ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(15)

by Hla Soewai - Oct 31 2020

နေပယ်မြို့ ရှိ လူတိုင်းသည် သီချင်းဆိုကြလေ့ရှိမှန်း သိထားခဲ့သော်လည်း ကျွနုပ်တို့ ရောက်ရှိနေစဉ် အတွင်း တဦးတလေမျှ သီချင်း ဆိုသည်ကို မတွေ့ခဲ့ရသဖြင့် ကျွနုပ်တို့ ရောက်နေမှန်း သိ၍ တမင်တကာများ လုပ်သလားဟုပင် ထင်ရသည်။ ကျွနုပ်တို့သည် နေပယ်တွင် ရှိနေခိုက် သားဖြစ်သူ အနာတိုလီကိုပါ ခေါ်၍ ကျွနုပ်တို့သည် ယူမန်စကီး နှင့် အတူ ဗီဆူဗီယပ်စ် သို့ သွားရောက်ခဲ့ကြသည်။

 

အဆိုပါ မြို့အား မီးတောင် ပြာမှုန့်များ အောက်မှ တူးဖေါ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုမြို့အကြောင်း ကို ဧည့်လမ်းညွှန် အဖြစ် လိုက်ပါလာခဲ့သူက ထိတ်လန့်ချောက်ချားဖွယ် ကောင်းလောက်အောင် အေဒီ ၇၉ တွင် မီးတောင်ပေါက်ကွဲပြီး ပျက်စီးသွားပုံ နှင့် ထိုမတိုင်မီက ရောမခေတ် ပွန်ပေ တို့၏  နေပုံထိုင်ပုံ နှင့် အကျင့်စရိုက်များကို အသေးစိတ် ပြောပြနေသဖြင့် ထိုစဉ်က သက်ရှိထင်ရှားရှိခဲ့သော ပွန်ပေတို့ပင် သူ့တို့၏အကြောင်းကို သူတို့ကိုယ်တိုင် ဧည့်လမ်းညွှန်လောက်မှ သိကြပါရဲ့လားဟု သံသယ ဝင်မိခဲ့သည်။

 

တနေရာ အရောက်တွင် လမ်းညွှန်က စနစ်တကျ လေ့ကျင့်ထားဟန်ရှိသော တီးတိုးသံဖြင့် “ခင်ဗျားတို့ အခု အင်မတန်မှ ထိခိုက်ကြေကွဲစရာ ကောင်းတဲ့ မြင်ကွင်းတခုကို တွေ့ရတော့မယ်” ဟု ဆိုကာ ကျွနုပ်တို့ အား တနေရာသို့ ခေါ်သွားခဲ့သည်။ သူ့စိတ်ထဲတွင် လည်း ထိုသို့ ထူးထူးဆန်းဆန်း နေရာများကို အရောက် ခေါ်သွားနိုင်သည့် အတွက် ကျွနုပ်တို့မှ ဆုကြေး များ ထပ်ပေးလိမ့်မည်ဟု မျှော်လင့်နေပုံရှိသည်။ သူ ခေါ်သွားသည့် နေရာအရောက်တွင်တော့ တဦးနှင့် တဦး တင်းကျပ်စွာ ပွေ့ဖက်ကာ သေဆုံးသွားပုံရသည့် အရိုးစု နှစ်စုကို တွေ့လိုက်ရသည်။ “ရာစုနှစ်ပေါင်း များစွာ ကြာအောင် ချော်ရည်တွေ ပြာမှုန့်တွေ အောက် ရောက်နေခဲ့ပေမယ့် အချစ်စစ်က သေခြင်းတရားထက် ပိုခိုင်မြဲတယ်ဆိုတာ သက်သေပြလိုက်တဲ့ သဘောပဲ” ဟု ပြောပြန်သည်။ ကျွနုပ် အနေဖြင့် သူ့ဆီမှ ထိုစကားကိုကြားရ၍လည်း မည်သို့မျှ ထူးထူးခြားခြား မခံစားမိခဲ့ပေ။

 

ဂျီနိုအာ၊ နေပယ် နှင့် အီတလီ နိုင်ငံ တွင်းရှိ လမ်းများ ပေါ်တွင် စစ်သား အမြောက်အမြား သွားလာနေကြသည်ကို သတိပြုမိခဲ့သည်။ ကြည့်လေရာ နေရာတိုင်းတွင် ယူနီဖောင်း ဝတ်ထားကြသူများချည်း ဖြစ်နေသည်။ တဦးနှင့် တဦး တွေ့ကြရာတွင် လက်ကိုအပေါ်မြှောက်ကာ အလေးပြုနေကြပြန်သည်။ ကျွနုပ် ကြားဖူးထားသည်က အီတလီတို့သည် စည်းမရှိ ကမ်းမရှိ နေထိုင်တတ်ကြသူများ ဖြစ်သည်ဟု ဆိုသော်လည်း ယခုအခါ စစ်သားများ သည် အတတ်နိုင်ဆုံး ညီညီညာညာ ဖြစ်အောင် ကြိုးစားသွားနေကြပုံရှိသည်။ “အီတလီ စစ်သားတွေက ဂျာမန် တွေ နဲ့ များ တူချင်နေတာလား မသိဖူးနော်” ဟု ကျွန်တော်က ယူမန်စကီး ကို ပြောလိုက်သည်။ သူကလည်း ကျွနုပ်လိုပင် ယူဆခဲ့သည်။ တယောက်ယောက်ကသာ သူတို့အား “Ave Maria” သီချင်းကို ဆိုပြပါဟု တောင်းဆို လာလျှင် စစ်သားများ အပါအဝင် အရာရှိများပါ သံပြိုင် အော်ဆိုကြပြီး သူတို့ကိုယ်ပေါ်ရှိ မူဆိုလိုနီ အစိုးရက ထုတ် ပေးထားသည့် စစ်ယူနီဖောင်းများကို တခါတည်း မေ့လျော့သွားကြပေတော့သည်။

 

ဤသို့ဖြင့် ကျွနုပ်တို့သည် သင်္ဘောဖြင့် ပင်လယ်ခရီးကို စတင်ခဲ့ကြသည်။ ကျွနုပ်တို့ အဖို့ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ကျော်နေစဉ် အတွင်း မေ့မရသည့် အဖြစ်တခု ရှိခဲ့သည်။

 

Rex သင်္ဘော၏ကက်ပတိန်မှ ယူမန်စကီး နှင့် ကျွနုပ်ကို နိုဝင်ဘာ ၇ ရက်နေ့တွင် သူ၏ အခန်းသို့ ဖိတ်ခေါ်၍ နှစ်ဆယ့် နှစ်ကြိမ်မြောက် အောက်တိုဘာ တော်လှန်ရေး နှစ်ပတ်လည် အား ဂုဏ်ပြုသည့် အနေဖြင့် အီတာလျံ ဝိုင် အကောင်းစားများ ဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။ ထို့နောက်တီးတိုးညင်သာစွာဖြင့် "အောက်တိုဘာ တော်လှန်ရေးကြီး အတွက်၊ လီနင် အတွက်” ဟု ဆုမွန်ကောင်း တောင်းခဲ့သည်။

 

ကျွနုပ်တို့အဖို့ သူ၏ အပြုအမူကြောင့် စိတ်လှုပ်ရှားသွားခဲ့ရသည်မှာလည်း သဘာဝ ကျပေသည်။ နောက်ပိုင်း ရက်အနည်းငယ်အကြာတွင် ပထမဆုံးအကြိမ် အတ္တလန်တစ် မုန်တိုင်းဒဏ်ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရပြီးနောက် ခုနှစ်နှစ် အရွယ်ရှိ သားဖြစ်သူ အနာတိုလီ၊ နှစ်နှစ် အရွယ်ရှိ သမီးဖြစ်သူ အီမီလီယာ နှင့် ကျွနုပ်သည် ဇနီးသည် လက်ကိုဆွဲ၍ အမေရိကန် ကုန်းမြေသို့ စတင်ခြေချ ခဲ့ပေတော့သည်။

 

ကျွနုပ်တို့အား ဆိပ်ကမ်းတွင် ကားဖြင့် အသင့်စောင့်ကြိုနေပေသည်။ ထို့အတွက် အချိန်အနည်းငယ် အတွင်း မှာပင် ကြီးမား ကျယ်ပြောလှသော နယူးယောက် မြို့တော်ကြီး၏ ပွေ့ဖက်မှုကို ခံခဲ့ကြရသည်။ ပွေ့ဖက်မှု ဟူသော အသုံးအနှုံးသည် ထိုအချိန်က ကျွနုပ်တို့၏ စိတ်ခံစားမှုကို အပြည့်အဝ ထင်ဟပ်နိုင်ခြင်းတော့ မရှိခဲ့ပေ။ လမ်းများက ကျဉ်းပြီး တဖက်တချက်တွင် မိုးထိ မြင့်သော အဆောက်အဦးများလည်း ရှိနေပြန်သဖြင့်  ကြားတွင် ညပ်နေသလို ခံစားခဲ့ရသည်။ သားဖြစ်သူ အနာတိုလီက အမေရိကန်များသည် ယခုလို ပုံစံဖြင့် တနေကုန် နေကြသလား၊ ဒါမှမဟုတ် နေ့ဖက်တွင်သာ နေကြသလားဟု မေးလာသည်မှာလည်း အံ့ဩစရာ မဟုတ်ပေ။

 

ကျွနုပ်က သူတို့တချိန်လုံး ဒီလိုပဲ နေကြပြီး မြို့ရှိ လူများသည် အမေရိကန်များချည်း မဟုတ်ဘဲ အခု ကားလွှတ်ပေးသည့် ဆိုဗီယက် ကောင်စစ်ဝန် ရုံးသည် ၆၁ လမ်း တွင် ရှိနေသဖြင့် ဆိုဗီယက် ပြည်သူများလည်း နေကြကြောင်း ရှင်းပြလိုက်ရသည်။

 

ကျွနုပ် အခု မြင်တွေ့နေရသော ခေတ်သစ် ဘေဘီလုံ မြို့ကြီးသည်ကား ဖတ်ခဲ့ဖူးသော သီအိုဒိုး ဒရက်စလာ၊ ဂျက် လန်ဒန် နှင့် အန်းနက်စ် ဟဲမင်းဝေး တို့ စာအုပ်များထဲကနှင့် မကွာခြားလှပေ။ ကျွနုပ်အဖို့ကား ဧရာမ သတ္တဝါကြီး တကောင်၏ ဝမ်းဗိုက်ထဲသို့ ရောက်နေသလို ခံစားလိုက်ရမှုနှင့်အတူ လူသားတို့သည် ကြွယ်ဝ ချမ်းသာမှု နှင့် နည်းပညာ အားကိုးဖြင့် ၎င်းတို့၏ သဘာဝနှင့် တစိမ်းပြင်ပြင် ဖြစ်နေသည့် တစုံတရာကို ဖန်တီးနိုင်စွမ်း ရှိနေသည့်အဖြစ်ကိုလည်း သဘောပေါက်ခဲ့ရသည်။

 

ကောင်စစ်ဝန် ရုံးတွင် ကောင်စစ်ဝန်ချုပ် ဗီ အေ ဖီဒူရှင်းက ဆီးကြိုခဲ့သည်။ ကျွနုပ်တို့လည်း တရက်ကုန် အောင်ပင် မနေခဲ့ဘဲ ပူးလ်မင်း ရထားဖြင့် ဝါရှင်တန်သို့ ခရီးဆက်ခဲ့ကြသည်။

 

အမေရိကန် မြို့တော်သည် နယူးယောက်ထက်စာလျှင် ပို၍ တိတ်ဆိတ်အေးချမ်းသည်ဟု ပြော၍ရပေသည်။ စီးပွားရေး လုပ်ငန်းများသည်လည်း အသေးစား အနုပညာ ပစ္စည်းများ ထုတ်လုပ်ခြင်းမျိုး သာ ဖြစ်သည်။ ထိုအချိန်ကပင် မြို့တော်နေ လူဦးရေ တဝက်ခန့်သည် လူမည်းများ ဖြစ်သည်။

 

သို့သော် ဝါရှင်တန်သည် ကြီးမား ကျယ်ပြောလှသော နိုင်ငံကြီးအား အုပ်ချုပ်ရန် လိုအပ်သည့် အုပ်ချုပ်ရေး ယန္တယားကြီးများကို ဩဇာအာဏာရှိနေသော လူကျော်လူမော်များ လက်ဝယ် သို့ ထည့်ပေးထားနိုင်ခဲ့သည်။ ထိုယန္တယားကြီး၏ အရေးပါလှသော အစိတ်အပိုင်းသည်ကား နိုင်ငံခြားရေး နှင့် သံတမန် လုပ်ငန်းများဖြစ်ပြီး ဆိုဗီယက် သံရုံးသည် ထိုယန္တယားများ နှင့် အဓိက ထိတွေ့ဆက်ဆံနေရပေသည်။ ကျွနုပ်သည် ရောက်လျှင် ရောက်ချင်း မသွားမဖြစ် သွားရောက်ရမည့် နေရာများကို စီစဉ်ရပေတော့သည်။ ထိုအထဲတွင် ထိပ်ဆုံးက ပါလာသည်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနပင် ဖြစ်သည်။