The Starfish and Spider (16)

by Hla Soewai - Nov 16 2026

၄။ တာဝန်ယူမှု၊ တာဝန်ခံမှု ကဏ္ဍတွေကို စနစ်တကျ ပြတ်ပြတ်သားသား ခွဲခြားထားပါသလား။

 

ဗဟိုချုပ်ကိုင်မှုရှိသည့် အဖွဲ့အစည်း အများစုကို ဌာနအသီးသီး ခွဲခြားထားလေ့ရှိပြီး ထိုဌာနများကိုလည်း ပိုင်းခြားပေးထားသည့် နယ်နိမိတ် စည်းဝိုင်းများကလည်း အခိုင်အမာ ရှိ နေကြသည်။ မားကတ်တင်းဌာနက မားကတ်တင်းအလုပ်ကို လုပ်ရသည်၊ လူ့စွမ်းအားအရင်းအမြစ် (HR) ဌာနက HR အလုပ်ကို လုပ်သည်၊ အစရှိသဖြင့် ဌာနတခုစီ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို မူသေ သပ်မှတ်ထားပြီးသား ဖြစ်သည်။

 

အချို့သော ဌာနများသည် တာဝန်မျိုးစုံ ကို ယူကြရသည်မျိုး ရှိသည်။ ဌာနတခုစီသည် ပင့်ကူတကောင်၏ ခြေထောက်တချောင်းနှင့် တူသည်။ ကျန်းမာသန်စွမ်းသည့် ပင့်ကူအဖွဲ့အစည်း တခုတွင်တော့ ခြေထောက်တချောင်းစီဟာ ခိုင်မာ မြဲမြံစွာ ရှိ နေပြီး အဖွဲ့အစည်းတခုလုံး၏ အလေးချိန်ကို ထိန်းမတ် ပေးရာတွင် ကူညီပေးကြသည်။

 

ဗဟိုချုပ်ကိုင်မှုမရှိသောအဖွဲ့အစည်းများတွင် မည်သူမဆိုသည် မည်သည့်အရာမဆို လုပ်နိုင်သည်။ ဗဟိုချုပ်ကိုင်မှုမရှိသောအဖွဲ့အစည်းတစ်ခု၏ အစိတ်အပိုင်းသည် ရေလက်ဝါး ကြယ် ငါး ၏ လက်တံနှင့် တူသည်။ ၎င်းသည် ကုမ္ပဏီ၏ ခေါင်းဆောင်တဦးဦးထံ အစီရင်ခံတင်ပြရန် မလိုအပ်ဘဲ၊ ကိုယ်တိုင်အတွက်သာ တာဝန်ရှိသည်။ AA အဖွဲ့ဝင်တဦးက အဖွဲ့အသစ်တခု စတင်လိုလျှင်ဖြစ်စေ၊ eMule အဖွဲ့ဝင်တဦးက သီချင်းအသစ် ထောင်နှင့်ချီ၍ တင်လိုလျှင်ဖြစ်စေ၊ သူတို့ လုပ်နိုင်သည်။ အားလုံး၏ တာဝန်ထဲတွင် မည်သည့် အလုပ် မဆို ပါဝင်သည်။

 

၅။ ယူနစ်တစ်ခုကို ထုတ်နှုတ်လိုက်ပါက အဖွဲ့အစည်း ထိခိုက်နစ်နာသွားပါသလား။

 

ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော အဖွဲ့အစည်းတစ်ခု၏ ယူနစ် (အခွဲ/အဖွဲ့ငယ်) များသည် သဘာဝအလျောက် လုံးဝလွတ်လပ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိကြသည်။ ယူနစ်တစ်ခုကို ဖြတ်တောက်လိုက်ပါက ရေလက်ဝါး ကြယ်ကဲ့သို့ပင် ထိုအဖွဲ့အစည်းသည် ယေဘုယျအားဖြင့် ကောင်းမွန်စွာ ဆက်လက်ရပ်တည်နိုင်စွမ်းရှိသည်။ တကယ်တမ်းတွင် ဖြတ်တောက်ခံလိုက်ရသော လက်မောင်းငယ်လေးကပင် တအဖွဲ့အစည်းတခုကို ပြန်လည်ကြီးထွား ပေါက်ဖွားလာစေနိုင်ပေသည်။ အေအေ (AA - အရက်စွဲရောဂါ ပြန်လည်ကုသရေးအသင်း) ဝိုင်းငယ်တစ်ခုကို အေအေ အဖွဲ့အစည်းကြီးနှင့် အဆက်အဖြတ်လိုက်ပါက နှစ်ခုစလုံး ဆက်လက်ရှင်သန်နိုင်ကြမည် ဖြစ်သည်။ သီးခြားဖြစ်သွားသော ထိုဝိုင်းငယ်သည်ပင် မူးယစ်စွဲသူများအား ကူညီပံ့ပိုးပေးမည့် အဖွဲ့အစည်းအသစ်တခုကို ဖန်တီးလာနိုင်ချေ ရှိသည်။

 

အင်တာနက်ပေါ်ရှိ ဝက်ဘ်ဆိုက် အားလုံး၏ တဝက်ခန့်ကိုသာ ဖျက်ဆီးပစ်လိုက်ပါက မည်သို့ဖြစ်သွားမည်နည်း။ ဆက်လက်ရှင်သန်နေဦးမည်သာ ဖြစ်သည်။ ၉၅ ရာခိုင်နှုန်းအထိ ဖယ်ရှားလိုက်ပါကကော မည်သို့ဖြစ်မည်နည်း။ ထိုစနစ်သည် အခက်အခဲများကို ကျော်လွှားရပ်တည်နိုင်ဦးမည် ဖြစ်သည် — အမှန်စင်စစ်တွင် နျူကလီးယား တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိစေရန် ရည်ရွယ်ဒီဇိုင်းထုတ်ထားခဲ့ခြင်း ဖြစ်သည်။

 

အလားတူပင် ပီတူပီ (P2P) ကွန်ရက်တခုမှ အပိုင်းအစတခုကို နှုတ်ယူလိုက်ပါက ခဏတာမျှ သီချင်းအရေအတွက် နည်းပါးသွားမည်ဖြစ်သော်လည်း မကြာမီမှာပင် ထိုကွန်ရက်သည် သူ့အလိုလို ပြန်လည်တည်ဆောက်သွားလိမ့်မည်သာ ဖြစ်သည်။

 

ဗဟိုချုပ်ကိုင်သော အဖွဲ့အစည်းတခုတွင် ဌာနတိုင်းသည် အရေးကြီးသည်။ ပင့်ကူတစ်ကောင်သည် ခြေတစ်ချောင်း ဆုံးရှုံးလျှင် ဘာဖြစ်မည်နည်း။ ၎င်း၏ လှုပ်ရှားနိုင်စွမ်း သိသိသာသာ ထိခိုက်ပြီး ထိုသို့ ဆက်ဖြစ် နေမည် ဆိုကအသက်ရှင်ရပ်တည်နိုင်ဖို့ပင် အန္တရာယ်ရှိလာမည်။ ကုမ္ပဏီတခု၏ ငွေစာရင်းဌာနကို ကျန်အဖွဲ့အစည်းမှ ခွဲထုတ်လိုက်လျှင် ၎င်းကို ထောက်ပံ့ပေးနိုင်သော အဖွဲ့အစည်းသစ်တခု အလိုလို ပေါ်လာမည် မဟုတ်။ ကုန် ထုတ်လုပ်ရေးကုမ္ပဏီ၏ စက်ရုံကို ဖယ်ရှားလိုက်လျှင် ပြန်လည်ပြုပြင်၍မရနိုင်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေမည်။

 

၆။ ဉာဏ် ပညာ ဗဟုသုတနှင့် အာဏာတို့သည် ဗဟိုချုပ်ကိုင်မှု ရှိကြသလော၊ သို့တတည်းမဟုတ် ဖြန့်ကျက်ထားကြသလော။

 

ပင့်ကူကုမ္ပဏီများတွင် အာဏာနှင့် ဉာဏ်ပညာတို့သည် အထက်ပိုင်း၌သာ ချုပ်ကိုင်မှု ရှိကြသည်။ တာဝန်ခံပုဂ္ဂိုလ်သည် အသိပညာ ဗဟုသုတ အကြွယ်ဝဆုံးဖြစ်သည်ဟု ယူဆရပြီး အဓိကကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် အာဏာလည်း ရှိသည်။ ၁၉၃၅ ခုနှစ်တွင် ဟာရီကိန်းမုန်တိုင်းသည် ကီးစ် ကျွန်းစုများကို ဝင်ရောက်တိုက်ခတ်စဉ်က အမေရိကန် မိုးလေဝသ ဗျူရို တွင် အကောင်းဆုံး ဗဟုသုတ အသိပညာများရှိပြီး လာမည့်မုန်တိုင်းကို မည်ကဲ့သို့ တုံ့ပြန်ရမည်ဟူသော ဆုံးဖြတ်ချက်ချရန် အခွင့်အာဏာ အပြည့်အဝရှိသည်ဟု ယူဆခဲ့ကြသည်။

 

ရေလက်ဝါး ကြယ်ငါး ကဲ့သို့သော အဖွဲ့အစည်းများတွင် အာဏာ သို့မဟုတ် အုပ်ချုပ်မှု အစွမ်းသတ္တိသည် ဗဟိုချုပ်ကိုင်မှု မရှိဘဲ နေရာအနှံ့သို့ ပျံ့နှံ့တည်ရှိနေတတ်သည်။ အဖွဲ့ဝင် တဦးချင်းစီသည် တန်းတူညီမျှသော ဗဟုသုတနှင့် အသိပညာ ရှိကြပြီး မည်သည့်အဖွဲ့ဝင်နှင့် မဆို လုပ်ပိုင်ခွင့် အာဏာကို အတူတူ ပိုင်ဆိုင်ထားကြသည်ဟု ယူဆရသည်။ အဖွဲ့ငယ် သို့မဟုတ် အသိုင်းအဝိုင်း တခုချင်းစီသည် ၎င်းတို့၏ အဖွဲ့ဝင်များ လိုအပ်နေသည့် အချက်အလက်များကို ကောင်းစွာ နားလည်သဘောပေါက်ကြကာ အခြေအနေ အလိုက် သင့်လျော်သလို မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်ရမည်ကို ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း ရှိကြပေသည်။

 

၇။ အဖွဲ့အစည်းသည် လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းရှိသလား၊ သို့မဟုတ် တင်းကျပ်စွာ ဖွဲ့စည်းထားသလား

 

ဗဟိုချုပ်ကိုင်မှုမရှိသော အဖွဲ့အစည်းများသည် ပုံသေဖွဲ့စည်းပုံမရှိဘဲ အလွန်ပြောင်းလဲလွယ်ပြီး အခြေအနေအလိုက် လှုပ်ရှားပြောင်းလဲနိုင်ကြသည်။ အာဏာနှင့် အသိပညာတို့ကို နေရာအနှံ့ ခွဲဝေဖြန့်ကျက်ထားသောကြောင့် အဖွဲ့အစည်းအတွင်းနှင့် ပြင်ပမှ သက်ရောက်လာသည့် အင်အားအမျိုးမျိုးကို အဖွဲ့ခွဲတခုချင်းစီက လျင်မြန်စွာ တုံ့ပြန်နိုင်ကြသည်။ ထိုအဖွဲ့အစည်းများသည် အဆက်မပြတ် ပြန့်ပွားလာခြင်း၊ ကြီးထွားလာခြင်း၊ ကျုံ့ဝင်သွားခြင်း၊ ပုံစံပြောင်းလဲသွားခြင်း၊ ပျောက်ကွယ်သွားခြင်းနှင့် ပြန်လည်ပေါ်ထွက်လာခြင်းတို့ ဖြစ်ပေါ်နေကြသည်။

 

ဤအရည်အသွေးများကြောင့် ၎င်းတို့သည် အလွန်ပြောင်းလွယ်ပြင်လွယ်ရှိကြသည်။ အင်တာနက်ကို ဥပမာအဖြစ် စဉ်းစားကြည့်ပါ။ နေ့စဉ်နှင့်အမျှ ဝက်ဘ်ဆိုက်အသစ် ထောင်ပေါင်းများစွာ ပေါ်ထွက်လာကြသကဲ့သို့ မရေ တွက် နိုင် သော အခြားဝက်ဘ်ဆိုက် အမြောက်အမြားလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။

 

ထိုနည်းတူပင် AA အဖွဲ့အစည်းသည်လည်း လိုအပ်ချက် ပေါ်ပေါက်လာသည်နှင့်အမျှ အခြားအဖွဲ့အစည်းပုံစံများအဖြစ် လျင်မြန်စွာ အသွင်ပြောင်းလဲသွားနိုင်ခဲ့သည်။ AA အဖွဲ့အစည်းသည် မည်မျှပင် ကြီးမားလာသည်ဖြစ်စေ၊ ၎င်း၏ သမိုင်းကြောင်း မည်မျှပင် ရှည်လျားလာသည်ဖြစ်စေ အဖွဲ့အစည်း၏ မည်သည့်အစိတ်အပိုင်းမဆို အချိန်မရွေး လွယ်ကူစွာ အသွင်ပြောင်းလဲနိုင်သည်။ ရေလက်ဝါးကြယ်ငါးတကောင်၏ လက်တံများသည် တခုနှင့်တခု အတော်အတန် လွတ်လပ်စွာ လှုပ်ရှားနိုင်သကဲ့သို့ ၎င်းတို့သည်လည်း ဦးတည်ရာအမျိုးမျိုးသို့ လွတ်လပ်စွာ ရွေ့လျားနိုင်ကြသည်။

 

အခြားတစ်ဖက်တွင် ဗဟိုချုပ်ကိုင်မှုရှိသော အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများအပေါ် ပိုမိုမှီခိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ပြောင်းလဲရန် ခက်ခဲပြီး ပိုမိုတင်းကျပ်လေ့ရှိသည်။

 

ဥပမာအားဖြင့် ဘဏ်ဝန်ထမ်းနှစ်ဦးသည် တနေ့တွင် မိမိတို့၏ ဘဏ်ခွဲ၌ အိမ်ရာချေးငွေများ ထုတ်ပေးခြင်းအစား သံပရာ ဖျော်ရည် ရောင်းချကြမည်ဟု မိမိတို့သဘောဖြင့် ဆုံးဖြတ်လုပ်ကိုင်၍ မရနိုင်ပေ။