၁၉၆၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင်တော့ အဒေါ့ဖ် အိုက်ခ်မန်းသည် သက်သေ ထွက်ဆိုရမည့် ခုံပေါ်သို့ တက်လာခဲ့ရပြီ ဖြစ်သည်။ သူ့အား ဆန့်ကျင်ထွက်ဆိုခဲ့ကြသည့် သက်သေခံချက်များ လများစွာ ကြာမြင့်ခဲ့စဉ် အတွင်း သူ၏ ခန္ဓာကိုယ် သည် ပို၍ ကျုံ့သွားသကဲ့သို့ ထင်ရသည်။ ထို အ တော အတွင်း သူသည် လာရောက် နားထောင်သူများဖက်သို့ လှည့်ကြည့်ခြင်းမျိုး မရှိခဲ့ပေ။ အိုက်ခ်မန်သည် တရားရုံးကို ရိုကျိုး ပုံ ပြသခဲ့ပြီး သူ့ကိုယ်သူလည်းအရေးမပါသော ခွေးသွားစိတ် တခု ၊ ဂျူးလူမျိုးများ ပြောင်းရွှေ့နေထိုင်ရေးကို စိတ်ဝင်စားသူတဦး အဖြစ် ထက် မပိုသည့် သဘော ပုံဖေါ်ထားသည်။
သို့သော် စကားပြောရမည့်အချိန် ရောက်လာသောအခါ အိုက်ခ်မန်သည် ဂုဏ်ယူပြီး နောင်တမရခဲ့သော နာဇီ အသွင် ပြန်ဖြစ်လာသည်။
“ကျွန်တော့်မှာ အထူး ရာထူး တွေ အခွင့်အရေး တွေ ဆိုတာ မရှိခဲ့ပါဘူး” ဟု ထွက်ဆို ပြီး မိမိသည် အရေးမပါသော အရာရှိငယ်တဦးသာ ဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့သည်။ “သူ တို့က ကျွန်တော့်ကို ညွှန်ကြားချက်များ ပေးခဲ့ပါတယ်။” သို့သော် တရားခွင် သည် စစ်ဆေးမေးမြန်းခြင်းမှ သည် တရားလိုဖက်က ပြန်လှန်မေးခွန်းထုတ် လာသည့် အခါ တွင်တော့ မာန်မာနကြီးသော၊ အာခံလိုသော၊ နာဇီ အပေါ် သစ္စာရှိသော တကယ့် အိုက်ခမန်း အစစ် ပေါ်ထွက်လာခဲ့တော့သည်။
*****************
စုစုပေါင်း ရုံးချိန်း ၁၁၄ ကြိမ်အထိ ပြီးဆုံးသွားခဲ့ပြီးနောက်တွင်တော့ တရားခွင်သည် ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ တွင် တော့
တရားသူကြီး လန် ဒေါ ၏ တရားခွင် ကို ရုပ်သိမ်းကြောင်း ကြေညာချက် နှင့် အတူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အချိန်က နေ့လယ် ၂ နာရီခွဲ ရှိပြီ ဖြစ်သည်။
"ယခု တရားခွင်ကို အမိန့်ချမှတ်ဖို့အတွက် ခေတ္တ ရပ်နားပါမယ်။ ဘာပဲဖြစ်ဖြစ် အခုတွေ့မြင်နေရတဲ့ အခြေအနေအရ အမိန့်ကို ဒီနှစ် နိုဝင်ဘာလ မတိုင်မီ ချမှတ်နိုင်ဦးမည် မဟုတ်ပါ။ အမိန့်ချမှတ်မည့် ရက်မတိုင်မီ သီတင်းနှစ်ပတ်ခန့် ကြိုတင်၍ ခင်ဗျား ထံ အကြောင်းကြားစာ ရောက်ရှိလာပါလိမ့်မယ်။"
တကယ်တမ်းတွင် ၁၉၆၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်ရောက်မှသာ တရားသူကြီးသုံးဦးသည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့ကြသည်။ အကဲဖြတ် ဂျူရီအဖွဲ့ ပါဝင်ခြင်း မရှိ။ သဘာပတိ တရားသူကြီး လန်ဒေါ က သူ၏ နောက်ဆုံးအမိန့်ကို ကြေညာသည့်အခါ တရားခွင်တခုလုံး ပရိသတ်များနှင့် ပြည့်နှက်နေသည်။ သဘာပတိ ဥပဒေပညာရှင်တဦးအနေဖြင့် တရားခွင်အတွင်း ထွက်ဆိုချက်များ ကြောင့် စိတ်လှုပ်ရှား ခံစားရမှု များ အမြင့်ဆုံး ရောက်လာခဲ့သည်ကို သိထား၍ တက်ရောက်လာသူ အားလုံးထံမှ တင်းကျပ်သော တရားခွင် စည်းကမ်းတရပ် အဖြစ် လက်ခုပ်တီးခြင်းနှင့် အော်ဟစ်လှောင်ပြောင်ခြင်းများကို တားမြစ်ထားခဲ့သည်။
လေးရက်အကြာ ဒီဇင်ဘာ ၁၅ ရက် လုပ်ငန်းစဉ်များကို စတင်သည့်အခါတွင်မူ တရားသူကြီးသည် ကြိုတင်ပြင်ဆင်ထားသော ရှည်လျားသည့် စီရင်ချက်ကို တည်ငြိမ် လေးနက်စွာဖြင့် အိုက်ခ်မန်း၏ ပြစ်ဒဏ်ကို စတင်ဖတ် ကြားခဲ့သည်။
"အခုဆိုရင် ကျွန်တော် တို့ဟာ ဒီတရားစီရင်မှုရဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ရဲ့ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့အတွက် စွပ်စွဲခံရသူအပေါ် ပြစ်ဒဏ် ချမှတ်ရတော့မှာ ဖြစ်ပါတယ်။ ကျွန် တော် တို့အနေနဲ့ ဒီအမှုမှာ ပြစ်ဒဏ် ချမှတ် ဖို့ဆိုတာ ကျွန်တော် တို့ရဲ့ စီရင်ပိုင်ခွင့် အာဏာအတွင်းမှာပဲ ရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ စတင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။"
"တရားခံသည် လူတထောင်ခန့် တင်ဆောင်လာသော ရထားတစင်းစီကို အော်ရှဝစ်ဇ် သို့မဟုတ် အခြားသော သုတ်သင်ရှင်းလင်းရမည့် နေရာများသို့ စေလွှတ်ခဲ့ခြင်းမှာ လူပေါင်း တထောင်စီ ကို သတ်ရန် ကြိုတင် ကြံစည်ထားမှု တွင် ကြံရာပါ တဦး အဖြစ် တိုက်ရိုက် ပါဝင် ပတ်သက် နေကြောင်း သက်သေပြနေသည်။
ထိုလူသတ်မှုများနှင့် ပတ်သက်၍ ၎င်း၏ တရားဥပဒေအရနှင့် ကိုယ်ကျင့်တရားအရ တာဝန်ယူရ မည့် အဆင့်သည် ဤလူသားများကို မိမိလက်ဖြင့် ဓာတ်ငွေ့ခန်းထဲသို့ တွန်းပို့ခဲ့သူ၏ တာဝန်ယူမှုထက် တစိုးတစိမျှ လျော့နည်းခြင်း မရှိပေ။
တရားခံက သူ၏ အဆိုအရ အမိန့်ကို မျက်စိစုံမှိတ် နာခံခဲ့ရသည်ဟု ကျွန်ုပ်တို့ တွေ့ရှိခဲ့လျှင်ပင်၊ နှစ်ပေါင်းများစွာကြာအောင် ဤမျှကြီးမားသော ရာဇဝတ်မှုကြီးများတွင် ပါဝင်ခဲ့သူတဦးသည် ဥပဒေပြဋ္ဌာန်းချက်အရ အမြင့်ဆုံးပြစ်ဒဏ်ကို ခံရမည်သာ ဖြစ်သည်ဟု ကျွန်ုပ်တို့ ပြောရပေမည်။"
"ဤတရားရုံးက အဒေါ့ဖ် အိုက်ခမန်း အား သေဒဏ် အမိန့်ချမှတ်လိုက်သည်"
*************************
အခန်း (၁၆)
မေလ ၃၁၊ ၁၉၆၂၊
ဗျူနို့စ်အေးရီးစ် (အာဂျင်တီးနား) - ညဉ့်နက်ပိုင်း
အစ္စရေး ထောက်လှမ်းရေး အေးဂျင့် ဇဗီ အာဟာရိုနီ သည် "သေမင်းတမန်" ဟု အမည်ဆိုးဖြင့် ကျော်ကြားသော နာဇီ စစ်ရာဇဝတ်သား ကို နဖူးတွေ့ ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်သည်။ အာဟာရိုနီသည် အစ္စရေးသို့ ပြန်ရောက်ပြီးနောက် ရှင်းဘက် မှ မော့ဆက် သို့ ပြောင်းရွှေ့ကာ နာဇီ ရာဇဝတ်သားများကို စုံစမ်းဖမ်းဆီးသည့် ဌာနခွဲကို တာဝန်ယူခဲ့ရသူ ဖြစ်သည်။
ယခုအခါ သူသည် အခြားအမည် တခုဖြင့် တရားမဝင် ရောက်ရှိလာခြင်း ဖြစ်ပြီး၊ စစ်ရာဇဝတ်သား ဒေါက်တာ ဂျိုးဆက် မင်းဂဲလီး ကို ရှာဖွေဖမ်းဆီးနိုင်ရန် အတွက်ဖြစ်သည်။ SS အရာရှိဟောင်း တဦး၏ သတင်းပေးချက်အရ အဆိုပါ လူသတ်သမားသည် နာဇီလိုလားသော ပါရာဂွေးနိုင်ငံတွင် ပုန်းအောင်းနေသည်ဟု ယူဆရသဖြင့် အာဟာရိုနီသည် ထိုနေရာသို့ သွားရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သို့သော် ရာသီဥတုဆိုးရွားမှုကြောင့် အစီအစဉ်များကို ပြောင်းလဲပစ်ဖို့ ဖြစ်လာခဲ့သည်။ လေဖိအားပြောင်းလဲမှု ကြောင့် အာဟာရိုနီ စီးလာသော လေယာဉ်သည် ဥရုဂွေးနိုင်ငံ၊ မွန်တီဗီဒီယို မြို့တွင် စီစဉ်ထားသည့် ရပ်နားရာနေရာ၌ ဆင်းသက်နိုင်ခြင်းမရှိဘဲ အာဂျင်တီးနားနိုင်ငံအတွင်းသို့ ဆင်းသက်ခဲ့ရသည်။
မော့ဆက် ထောက်လှမ်းရေးအဖွဲ့ကြီးသည် အိုက်ခ်မန်းကို ပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့ဖူးသည့် ၎င်းတို့၏ အေးဂျင့် မည်သူကိုမဆို အဆိုပါနိုင်ငံသို့ ပြန်သွားခွင့် တင်းတင်းကျပ်ကျပ် တားမြစ်ထားပေသည်။ အာဂျင်တီးနားလူမျိုး အချို့မှာ အစ္စရေးတို့၏ ရန်လိုကျူးကျော်မှုအပေါ် မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး လက်စားချေရန် အခွင့်ကောင်းကို စောင့်မျှော်နေကြသည်။
မော့ဆက်အေးဂျင့်တဦး ဖမ်းဆီးခံရကာ နောက်ဆက်တွဲ တရားစွဲဆို ရုံးတင်စစ်ဆေးခံရခြင်းမျိုး ဖြစ်လာခဲ့ပါက ၎င်းသည် အာဟာရိုနီအတွက်ရော အစ္စရေးနိုင်ငံ အတွက်ပါ အကြီးအကျယ် အရှက်ကွဲစရာ အဖြစ်အပျက်တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ဇဗီ အာဟာရိုနီ အဖို့ ဘာမှ မတတ်နိုင်တော့။ ဗျူးနို့စ်အေးရီးစ် ရှိ အဲဇေးဇာ လေဆိပ်သည် ပိတ်တော့မည် ဖြစ်သည့်အပြင် နံနက်ပိုင်းအထိ အခြားလေယာဉ်ခရီးစဉ်များ လုံးဝမရှိတော့သည့်အတွက် အာဟာရိုနီအနေဖြင့် အာဂျင်တီးနားတွင် တညတာ ကုန်လွန်ရတော့မည် ဖြစ်သည်။
လေယာဉ်ကွင်းသို့ ရောက်ရှိချိန်တွင် အာဟာရိုနီသည် အာဂျင်တီးနား အာဏာပိုင်များထံ မိမိ၏ ပတ်စပို့အတုကို ပြသရန် တန်းစီစောင့်ဆိုင်းနေခဲ့သည်။ မော့ဆက် ၏ စာရွက်စာတမ်း အတုပြုလုပ်သူများသည် သူ့ ပတ်စ်ပို့ကို အလွန်သေချာ စေ့စပ်စွာ ပြင်ဆင်ပေးထားခဲ့သဖြင့် အဖမ်းခံရနိုင်ခြေ နည်းပါးလှပါသည်။ သို့သော်လည်း အကောက်ခွန်တန်းတွင် ရှေ့သို့ လှမ်းတက်သွားစဉ် ထောက်လှမ်းရေးသမားတဦးဖြစ်သည့် အာဟာရိုနီအနေဖြင့် စိုးရိမ်စိတ် ရှိနေဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မထင်မှတ်ပဲ တစုံတခု မှားယွင်းသွားနိုင်သည့် အနေအထားက အမြဲလို ရှိနေတတ်သည်ကို ကောင်းစွာ သိထား သော ကြောင့်ပင် ဖြစ်သည်။
အမှန်တော့ ဇဗီ အာဟာရိုနီသည် ဒီနေရာသို့ လုံးဝ ရောက်မလာသင့်သည့်သူ ဖြစ်သည်။ ၎င်းသည် မကြာမီရက်ပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်သော အိုက်ခ်မန်း ကို သေဒဏ် စီရင်မည့် ပွဲသို့ မျက်မြင်သက်သေအဖြစ် တက်ရောက်ရန် ဖိတ်ကြားခြင်း ခံထားရသူ ဖြစ်သည်။ ထို့အပြင် တရားခွင်သို့လည်း တက်ရောက်ခဲ့ဖူးပြီး ရှေ့ဆုံးတန်းတွင် ထိုင်ကာ သူကိုယ်တိုင် ပြန်ပေးဆွဲခဲ့သော ထို ပုဂ္ဂိုလ် နှင့် မျက်လုံးချင်း ဆုံ အောင် ကြည့်ခဲ့ဖူးသည်။
“အိုက်ခမန်း က ကျွန်တော်ကို မှတ်မိ၊ မမှတ်မိ ဆိုတာတော့ လုံးဝ မသေချာဘူး” ဟု အာဟာရိုနီ က သူ၏ အတ္ထုပ္ပတ္တိ စာအုပ်တွင် ဝန်ခံ ရေးသားခဲ့သည်။ “သူက ကျွန်တော်ကို အကြိမ်ကြိမ် အသေအချာ စိုက် ကြည့်ခဲ့ ပေမယ့် ကျွန်တော် ဘယ်သူလဲ ဆိုတာ သူ သိတယ်ဆိုတဲ့ လက္ခဏာမျိုး ဘာမှ မပြခဲ့ဘူး။”
ထိုသူလျှိုသည် ပြစ်ဒဏ် စီရင်ချက်အတွက် ကျေနပ် အားရမှု ရှိသော်လည်း ကြိုးမိန့် စီရင်သည့်ပွဲသို့ သွားရောက် တက်ရောက်ချင်စိတ်တော့ မရှိပေ။ အာဟာရိုနီသည် အောက်တန်းကျလှသော နာဇီအရာရှိဟောင်း၏ ရင်ထဲက မကောင်းဆိုးဝါး စိတ်ဓာတ်ကို ရိပ်စားမိထားသလို၊ ၎င်း၏ အကြောင်းကိုလည်း အတော်အတန် အသေးစိတ် သိရှိထားပြီးဖြစ်သည်၊ သို့ပါသော်လည်း ကြိုးစင်ပေါ်တွင် တွဲလောင်း ဖြစ်ကျန်ရစ်မည့် အိုက်ခမန်း ကို မြင်တွေ့ရပါက သူ့စိတ်ထဲ စွဲကာ အမြဲလို ခြောက်လှန့်နေမည်ကို စိုးရိမ်ခဲ့သည်။
“ကံကောင်းစွာနဲ့ပဲ ဒီ လို ဒွိဟ ဖြစ်နေတဲ့ အရေး ကနေ ကျွန်တော် လွတ်မြောက်ခဲ့ပါတယ်” ဟု အာဟာရိုနီက မန်ဂဲလီ ကို လိုက်လံ စုံစမ်းရန် တာဝန်သစ် ရရှိခဲ့ပုံကို ရည်ညွှန်း၍ ရေးသားခဲ့သည်။
ဗျူနိုအေးရီးစ် မြို့ လေဆိပ် အကောက်ခွန် အရာရှိက အာဟာရိုနီအား ရှေ့သို့ တိုးလာရန် အချက်ပြလိုက်၍ လျှောက်လာ ခဲ့လိုက်သည်။
****************