ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(44)

by Hla Soewai - Oct 19 2026

တခေတ်ဆန်း အာဏာရှင် ဝါဒ တည်ဆောက်လာခြင်း (၁၉၉၂-၂၀၀၂) - (၁၀)

 

မျိုးချစ်ပညာပေး လှုပ်ရှားမှုနှင့် အမျိုးသားရေးဝါဒ ပြန်လည်နိုးကြားလာမှု (၂)

************

 

တက္ကသိုလ်ကျောင်းသားများသည် နိုင်ငံချစ်စိတ်ရှိလာစေရန် ပညာ ပေးမှု ၏ အဓိက ပစ်မှတ်များ ဖြစ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ပါတီက ၎င်းတို့အား အခြားသော လူမှုအုပ်စုများထက် အနောက်တိုင်း အယူအဆများဖြင့် ပို၍ လွှမ်းမိုးခံရကာ ယိုယွင်းပျက်စီးနေပြီး CCP ၏ အုပ်ချုပ်မှုကို ပိုမိုခြိမ်းခြောက်နိုင်ခြေရှိသူများအဖြစ် ရှုမြင်ခဲ့သောကြောင့် ဖြစ်သည်။ ကျောင်းသားများသည် "မာ့က်စ်ဝါဒနှင့် လီနင်ဝါဒ သီအိုရီများ" နှင့် "လက်ရှိအခြေအနေနှင့် မူဝါဒ" ဟူသော သင်တန်းနှစ်ခုကို မဖြစ်မနေ သင်ယူကြရသည်။

 

ယင်းလှုပ်ရှားမှုကို "နိုင်ငံချစ်စိတ် ပညာရေး" ဟု အမည်တပ်ထားသော်လည်း၊ နိုင်ငံတော် ပညာရေးကော်မရှင်မှ အကြီးတန်း အရာရှိတဦး၏ အဆိုအရ အဓိက ရည်မှန်းချက်မှာ တိန့် ရှောင်ဖိန်၏ "အခြေခံမူလေးရပ်" နှင့် "ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုအောက်တွင် တရုတ်ဝိသေသလက္ခဏာများပါရှိသော ဆိုရှယ်လစ် စနစ်ကို တည်ဆောက်ရေးဆိုသည့် ပါတီ၏ မစ်ရှင်အပေါ် သစ္စာစောင့်သိမှုကို အာမခံချက်ပေးရန် ဖြစ်သည်ဟု ဆိုသည်။ 

 

အချို့သော တက္ကသိုလ် တာဝန်ရှိသူများကလည်း နိုင်ငံချစ်စိတ် ပညာရေး၏ "အခြေခံ အစိတ်အပိုင်း" မှာ "ပါတီနှင့် ဆိုရှယ်လစ် စနစ်ကို ချစ်မြတ်နိုးခြင်း" ဖြစ်ကြောင်း ပြောဆို ခဲ့ကြသည်။

 

မော်ခေတ်ကကဲ့သို့ တရုတ်အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ရာ၌ တရုတ်တို့ အောင်ပွဲများ ရရှိခဲ့ကြောင်း ကြွေးကြော်ဂုဏ်ယူခဲ့သည့် ပါတီ၏ လေသံနှင့် သိသိသာသာ ကွဲပြားစွာ၊ တီယန်မင်ရင်ပြင် ဖြိုခွင်းမှု နောက်ပိုင်း အာဏာရလာသော တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များသည် တရုတ်နိုင်ငံသည် အခြားအင်အားကြီးနိုင်ငံများ၏ အနိုင်ကျင့်ဖိနှိပ်မှုကို ခံခဲ့ရသည့် နိုင်ငံဖြစ်ကြောင်း အလေးပေးဖော်ပြသည့် ဇာတ်ကြောင်း ကို ရွေးချယ်ခဲ့ကြသည်။

 

 ထိုဇာတ်ကြောင်းတွင် နယ်ချဲ့အင်အားကြီးနိုင်ငံများက တရုတ်ကို အနိုင်ကျင့်ခဲ့ကြောင်း အလေးပေးဖော်ပြပြီး တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာကို အကာအကွယ်ပေးနိုင်သည့် အကြီးမားဆုံးသော အင်အားစုမှာ ကွန်မြူနစ်ပါတီသာ ဖြစ်ကြောင်း ပုံဖော်ခဲ့သည်။

 

တီယန်မင်ရင်ပြင်တွင် ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက်၊ ဆိုဗီယက်ယူနီယံ လည်း ပြိုကွဲသွားခဲ့ပြီး တရုတ်နိုင်ငံသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် အထီးကျန်နေခဲ့သည်။ ထိုအခြေအနေ၌ အနောက်နိုင်ငံများသည် တရုတ်ကို တဖန်ပြန်၍ လက်အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းရန် ကြိုးပမ်းနေကြသည်ဟု ပုံဖော်ပြောဆိုရန် လွယ်ကူခဲ့သည်။ ထို့ကြောင့် ပါတီသည် ဤအကြောင်းအရာကိုသာ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

 

တိုက်ဆိုင်စွာပင် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဆက်တိုက်ဆိုသလို ပေါ် ပေါက်လာခဲ့သော ဖြစ်ရပ်များ ကြောင့် ပါတီသည် အတိုက်ခိုက် ခံရသူ ဟူသော လှုံ့ဆော်မှုအပေါ် လူထုယုံကြည်မှု တိုးပွားစေခဲ့ပြီး၊ ထိုစဉ်က ကမ္ဘာ့တဦးတည်းသော ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံကို ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဆိုသည့် အပြောကို ပိုမိုခိုင်မာစေခဲ့သည်။

 

၁၉၉၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော "ယင်းဟဲ" Yinhe သင်္ဘောဖြစ်စဉ်သည် တရုတ်ပြည်သူတို့အား အလွန်ဒေါသထွက်စေခဲ့သည်။ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက တရုတ်ကုန်သေတ္တာတင် သင်္ဘော ယင်းဟဲသည် အီရန်၏ ဓာတုလက်နက်များတွင် အသုံးပြုမည့် ပစ္စည်းများကို သယ်ဆောင်လာသည်ဟု စွပ်စွဲခဲ့ပြီး အမေရိကန်၏ သံတမန်ရေးအရ ဝင်ရောက်စွက်ဖက်မှုကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု UAE က ထိုသင်္ဘောအား ဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့် မပြုခဲ့ပေ။ သင်္ဘောပေါ်တွင် ဥပဒေ နှင့် မလွတ် ကင်း သော ကုန်ပစ္စည်း မည်သည့်အရာမျှ ပါရှိမနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်တိုင်အောင် အမေရိကန်က တောင်းပန်ရန် ငြင်းဆန်းခဲ့သည်။

 

၁၉၉၅ ခုနှစ်တွင် ကွန်ဂရက်၏ ဖိအားပေးမှုကြောင့် ကလင်တန် အစိုးရအဖွဲ့သည် လီတမ်ဟွေး အား အမေရိကန်သို့ လာရောက်ရန် ဗီဇာထုတ်ပေးခဲ့ရသည်။ လီတမ်ဟွေးသည် ထိုစဉ်က ထိုင်ဝမ်၏ သမ္မတဖြစ်ပြီး ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းလိုသည့် ဆန္ဒများကြောင့် ဘီဂျင်း၏ ရွံရှာမုန်းတီးမှုကို ခံရသူဖြစ်သည်။ အမေရိကန်တွင် လီတမ်ဟွေး ပြောကြားခဲ့သည့် ထိုင်ဝမ်လွတ်လပ်ရေးလိုလားသော မိန့်ခွန်းများ ကြောင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်အား သတိပေးသည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။

 

သို့သော် ဝါရှင်တန်သည် ၁၉၉၆ ခုနှစ် မတ်လတွင် တရုတ်က ဒုံးကျည်များ ပစ်ခတ်ခြင်းပါဝင်သော ယခင်ကထက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေစဉ် ထိုင်ဝမ်အနီး ရေပြင်သို့ လေယာဉ်တင်သင်္ဘော စစ်အုပ်စု နှစ်စုကို စေလွှတ်၍ တုံ့ပြန်ခဲ့သည်။ တိုက်ရိုက် စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း ထိုင်ဝမ်အပေါ် အမေရိကန်၏ ထောက်ခံမှုပြသခြင်းက တရုတ်ပြည်သူများကို ထပ်မံ၍ ဒေါသထွက်စေခဲ့သည်။

 

တရုတ်ကွန်မြူနစ်ပါတီ၏ "တရုတ်ပြည်သည် အနိုင်ကျင့်စော်ကားခံခဲ့ရသူ" ဟူသော ပြောဆိုဆော်ဩချက် များကို ပိုမိုခိုင်မာအားကောင်းစေရန် အထိရောက်ဆုံး ကူညီပေးခဲ့သည့် ဖြစ်ရပ်မှာ ၁၉၉၉ ခုနှစ် မေလအတွင်း ဆားဘီးယားနိုင်ငံကို နေတိုး အဖွဲ့က ဗုံးကြဲတိုက်ခိုက်စဉ် အမေရိကန် ကိုယ်ပျောက်တိုက်လေယာဉ်တစီးက ဘဲလ်ဂရိတ်မြို့ရှိ တရုတ်သံရုံးကို မှားယွင်းဗုံးကြဲမိခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

 

ဝါရှင်တန်အစိုးရ၏ ရှင်းလင်းပြောကြားချက်များနှင့် တောင်းပန်မှုများ ရှိခဲ့သော်လည်း တရုတ်ခေါင်းဆောင်များကမူ ဤသည်မှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စွဲကိုင်ထားခဲ့ကြပြီး တရုတ်ပြည်သူများသည်လည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည်။

 

ဘီကျင်း မြို့ရှိ အမျက်ဒေါသထွက်နေကြသော ဆန္ဒပြသူများသည် (ယင်းတို့အနက် အများစုမှာ တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသည်) အမေရိကန်သံရုံးကို ခဲများ၊ အခြားပစ်ပေါက်လို့ ရသမျှ နှင့် ဝိုင်းဝန်းဖျက်ဆီးခဲ့ကြသည်။ စီချွန်ပြည်နယ်၊ ချန်ဒူးမြို့တွင်လည်း လူအုပ်ကြီးသည် အမေရိကန် ကောင်စစ်ဝန်ချုပ်၏ နေအိမ်ကို မီးရှို့ခဲ့ကြသည်။

 

ဒီမိုကရေစီလိုလားသော ကျောင်းသားများ က တီယန်မင် ရင်ပြင်တွင် လွတ်လပ်ရေးကျောက်ရုပ်တု အသေးစားကို စိုက်ထူခဲ့ကြပြီး ဆယ်နှစ်တိတိ အချိန်တွင် ထွက်ပေါ်လာသည့် ဤမျှ ပြင်းထန်သော အမေရိကန်ဆန့်ကျင်ရေး အမုန်းတရား ဖော်ထုတ်ပြသခဲ့မှုများကို ကြည့်ခြင်းအားဖြင့်၊ ကွန်မြူနစ်ပါတီ၏ မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရေး ပညာပေးလှုပ်ရှားမှုသည် ၎င်းတို့ မျှော်လင့်ထားသည်ထက်ပင် ပိုမိုအောင်မြင်ခဲ့ကြောင်း ထင်ရှားလှပေသည်။

 

အမှန်စင်စစ် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တရုတ် အမျိုးသားရေးဝါဒ မြင့်တက်လာမှုနှင့် ပတ်သက်၍ ပညာရှင်များ၏ သုတေသနပြုချက် အများစုတွင် ထိုခေတ်အခါက တရုတ်ပြည်သူများ၏ သဘောထား အထူးသဖြင့် မျိုးဆက်သစ် လူငယ်များ၏ အယူအဆများသည် မျိုးချစ်စိတ်ဓာတ် ပိုမို ထက်သန်လာပြီး အစိုးရကို ပို၍ပင် ထောက်ခံအားပေးလာကြကြောင်း တွေ့ရှိရသည်။