စပိန် ကိုလိုနီ သမားများကဲ့သို့ လှုပ်ရှားခဲ့ကြသော တရားစွဲဆိုရေးအဖွဲ့များက ကာဇာ နှင့် ၎င်းကို အသုံးပြုသူများအား နောက်ဆုံးတွင် အောင်မြင်စွာ တရားစွဲဆိုနိုင်ခဲ့သောအခါ ဇန်းစထရွမ် သည် ဟော်လန် ရှိ ၎င်း၏ မိခင်ကုမ္ပဏီကို တောင်ပစိဖိတ်သမုဒ္ဒရာရှိ ဗန်နော်တူကျွန်းပေါ်တွင် အခြေစိုက်သည့် ကုမ္ပဏီတခုထံသို့ ရောင်းချခဲ့သည်— ယင်းနေရာမှာ အမေရိကန်နှင့် ဥရောပ တရားဥပဒေစနစ်များ၏ လက်လှမ်းမမီနိုင်သော နေရာပင် ဖြစ်သည်။
လှည့်လည်သွားလာနေထိုင်ကြရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ကြသော အပါချီ လူမျိုးများကဲ့သို့ပင် ဇန်းစထရွမ်သည်လည်း ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဗဟိုချုပ်ကိုင်မှု ကင်းမဲ့အောင် ပြုလုပ်ရုံသာ ရှိတော့သည်။
သူသည် ရလာသည့် ငွေများကို တခါဖူးမျှ ထုတ်ယူနိုင်ခဲ့ခြင်း မရှိပေ။ နန်တန် ခေါင်းဆောင်များသည်လည်း ချမ်းသာကြွယ်ဝလာကြသည့် ထုံးစံ မရှိခဲ့ကြပေ။ သို့သော် ဇန်စထရွန် အတွက်မူ လောလောဆယ် တော့ ဝမ်းနည်းမနေပါနှင့်၊ နောက်ပိုင်းတွင် ကျွန်ုပ်တို့ မြင်တွေ့လာရမည်က တေးဂီတလုပ်ငန်းမှနေ၍ တရားစွဲဆိုခံလိုက်ရခြင်းကပင် သူ့ဘဝအတွက် အကောင်းဆုံး ဖြစ်လာခဲ့သည်များပင် ဖြစ်သည်။
ကာဇာ နှင့် ဆင်တူယိုးမှားဖြစ်သော Grokster နှင့် eDonkey ကဲ့သို့သော ကုမ္ပဏီများနှင့် တေးသံသွင်း လုပ်ငန်းများအကြားတွင် ထိုကဲ့သို့ပင် ကြွက်နှင့်ကြောင် ဖမ်းပွဲမျိုး ဆက်လက် ဖြစ်ပွားခဲ့သည်။ ဗယ်ရီလီ ကို မှတ်မိကြဦးမည်လား။ ၂၀၀၅ ခုနှစ်တွင် ဂရော့စတာကုမ္ပဏီကို တရားစွဲဆိုသည့် အမ်ဂျီအမ် ၏ အမှုကို ၎င်း ကိုယ်တိုင် လျှောက်လဲချက်ပေးချိန်၌ တေးသံသွင်း ကုမ္ပဏီများ၏ မဟာဗျူဟာတွင် ကြီးမားသည့် ပြဿနာနှစ်ရပ် ရှိနေပြီဖြစ်သည်။ ၎င်းမှာ ထိရောက်မှု မရှိရုံသာမက ပြဿနာကို ပိုဆိုးလာစေခြင်းပင် ဖြစ်ပေသည်။
Napster ၏ အမည်ကို ဝယ်ယူခဲ့သည့် Napster II ၏ လက်ရှိ အမှုဆောင်အရာရှိချုပ် ခရစ် ဂိုရော့ဂ် က ရှင်းပြသည့်အတိုင်းပင် - "သီချင်း/ဖိုင်တရားမဝင် ကူးယူမျှဝေမှုတွေကတော့ အမြဲတမ်း ရှိနေဦးမှာပါပဲ၊ ဒါပေမဲ့ အဲဒါကို ရဲတင်းပြီး မှားယွင်းတဲ့ လုပ်ရပ်တခုလို့ မိဘတွေအနေနဲ့သတ်မှတ်လာကြ ပြီး အလွန်အမင်း သတိဝီရိယ ထားလာကြပါပြီ။" (ပုံတွင် Napster logo ကို တွေ့နိုင်သည်။)
ထို့ကြောင့် တရားစွဲဆိုမှုများသည် အပြောင်းအလဲ တစုံတရာ ဖြစ်စေခဲ့သည်ဟု ဆိုလိုသလော။ အတိအကျတော့ မဟုတ်ပေ။ "တရားမဝင် ကူးယူမှုတွေ နည်းနည်း လျော့ကျသွားကြောင်း ပြသနေတဲ့ ကိန်းဂဏန်းတွေ ရှိတယ်ဆိုတာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ အဲဒါတွေက သိသိသာသာကြီး လျော့ကျသွားတယ်လို့တော့ ကျွန်တော် မထင်ပါဘူး" ဟု ခရစ်က ဝန်ခံပြောကြားခဲ့သည်။
တေးဂီတ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာ အလုပ်ဖြစ်သည်ဟု ယုံကြည်ကောင်း ယုံကြည်နေ ကြ ပေလိမ့်မည်၊ သို့သော် လက်တွေ့တွင်မူ ဤပြဿနာကို ဖြေရှင်းနိုင်ရန်ကား များစွာ ဝေးကွာ နေသေးပေသည်။
တေးဂီတလုပ်ငန်းသည် ခိုးယူသုံးစွဲမှု (ဖိုင်များ တရားမဝင် မျှဝေမှု) များကို တားဆီးရန် မစွမ်းဆောင်နိုင်ရုံသာမက ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၏ ပထမဆုံးနိယာမနှင့်အညီ ဓါတ်ပြား ကုမ္ပဏီများက နက်စတာ သို့မဟုတ် ကာဇာ ကဲ့သို့သော ကုမ္ပဏီများကို တရားစွဲဆိုတိုင်း ပို၍ ပင် ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ပြီး ချေမှုန်းရန် ပိုမိုခက်ခဲသော ကစားသမားသစ် တဦးစီ ပေါ်ထွက်လာစမြဲ ဖြစ်သည်။
ဥပမာအားဖြင့် ကာဇာကို တောင်ပစိဖိတ်ဒေသဘက်သို့ နှင်ထုတ်လိုက်ပြီးနောက် လူမသိသူမသိ ဟက်ကာတစ်ဦးက ထိုဝန်ဆောင်မှုကို ပိုမိုပွင့်လင်းပြီး ဗဟိုချုပ်ကိုင်မှု ပိုကင်းမဲ့သွားအောင် ပြုလုပ်လာ နိုင် ခဲ့သည်။ ထိုဟက်ကာသည် ကာဇာဆော့ဖ်ဝဲကို ယူပြီး ကြော်ငြာပြသခြင်းနှင့် ဝင်ငွေရှာဖွေပေးသည့် အစိတ်အပိုင်းများကို ဖယ်ရှားထားသည့် ဗားရှင်းအသစ်ကို အွန်လိုင်းတွင် ဖြန့်ဝေခဲ့သည်။
ဤကဲ့သို့ ဗဟိုချုပ်ကိုင်မှု ပို၍ကင်းမဲ့လာသော ကာဇာ၏ ဗားရှင်းအသစ်ကို ကာဇာလိုက် Kazaa Lite သို့မဟုတ် ကေပလပ်စ် (K+) ဟု ခေါ်ဆိုကြသည်။ သုံးစွဲသူ သန်းပေါင်းများစွာသည် ကာဇာလိုက်ကို စတင်ဒေါင်းလုဒ် လုပ်လာခဲ့ကြသည်။ ကာဇာကဲ့သို့ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုဖြစ်သော eDonkey သည်လည်း ထိုသို့ ဖြစ်လာခဲ့သည်။
eDonley သည် အီမြူး (eMule) ဆိုသည့် တရားမဝင် ရင်သွေးကို မွေးဖွား ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ eMule သည်ဘ eDonkey ၏ နည်းပညာ နှင့် ပုံစံကို အခြေခံပြီး ခိုးထုတ်ပြင်ဆင်ထားသည့် ဗားရှင်းအသစ် တခု ကို ချပြလာခဲ့သည်။
ဤသို့ဖြင့် eDonkey အပါအဝင် အခြားသော ပြိုင်ဘက်ကုမ္ပဏီများ၏ စျေးကွက်ဝေစုကို လုယူစားသုံလာ၍ ကုမ္ပဏီတိုင်း၏ စိတ်အာရုံကို ခြောက်ခြားစေခဲ့သည့် အတုအပတခု ဖြစ်လာခဲ့သည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်လာရသနည်း ဆိုသော် အီမြူးသည် တေးဂီတလုပ်ငန်းလောကတွင် မည်သူမျှ မကြုံဖူးခဲ့သည့် ဗဟိုချုပ်ကိုင်မှုအကင်းမဲ့ဆုံး လုပ်ငန်း ဖြစ်လာသောကြောင့်ပင်တည်း ၊ ၎င်းတို့၏ ဆော့ဖ်ဝဲမှာ လုံးဝ နီးနီး ပွင့်လင်းမြင်သာသော အရင်းအမြစ် open-source ကို သုံးလာခဲ့သည်။
ထို့အတွက် ပိုင်ရှင်ဟူ၍လည်း တသီးတသန့် မရှိ တော့။ မွန်တက်ဇူမာ လည်း မရှိပေ။ အီမြူးကို မည်သို့သော နည်းဖြင့် ရပ်တန့် အောင် လုပ်နိုင်မည်ကို မတွေးတတ် အောင် ဖြစ်လာကြသည်။ ဘယ်မှာ ရှိနေမှန်းပင် မသိ ကြတော့။ eDonkey ၏ အကြီးအကဲ Sam Yagan က "အီမြူးဆိုတာ တရားခံပျောက် ကွန်ရက်တခုပါ၊ ဒါဟာ အရင်းအမြစ်ကို ပွင့်ပွင့်လင်းလင်း ချပြထားတဲ့စနစ်ဖြစ်လို့ အီမြူးဆိုတဲ့ အဖွဲ့အစည်းနောက်ကို လိုက်လို့ရမယ့်လမ်းစ လုံးဝမရှိပါဘူး" ဟု ရှင်းပြခဲ့သည်။
သူသည် အတွေ့အကြုံအရ ပြောဆိုနေခြင်းဖြစ်သည် - "အီမြူးလူစုကို သွားရှာပြီး ပိတ်ပစ်ချင်တဲ့ စိတ်ဆန္ဒ အပြင်းထန်ဆုံးရှိခဲ့သူတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ပါပဲ၊ တကယ်တော့ ကျွန်တော်တို့ဟာ ဒီလုပ်ငန်းရဲ့ အတွင်းလူတွေ ဖြစ်နေပါလျက်နဲ့ တောင် သူတို့ကို ရှာမတွေ့ခဲ့ပါဘူး" ဟု ဆိုလေသည်။
eMule ကဲ့သို့သော ကုမ္ပဏီများသည် အလွန်ပင် ဗဟိုချုပ်ကိုင်မှု ကင်းမဲ့လွန်းလှသဖြင့် မည်သည့် တေးသံသွင်းကုမ္ပဏီ ရှေ့နေ တဦး တလေမျှ လက်လှမ်း မမီ နိုင် အောင် ဖြစ်နေကြသည်။ ဘယ်သူ့ကို တရားစွဲရမည်နည်း - ဆော့ဖ် ဝဲလ်ကိုလား။ ခေါင်းဆောင်ဆို၍လည်း အရိပ်အယောင်မျှပင် မရှိပေ။ eMule ဆိုသည်မှာ တကယ်တမ်း ရှိတောင်မရှိဘူးလို့ ထင်ရလောက်သည်အထိ ဖြစ်နေသော်လည်း လက်တွေ့တွင်မူ လူတိုင်း၏ အမြတ်အစွန်းများကို တစတစ တိုက်စားဖျက်ဆီးနေပြီ ဖြစ်သည်။
သို့ဆိုလျှင် အမ်ဂျီအမ် (MGM) စီအီးအိုတစ်ဦးအနေဖြင့် ဘာလုပ်သင့်သနည်း။ ဆမ် ယာဂန်နှင့် eDonkey မှ လူငယ်များက ၎င်းတို့၏ သုံးစွဲသူများထံမှ ဝန်ဆောင်ခ ကောက်ခံရန်နှင့် ရရှိလာသော ငွေများကို တေးသံသွင်းစတူဒီယို များနှင့် မျှဝေရန်၊ တရားဝင် စာရင်းသွင်းစနစ် Subscription model သို့ ပြောင်းလဲရန် ကမ်းလှမ်းခဲ့ကြသည်။ သို့သော် တေးသံသွင်းကုမ္ပဏီများက လုံးဝ လက်မခံခဲ့ပေ။ ယင်းအစား ၎င်းတို့သည် အသက်ဆက်ရပ်တည်နိုင်မည့် လမ်းကြောင်းများကိုသာ အလုပ်ရှုပ်ခံ ရှာဖွေနေကြသည်။
Napster II ၏ စီအီးအို က "တေးသံသွင်းကုမ္ပဏီတွေ ရပ်တည်လာတာ နှစ်တရာလောက် ရှိပြီ။ အဲဒီ နှစ်တရာအတွင်းမှာ သူတို့ဟာ အနုပညာရှင်တွေကို ပေးသင့်ပေးထိုက်တဲ့ အနုပညာ ကြေးကို မဆိုသလောက်ပဲ ပေးခဲ့ကြတယ်။ သူတို့ရဲ့ အဓိကလုပ်ငန်းက ဘာလဲဆိုတာကို စျေးကွက်ရှာဖွေရေး ကုမ္ပဏီတွေအဖြစ် ပြန်လည်ပုံဖော်ဖို့ ကြိုးစားနေကြပေမဲ့၊ စဉ်းစားကြည့်ပါဦး၊ ဂီတအနုပညာရှင်တွေအတွက် ပရင့်ကြော်ငြာတွေ၊ တီဗီကြော်ငြာတွေ ဒါမှမဟုတ် ဘေလ်ဘုတ် ကြော်ငြာတွေကို ခင်ဗျား ဘယ်နှစ်ခါလောက် မြင်ဖူးလဲ။ ရှားပါတယ်။ တချိန်ချိန်ကျ အရင်ကလို အနုပညာရှင်နဲ့ ပရိသတ်ကြား ကနေ ရပ်တည်ပြီး အမြတ်ထုတ် လို့ မရ တော့ဘဲ လုံးဝ ဖယ်ရှားခံရမည့် အနေအထားသို့ ရောက်သွားကြလိမ့်မယ်" ဟု ပြောခဲ့သည်။