပြင်သမားတွေ၊ ညစောင့်တွေနဲ့ အစိုးရ ရဲ့ ခံစားခွင့်ရ နေသူတွေက ယူနီဖောင်း၊ ဘွတ်ဖိနပ်နဲ့ သေနတ်တွေ ဝယ်ဖို့ ငွေစုလာကြတယ်၊ တခါတုန်းက လူတွေလို ပြန်ဖြစ်ချင်ကြလို့ပဲ။ 

 

သူတို့ဟာ သူတို့နိုင်ငံကို ပြန်ရချင်တယ်၊ ချစ်ရတဲ့ အဒေါ်ရေ - ဒါပေမယ့် သူတို့ဟာ အခု မရှိတော့တဲ့ နိုင်ငံကနေ “နိုင်ငံ့သားကောင်း” အဖြစ် မြင်ပေးစေချင်တယ်။ ဇနီးသားသမီး‌ တွေရဲ့ မျက်လုံးထဲမှာ သူတို့ဟာ အရေးပါတဲ့၊ ဂုဏ်ရှိတဲ့ လူတွေ ဖြစ်ချင်တယ်။ ပြည်ပရောက်ဘဝမှာ ပျောက်ဆုံးသွားတဲ့ ဂုဏ်သိက္ခာကို ပြန်ရချင်တယ်။ အနာဂတ် မျိုးဆက်တွေကနေ သူတို့ကို “ဘိုးဘေးသူရဲကောင်း” အဖြစ် မှတ်မိပြီး ဂုဏ်ယူစေချင်တယ်။ တခါတုန်းက သူတို့ ဖြစ်ခဲ့တဲ့ လူတွေ (စစ်သား၊ နိုင်ငံသား၊ ဂုဏ်ရှိသူ) တွေ ဆီကနေလည်း အသိအမှတ်ပြုခံချင်တယ်။ အခုလို အထီးကျန်၊ နှိမ့်ချခံရတဲ့ ဘဝမှာ ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့ မူလဘဝကို ပြန်ရှာဖွေချင်ကြတယ်။ တောင့်တ လာကြတယ်။

 

သူတို့ ရှုံးရင် လူမိုက်တွေလို့ ခေါ်လိုက်ပါ။ ဒါပေမယ့် သူတို့ မရှုံးရင် အသက်ရှင်နေသည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ သူရဲကောင်းတွေနဲ့ အမြော်အမြင်ရှိသူတွေသာ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ဘာပြောပြော ကျွန်တော် သူတို့နဲ့အတူ ကျွန်တော့် နိုင်ငံကို ပြန်သွားကောင်း ပြန်သွားနိုင်တယ်။

 

ကျွန် တော် ကိုယ် တိုင် ပြန်သွားရနိုင်ခြေကို စီစဉ်တွေးတောနေမိသော်လည်း ဘွန်ကို တော့ ပြန်သွားဖို့ မစဉ်းစားမိအောင် တတ်နိုင်သမျှ တားဆီးဖျောင်းဖျဖို့ ကြိုးစားနေခဲ့သည်။

 

ဆယ်မိုင်ခန့် လမ်းလျှောက်ခရီး မစတင်မီ ကျွန်တော်တို့နှစ်ယောက် ဝက်သစ်ချပင်အောက်မှာ စီးကရက် တလိပ်ကို နေုာက်ဆုံး အနေနှင့် သောက်နေကြသည်။ 

 

မျက်နှာကြမ်းကြမ်း၊ အသက်အရွယ်ရင့်ရော်နေသော ကပ္ပတိန်ကြီးနှင့် ခံစားချက်ကင်းမဲ့သည့် ဒုဗိုလ်က အမိန့်ပေး လိုက်၍ လူတွေ ထလာကြပြီး အကြောအချင် ဆန့် နေကြသည်။ ထို့နောက် သူတို့၏ အဖုအထစ်များဖြင့် ပြည့်နေသော ကိုယ်ခန္ဓာအနှံ့ ကို ကုတ်ခြစ်နေကြသည်ကို ကျွန်တော်တို့ ကြည့်နေမိကြသည်။

 

"အဲဒီ လူတွေက သေချင်စိတ် ရှိနေကြတာပဲ” ဟု ကျွန်တော် ပြောလိုက်သည်။ 

 

“မင်း နားမလည်ဘူးလား။ သူတို့ ပြန်လာဖို့ လုံးဝ ရည်ရွယ်ချက်မရှိဘူး။ ဒါက ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ မစ်ရှင်ဆိုတာ သူတို့သိတယ်။ ဘဝဆိုတာလည်း ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ မစ်ရှင်ပဲလေ။”

 

“မင်းပြောတာ တော်တော် အတွေးအခေါ်ဆန်တာပဲ” ဟု ကျွန်တော် ပြောလိုက်သည်။ “ဒါပေမဲ့ မင်းရူးနေတယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲမပေးနိုင်ဘူး။”

 

သူ ရယ်လိုက်သည်။ တကယ့်ကို စိတ်ပါလက်ပါ ရယ်လိုက်ခြင်းဖြစ်သည်။ ဆိုင်ဂုံက ထွက်လာကတည်းက သူ့အား ထိုသို့ရယ်မောသည်ကို မြင်ရခြင်းမှာ အလွန်ရှားပါးခဲ့သဖြင့် ကျွန်တော်ပင် အံ့အားသင့်သွားသည်။

 

သူ့ကို ကျွန်တော် သိကျွမ်းလာခဲ့သည့် အချိန်မှစ၍ ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ထို့ နောက်တွင်တော့ ရှည်လျားလှသည့် မိန့်ခွန်းကြီးကို စ ချွေတော့သည်။

 

“ရူးသွပ်တယ် ဆိုတာ အသက်ရှင်နေဖို့ အကြောင်းပြချက်မရှိတော့တဲ့အချိန်မှာ ဆက်ပြီး အသက်ရှင်နေတာပဲ” ဟု သူပြောသည်။

 

“ငါ ဘာအတွက် အသက်ရှင်နေရမှာလဲ။ ငါတို့ နေတဲ့တိုက်ခန်းထဲမှာ ဘဝတခုကို ဖြတ်သန်းဖို့လား။ အဲဒါ အိမ်မဟုတ်ဘူး။ သံတိုင်မပါတဲ့ အကျဉ်းခန်းပဲ။

 

“ငါတို့အားလုံး—အားလုံးဟာ သံတိုင်မပါတဲ့ ထောင်ခန်းတွေထဲမှာ ရှိနေကြတာ။ ငါတို့ဟာ ယောက်ျားတွေ မဟုတ်တော့ဘူး။

 

အမေရိကန်တွေက ငါတို့ကို နှစ်ကြိမ်တောင် အရှက်ခွဲခဲ့ပြီးပြီ ဒါကိုလည်း ငါတို့မိန်းမတွေနဲ့ ကလေးတွေပါ မြင်ခဲ့ရပြီးတဲ့ နောက်ပိုင်း ငါတို့ ယောက်ျားတွေ မဟုတ်တော့ဘူး။”

 

“ပထမတစ်ကြိမ်မှာ အမေရိကန်တွေက ‘မင်းတို့ အသားဝါ တွေကို ငါတို့ ကယ်တင်ပေးမယ်။ ငါတို့ပြောတဲ့အတိုင်းသာ လုပ်ကြ။ ငါတို့အတွက် တိုက်ပေးကြ၊ ငါတို့ပိုက်ဆံကို ယူကြ၊ မင်းတို့မိန်းမတွေကို ငါတို့ကို ပေးကြ။ အဲဒီနောက် မင်းတို့ လွတ်လပ်သွားမယ်’ လို့ ပြောခဲ့တယ်။

 

ဒါပေမဲ့ အရာရာဟာ အဲဒီလို ဖြစ်မလာခဲ့ဘူး မဟုတ်လား။

 

ပြီးတော့ ငါတို့ကို အရှက်ခွဲဖျက်ဆီးပြီးတဲ့နောက် သူတို့ကပဲ ငါတို့ကို ကယ်တင်ခဲ့ကြတယ်။ ဒါပေမဲ့ တလျှောက်လုံး ငါတို့ရဲ့ ယောက်ျားအင်္ဂါတွေကို ဖြတ်ပစ်ပြီး လျှာတွေကိုပါ ဖြတ်ထုတ်ခဲ့ကြတယ်ဆိုတာတော့ ငါတို့ကို မပြောခဲ့ဘူး။

 

ဒါပေမဲ့ မင်းသိလား.. ငါတို့သာ တကယ့်ယောက်ျားတွေ ဖြစ်ခဲ့မယ်ဆိုရင် သူတို့ကို အဲဒီလို လုပ်ခွင့်ပေးခဲ့မှာ မဟုတ်ဘူး။”