ထို့နောက် အမေသည်သည် ရှေ့မှ သွားနေသော သားဖြစ်သူ ကို မှီရန် ခပ်သွက်သွက် ဆက် လျှောက်လာခဲ့သည်။ သားဖြစ်သူနှင့် အန်ဒရေးတို့ကမူ ဘာကို မှ သတိပြုမိကြဟန် မရှိ၊ သူတို့နောက်မှ လိုက်လံအော်ဟစ်နေကြသည့် အသံများကိုလည်း ကြားကြ ပုံ မပေါ်။ သူတို့သည် အလျင်စလိုမရှိဘဲ တည်တည်ငြိမ်ငြိမ် ဖြင့် လျှောက်လာကြပြီး နေ့တဒူဝ အကြောင်း ကိစ္စများများကိုသာ အသံကျယ်ကျယ်ဖြင့် စကားပြောဆိုလာကြသည်။
ထိုစဉ် လူအများ၏ လေးစားမှုကို ခံရသူ၊ သန့်ရှင်းစင်ကြယ်ပြီး အရက်သေစာ မသောက်စားဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်တတ်သည့် သက်ကြီးရွယ်အို လူယဉ်ကျေး မီရိုနော့ဗ်က သူတို့၏လမ်းကို ပိတ်ဆို့တားဆီးလိုက်၏။
"ဘိုးတော်တို့လည်း အလုပ်မလုပ်ကြဘူးလား ဒန်နီဗ် အီဗန် နော့ဗ်?" ဟု ပါဗယ်က မေးလိုက်သည်။
"ငါ့ မိန်းမလည်း မီးဖွားတော့မှာကွ။ ဒါပေမယ့် အခုက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့ကြီး တနေ့လည်း ဖြစ်နေပြန်တော့လေ" ဟု မီရိုနော့ဗ်က အဖော်ဖြစ်သူများကို စူးစူးစိုက်စိုက် ကြည့်ရင်း ပြန်ပြောလိုက်သည်။ ထို့နောက် သူက အသံတိုးတိုးဖြင့် ပြောပြန်သည် - "ကောင်လေးတွေ၊ မင်းတို့ကြီးကြပ်ရေးမှူးရဲ့ မှန်တံခါးတွေကို ရိုက်ခွဲပြီး လူမိုက်ဆန်ဆန် ဆူပူဆန္ဒပြကြတော့မယ်လို့ ငါကြားတယ်ကွ။"
ပါဗယ်က "အလို..ကျွန်တော်တို့က မူး များ နေကြလို့လားဗျာ"
"ကျုပ်တို့က လမ်းတွေပေါ်မှာ အလံတွေ ကိုင်လို့၊ သီချင်းတွေ ဆိုရင်း ရိုးရိုးသားသားပဲ ချီတက်ကြမှာပါပဲ" ဟု ရုရှားလေးက ပြောသည်။ "ခင်ဗျားတို့အနေနဲ့ ကျုပ်တို့ရဲ့သီချင်းတွေကို ကြားခွင့်ရပါလိမ့်မယ်။ အဲဒါတွေက ကျုပ်တို့ရဲ့ ခံယူချက် တွေပါပဲ။"
"မင်းတို့တို့ရဲ့ ခံယူချက် တွေကို ငါသိပါတယ်" ဟု မီရိုနော့ဖ်က ပြော၏။ "ငါ မင်းတို့ရဲ့ စာစောင်တွေကို ဖတ်ဖူးတယ်။ နီလိုဗ်နား၊ ခင်ဗျားကော အဲဒီလို သူပုန်ထဖို့ ပါလာတာပဲလား" ဟု အမေ ဘက် လှည့်၍ ပြုံးရင်း မေးလေသည်။
"ဟုတ်ပါ့... သေခါနီးလည်း အမှန်တရားဘက်ကနေ ရပ်တည်ပြီး ပခုံးချင်းယှဉ် လျှောက်ချင်လို့ ပေါ့ တော်"
"ဟာဗျာ!" ဟု မီရိုနော့ဖ်က အံ့သြတကြီး ပြောလိုက်သည်။ "ဒါဆို မင်းတို့ ပဲ စက်ရုံကို တားမြစ်ထားတဲ့ စာအုပ်တွေ သယ်သွားတယ်လို့ သူတို့ပြောတာ တကယ်ပဲ ဖြစ်ရမယ်။"
"ဘယ်သူတွေက ပြောလို့လဲ" ဟု ပါဗယ်က မေးသည်။
"အင်း... လူတွေပေါ့ကွာ။ ကဲ၊ သွားတော့မယ်၊ ကောင်းကောင်းနေကြပေရော့!"
အမေသည် သူ့ အကြောင်းကို ထိုကဲ့သို့ ပြောဆိုကြသည်ကို ကြားရသဖြင့် ကျေနပ်သွားပြီး ပြုံးလိုက်သည်။ ပါဗယ်က အပြုံးဖြင့် မိခင်ဘက်သို့ လှည့်ကာ— "အမေရေ၊ အမေတော့ ထောင်ထဲရောက်တော့မှာပဲ" ဟု ပြောလေသည်။ "အမေ မကြောက်ပါဘူး သားရယ်" ဟု တိုးတိုးလေး ပြန်ပြောလိုက်သည်။
နေပူရှိန်သည် ပို၍မြင့်လာပြီး နွေဦးပေါက်၏ လန်းဆန်းအေးမြမှုထဲသို့ နွေးထွေးမှုကို သွန်းလောင်းပေးနေသလို ဖြစ်လာသည်။ တိမ်တိုက်များသည် ပို၍နှေးကွေးစွာ မျောလွင့်နေကြသည်။ ၎င်းတို့၏ အရိပ်များသည် ပါးလွှာလာကာ ပို၍ကြည်လင်လာကြပြီး လမ်းမများနှင့် အမိုးအကာများပေါ်တွင် ဖြည်းညင်းစွာ တွားသွားလျက် ရှိကြသည်။
တောက်ပသော နေရောင်ခြည်သည် ရွာငယ်လေးကို သန့်စင်ပေးလိုက်သကဲ့သို့လည်းကောင်း၊ နံရံများပေါ်မှ အညစ် အကြေး များ နှင့် အမှိုက်များကို လည်းကောင်း၊ မျက်နှာများပေါ်မှ ငြီးငွေ့စရာ အမူအရာများကို လည်းကောင်း သုတ်သင်ရှင်းလင်းပေးလိုက်သကဲ့သို့ ရှိပေသည်။ ပတ်ဝန်းကျင် ရှိ အရာရာတိုင်းသည် ပို၍ ရွှင်လန်းတက်ကြွသော ပုံစံမျိုး ဖြစ်လာကြပြီး အသံများမှာလည်း ပို၍ကျယ်လောင်လာကာ အဝေးရှိ စက်ရုံကြီးမှ ထွက်လာသော စက်များ၏ တုန်ခါသံနှင့် ဆူညံသံများကို ဖုံးလွှမ်းသွား တော့သည်။
တဖန်၊ အနီးအနားရှိ ပြတင်းပေါက်များနှင့် အိမ်ခြံဝန်းများထဲမှ၊ တမျိုးတဖုံ စိုးရိမ်ပူပန်သလိုလို၊ မကြိုက်နှစ်သက်သလိုလို၊ တခါတရံ တွေးတောဆင်ခြင်သလိုလို၊ တခါတရံ ပျော်ရွှင်တက်ကြွလာသလိုလို ရှိကြသည့် ပြောဆိုနေကြသည်များသည် အမေ၏ နားဝသို့ ရောက်ရှိလာကြသည်။ သို့သော် ဤတကြိမ်တွင်မူ သူမသည် တုံ့ပြန်ဖို့၊ ကျေးဇူးတင်ဖို့၊ ရှင်းပြဖို့ လိုသည် ဟူသော စိတ်များ ပေါ်ပေါက်လာခဲ့သည်၊ ဤသည်ကပင် ထူးဆန်းစုံလင်လှသော ဘဝအလှည့်အပြောင်းများတွင် ပါဝင်ပတ်သက်လိုသည့် ဆန္ဒကို ခံစားလိုက်ရ၍ ဖြစ်သည်။
မိန်းလမ်းမကြီး၏ ထောင့်စွန်းတနေရာ၊ ကျဉ်းမြောင်းသော လမ်းသွယ်ငယ်တခု အရောက်တွင် လူတရာခန့် စုရုံးနေကြပြီး၊ ထိုလူအုပ်ကြီးထဲမှ ဗိုင်ဆိုဖ်ရှစ်ခို့ဗ်၏ အသံကို ကြားလိုက်ရသည် - "သူတို့က ငါတို့ရဲ့ သွေးတွေကို ဘယ်ရီသီးတွေထဲက ဖျော်ရည်ညှစ်ထုတ်သလို ညှစ်ထုတ်နေကြတာပဲ"။ သူ့စကားသံများသည် နားထောင် နေသူ တို့ ၏ ရင်ဘတ်ကို တူဖြင့်ထု နှက် လိုက်သကဲ့သို့ ပြင်းထန်စွာ ထိမှန် နေသည့် အလား။ "မှန်တယ်လေ!" ဟူသော ထောက်ခံအားပေးသည့် အသံကျယ်ကြီးများသည် လူအုပ်ကြီးထဲမှ တပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။
"ကောင်လေးတော့ အကောင်းဆုံး ကြိုးစားနေတာပဲ" ဟု ရုရှားလေးက ပြော ပြောဆိုဆို နှင့် "ငါ သွားကူလိုက်မယ်" ဟု ဆိုကာ ပါဗယ်က မတားလိုက်ရခင်မှာပင် သူ၏ အရပ်ရှည်ပြီး ရှည်ရှည်မျောမျော ကိုယ်လုံးကို ဖော့ဆို့ပုလင်းဖင်ဆို့ကို ပုလင်းထဲ လိမ်ထည့်သလို လူအုပ်ထဲသို့ တိုးဝင်သွားခဲ့သည်။ မကြာမီပင် သူ၏ အသံကြီးသည် ဟိန်းထွက်လာတော့သည်။
"ညီနောင်ရဲဘော်တို့! ကမ္ဘာပေါ်မှာ လူမျိုးအမျိုးမျိုးရှိတယ်လို့ ပြောကြတယ်-- ဂျူးလူမျိုး၊ ဂျာမန်လူမျိုး၊ အင်္ဂလိပ်နဲ့ တာတာလူမျိုးတဲ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါကို မယုံဘူး။ ကမ္ဘာပေါ်မှာ လူမျိုးစုကြီး နှစ်ခု၊ မပြေလည်နိုင်တဲ့ လူ့အဖွဲ့အစည်းကြီး နှစ်ခုပဲ ရှိတယ်။ အဲဒါတွေကတော့ 'ချမ်းသာသူ' နဲ့ 'ဆင်းရဲသား' တို့ပဲ ဖြစ်ကြတယ်။ လူတွေက အင်္ကျီ ဝတ်တာချင်း မတူကြဘူး၊ စကားပြောတာချင်းလည်း ကွဲပြားကြတယ်။ ဒါပေမဲ့ ပြင်သစ်သူဌေး၊ ဂျာမန်သူဌေး ဒါမှမဟုတ် အင်္ဂလိပ်သူဌေးတွေကို ကြည့်လိုက်စမ်းပါ။ သူတို့ရဲ့ အလုပ်သမားတွေအပေါ် ဆက်ဆံပုံချင်းမှာ သူတို့အားလုံးဟာ တာတာလူမျိုးတွေနဲ့ အတူတူ ပဲ ဆိုတာကို ခင်ဗျားတို့ တွေ့ရလိမ့်မယ်။
လူအုပ်ထဲမှ လူအချို့ ရယ်မောသံ ထွက်လာကြသည်။
"တဖက်မှာလည်း ပြင်သစ်အလုပ်သမားတွေ၊ တာတာအလုပ်သမားတွေ၊ တူရကီ အလုပ်သမားတွေ အားလုံးဟာ ရုရှားအလုပ်သမားတွေဖြစ်တဲ့ ကျွန်တော်တို့လိုပဲ ခွေးသာသာ ဘဝမျိုးနဲ့ ရှင်သန်နေကြရတာကို ကျွန်တော်တို့ တွေ့ရပါတယ်။"
လူတွေ ပိုမိုများပြားလာပြီး လူအုပ်ကြီးထဲသို့ တယောက်ပြီးတယောက် တိတ်တဆိတ်၊ ခြေဖျားထောက်ကာ လည်တဆန့်ဆန့်ဖြင့် တိုးဝင်လာကြသည်။ အန်ဒရီ ၏ အသံသည်လည်း ပို၍ ကျယ် လောင်စွာ ထွက်ပေါ်လာသည်။
"နိုင်ငံခြားက အလုပ်သမားတွေက ကျွန်တော် ပြောခဲ့တဲ့ ရိုးရှင်းတဲ့ အမှန်တရားကို သင်ယူထားကြပြီးပါပြီ။ ဒီလို သိုက်သိုက်ဝန်းဝန်း မေလဆန်း တရက်နေ့မှာ နိုင်ငံခြားက အလုပ်သမားတွေဟာ တဦးနဲ့တဦး ရဲဘော်ရဲဘက် အဖြစ် ချိတ်ဆက် လက်တွဲနေကြပါပြီ။ သူတို့ရဲ့ အလုပ်တွေကို စွန့်လွှတ်ပြီး သူတို့ရဲ့ ကြီးမားတဲ့ အင်အားကို ချိန်ဆကြည့်ဖို့၊ တဦး နဲ့ တဦး အမြင်ချင်း ဖလှယ်ကြည့်ဖို့ လမ်းမတွေပေါ်ထွက်လာကြပါတယ်။ ဒီနေ့မှာတော့ အလုပ်သမားတွေရဲ့ နှလုံးသားတွေဟာ တခုတည်းလို တုန်ခါနေကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ နှလုံးသားအားလုံးဟာ အလုပ်သမားလူထုရဲ့ စွမ်းအားအသိနဲ့ ထိန်လင်းနေလို့ပါပဲ။ နှလုံးသားအားလုံးဟာ ရဲဘော်ရဲဘက်စိတ်နဲ့ တုန်ခါနေကြပြီး သူတို့တယောက်ချင်းစီတိုင်းဟာ လူသားအားလုံးရဲ့ ပျော်ရွှင်မှုအတွက်၊ အားလုံးအတွက် လွတ်လပ်မှုနဲ့ အမှန်တရားအတွက် စစ်ပွဲမှာ အသက်စွန့်ဖို့ အသင့်ဖြစ်နေကြပါပြီ— ရဲဘော်တို့!"
ထို အချိန်တွင် "ရဲတွေလာ နေပြီ!" ဟု လူတယောက်၏ အော်သံ ကြားလိုက်ရသည်။
**************