ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(40)

by Hla Soewai - Sep 21 2026

တီယန်မင် ဖြစ်ရပ်အလွန် စနစ်၏ အဓိက မဏ္ဍိုင်များ

 

၁၉၉၂ ခုနှစ်တွင် တိန့်ရှောင်ဖိန် ၏ သမိုင်းဝင် တောင်ပိုင်းခရီးစဉ်ဖြင့် စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ရှီကျင့်ဖျင် ပါတီအကြီးအကဲအဖြစ် တာဝန်ယူမှုဖြင့် အဆုံးသတ်ခဲ့သော တခေတ်ဆန်း အာဏာရှင် စနစ်သည် ဆယ်စုနှစ် နှစ်ခုခန့် ကြာမြင့်ခဲ့သည်။ ဤကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး "အံ့ဖွယ်ဖြစ်စဉ်" ကို ဖော်ဆောင်ပေးနိုင်ခဲ့သည့်အပြင်၊ တီယန်မင် အရေးအခင်း အလွန် စနစ်သစ် ကို အောက်ပါအချက်များဖြင့် ထင်ရှားစေခဲ့သည် -

 

မူဝါဒအပေါ် အုပ်ချုပ်သူ များအကြား အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောတူညီချက် ရှိနေခြင်း၊

အမြင့်ဆုံးအဆင့်တွင် စုပေါင်းခေါင်းဆောင်မှုစနစ်

နှင့် အာဏာခွဲဝေကျင့်သုံးမှု ရှိခြင်း၊

အုပ်စိုးသူများအကြား အတိအလင်း မပြောထား သော်လည်း အသေအချာ နားလည်သဘောတူထားကြသည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ရှိနေခြင်း (ဆိုလိုသည်မှာ နိုင်ငံရေးပြိုင်ဘက် ဖြစ်လာပါက ရာထူးဖြုတ်ချရုံတင်မကဘဲ အသက်အန္တရာယ်ပါ ထိခိုက်သည်အထိ နှိပ်ကွပ်ခြင်း၊ သန့်စင်ပစ်ခြင်း မျိုး မလုပ်ပါဟု အချင်းချင်း နားလည်မှု ယူထားခြင်းပင် ဖြစ်သည်။)

 

ရာထူး ကို ခန့်အပ်မြှင့်တင်ရာတွင် တည်ဆောက်ထားပြီးသား စည်းမျဉ်းစည်းကမ်းများနှင့် စံနှုန်းများကို အခြေခံ၍ လုပ်ဆောင်ခြင်းတို့ ဖြစ်ကြသည်။

 

ထို နိုင်ငံရေး စနစ်သစ် ၏ ထင်ရှားသော လက္ခဏာများသည် ၁၉၄၉ ခုနှစ်နောက်ပိုင်း ကျင့်သုံးလာခဲ့ပုံ နှင့် သိသိသာသာကြီး ကွဲပြားနေခဲ့သည်။ မော်စီတုန်းခေတ် (၁၉၄၉-၁၉၇၆) အတွင်း တဦးတည်းသော အာဏာရှင်အုပ်ချုပ်ရေးနှင့် အဆက်မပြတ် သန့်စင်နှိမ်နင်းမှုများက အထက်လွှာနိုင်ငံရေးကို လွှမ်းမိုးခဲ့ပြီး၊ ၂၀၁၃ ခုနှစ်နောက်ပိုင်း ရှီကျင့်ဖျင်၏ "ခေတ်သစ်" တွင်လည်း ထိုကဲ့သို့ပြန် ဖြစ်လာခဲ့သည်။ 

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်းကမူ အတွေးအခေါ်ပိုင်းဆိုင်ရာ ကွဲပြားချက်များကြောင့် မူဝါဒပိုင်းဆိုင်ရာ ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားစေခဲ့ပြီး အထွေထွေ အတွင်းရေးမှူး နှစ်ဦးအား ရာထူးမှ ထုတ်ပယ်ပစ်ရသည် အထိ ဖြစ်လာခဲ့ရသည်။ 

 

တီယန် မင်ဖြစ်ရပ်အလွန် အထက်လွှာနိုင်ငံရေးတွင် သိသိသာသာ တည်ငြိမ်စေခဲ့သည့် အကြောင်းရင်းမှာ တိန့်ရှောင် ဖိန် အလွန်ခေတ်တွင် နိုင်ငံရေးတည်ငြိမ်မှု အတွက် အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းသည် အဓိကလား၊ သို့တည်း မဟုတ် ခေါင်းဆောင်တဦးချင်း၏ အာဏာကပဲ အဓိကလား" ဆိုသည် နှင့် ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးငြင်းခုံမှုများ ဖြစ်လာအောင် တွန်းအားပေးနိုင်ခဲ့၍ ဖြစ်သည်။

 

ဤဖြစ်ပေါ်တိုးတက်မှု၏ နောက်ကွယ်မှ ထင်ရှားသော အကြောင်းရင်းတရပ်မှာ တော်လှန်ရေး ဝါရင့်ခေါင်းဆောင်ကြီးများ ၁၉၉၀ ပြည့်နှစ်များအစောပိုင်းတွင် စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလတွင် တိန့်ရှောင်ဖိန် ကွယ်လွန်ခြင်းဖြင့် ပြီးဆုံးသွားခဲ့သည့် ကာလ အတွင်း အေးဆေးစွာ နိုင်ငံ ရေး မှ အနားယူထွက်ခွာ သွားနိုင်မှုပင် ဖြစ်သည်။

 

 တော်လှန်ရေး ဝါရင့်ခေါင်းဆောင်များနေရာတွင် ပညာတတ် လူငယ်မျိုးဆက်သစ် တတ်သိပညာရှင် များ (ကျန်းဇီမင်သည် ကောလိပ်ပညာရေးဖြင့် ပထမဆုံးသော ပါတီခေါင်းဆောင် ဖြစ်လာခဲ့သူ ဖြစ်သည်) နေရာယူလာနိုင်ခြင်းမှာ အဓိကအားဖြင့် ၁၉၉၂ ခုနှစ်အတွင်း တိန့် ရှောင် ဖိန်၏ နိုင်ငံရေးအရ လိမ္မာပါးနပ်စွာ စီမံခန့်ခွဲနိုင်မှုကြောင့် တစုံတရာ အနှောင့်အယှက် ပေါ်မလာခဲ့ခြင်း ဖြစ်သည်။

 

 ၎င်း၏ နီယို-အာဏာရှင်ဆန်သော အမြင်အပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပြိုလဲသွားခြင်းက ပါတီကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် အာဏာဆက်လက် ချုပ်ကိုင်ထားနိုင်ရေး ဟူသော သူ၏မူဝါဒကို အကောင်အထည်ဖော်ပေးနိုင်မည့် ခေါင်းဆောင်မှုအဖွဲ့တဖွဲ့ကို ခန့်အပ်နိုင်ရန် လမ်းခင်းပေးခဲ့သည်။ တိုက်ဆိုင်မှု တခုသည်ကား မူဝါဒတင်းမာသူ အများစုသည် တိန့်ရှောင်ဖိန် မကွယ်လွန်မီကတည်းက အားလုံးနီးပါး သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။ 

 

၎င်းတို့ မရှိကြတော့သဖြင့် တိန့်ရှောင်ဖိန်သည် သူ၏ မပြီးပြတ်သေးသော လုပ်ငန်းစဉ်များကို ဆက်၍ အကောင်အထည် ဖေါ် နိုင်ရန် လွှဲအပ် ပေးခဲ့သည့် ခေါင်းဆောင်မှုအသစ်အပေါ် ကျရောက်လာနိုင်သည့် ခြိမ်းခြောက်လာနိုင်သည်များကို ဖယ်ရှားပေးနိုင်ခဲ့သည်။

 

သို့သော် မဆိုသလောက်သော မူဝါဒတင်းမာသူ အချို့မှာမူ ဆက်လက်ရှင်သန်နေဆဲပင် ဖြစ်သည်။ သို့သော် တရားဝင် ရာထူးနေရာများ မရှိတော့၍ ထောက်ခံသူများ မရှိ ဖြစ်နေသဖြင့် ၎င်းတို့အနေဖြင့် "အရင်းရှင် ဝါဒ သွတ်သွင်းလာခြင်း" ဟု တခါတရံ လေသံပစ်ဝေဖန်ခြင်းမှလွဲ၍ အခြားမည်သည်ကိုမျှ မလုပ်ဆောင်နိုင်ခဲ့ကြပေ။ 

 

၁၉၉၂ ခုနှစ်နောက်ပိုင်း မူဝါဒတင်းမာသူများကို ဘေးဖယ်ထုတ် နိုင်ခဲ့ခြင်းနှင့် ၁၉၈၉ တွင် လစ်ဘရယ်ဝါဒီများကို သန့်စင်ထုတ်ပစ်ခဲ့ခြင်းတို့ ကြောင့် ခေါင်းဆောင်မှုအသစ်များ အနေဖြင့် ၎င်းတို့ အင်အားယုတ်လျော့စေမည့် အတွင်းရေး အငြင်းပွားမှုများမရှိဘဲ တိန့် ရှောင်ဖိန် ၏ မူဝါဒများကို တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်နိုင်ခဲ့ကြသည်။

 

၁၉၉၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော (၁၄) ကြိမ်မြောက် ပါတီညီလာခံ၌ တိန့်ရှောင်ဖိန် သည် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ရွေးချယ်တင်မြှောက်ပေးခဲ့ပြီးနောက် နိုင်ငံရေးဇာတ်ခုံမှ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့သည်။ တရားဝင် မှတ်တမ်းများအရ သူ၏နောက်ဆုံး လူထုရှေ့မှောက် ပေါ်ထွက်လာမှုမှာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပြီး၊ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မကွယ်လွန်မီ သုံးနှစ်အလိုခန့်က ဖြစ်သည်။ 

 

တီအန်မင် အရေးအခင်းအပြီး နိုင်ငံရေးစနစ်၏ အုတ်မြစ်များကို ချမှတ်ခဲ့သည်မှာ ဤကာလအတွင်းပင် ဖြစ်သည်။ အခွင့်အရေးသမားတဦးဟု နာမည်ပျက်ရှိခဲ့သော်လည်း ကျန်းဇီမင်း သည် ထိုအချိန်တွင် တိန့်ရှောင်ဖိန်၏ အမြင်ကို အပြည့်အဝ ယုံကြည်လက်ခံလာခဲ့ပြီး၏ အာဏာရှင်ဆန်ဆန် ခေတ်မီဆန်းသစ်ရေး ဝါဒ လမ်းစဉ် များကို ချွင်းချက်မရှိ စတင်အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည်။

 

၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော (၁၄) ကြိမ်မြောက် ဗဟိုကော်မတီ တွင် ဂျန်ဇီ မင်းသည် သမိုင်းဝင် မှတ်တိုင်တခု ဖြစ်လာမည့် စာတမ်းတရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဦးဆောင်လမ်းပြပေးခဲ့သည်။

 

 "ဆိုရှယ်လစ်ဈေးကွက် စီးပွားရေးစနစ် အဖွဲ့အစည်းများ တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်အချို့နှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်" ဆိုသည်မှာ ၁၉၈၀ ပြည့်လွန်နှစ်များတလျှောက်လုံး တိန့် ရှောင်ဖိန် လက်ထက်က မရရှိခဲ့ဖူးသေးသော အတွေးအခေါ်ပိုင်းဆိုင်ရာ အောင်မြင်မှုတရပ် ဖြစ်လာပြီး ဈေးကွက်စီးပွားရေးစနစ်၏ အဆင့်အတန်းကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပေသည်။

 

ဤဆုံးဖြတ်ချက်သည် ယခင်ဆယ်စုနှစ်အတွင်း ရှေးရိုးစွဲဝါဒီများ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည့် အစွန်းရောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် မူဘောင် တရပ်ကိုလည်း ချမှတ်ပေးခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ပါ ပြဋ္ဌာန်းချက် ငါးဆယ်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ကို ပြုပြင်ပြောင်းလဲရေး၊ ဈေးကွက်စီးပွားရေးစနစ်၏ အခြေခံအဆောက်အအုံများကို ဖွံ့ဖြိုးတိုးတက်စေရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရေး၊ မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှု ယန္တရားများ တည်ထောင်ရေး၊ ကမ္ဘာ့စီးပွားရေးလောကဆီသို့ တံခါးဖွင့်ဝါဒကို ပိုမိုတိုးချဲ့ရေးနှင့် ခေတ်မီဥပဒေစနစ်ဘတခု တည်ဆောက်ရေး စသည့် အစီအစဉ်များ ပါဝင်လေသည်။