ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(16)

by Hla Soewai - Nov 13 2020

သံရုံး၏ ဒုတိယ အကြီးအကဲ အဖြစ် တွေ့ဆုံသင့်သူများ အား တွေ့ဆုံနိုင်အောင် တိုတောင်းသော အချိန်အတွင်း စီစဉ်ပေးနိုင်ခဲ့သည်များ အတွက် ကျွနုပ်သည် စိတ်ထဲတွင် မှတ်မှတ်ထင်ထင် ရှိနေအောင် စွဲကျန်ရစ်ခဲ့ပေသည်။ ယင်းနှင့် အတူ အမေရိကန် အစိုးရ အသိုက်အဝန်းက သံအမတ်ကြီး ယူမန်စကီး အပေါ် သတိကြီးစွာထား၍ ဆက်ဆံနေသည်ကိုတော့ ကျွနုပ်မှာ သတိမပြုမိဘဲ မနေနိုင်ခဲ့ပေ။ ကျွနုပ် စိတ်အထင်တော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သူ့ကို မကြိုက်သော သူတဦးက တမင်တကာ ထိခိုက်အောင် ဝါဒဖြန့်နေသလားဟု ပင် ယူဆနေမိသည်။

 

မုန်တိုင်းထန်လှသော နိုင်ငံရေး ပင်လယ်ပြင်တွင် လူသစ်တဦး ဖြစ်သည့် ကျွနုပ် အဖို့ ထိုသို့သော အရေးကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရပေတော့မည်။ ယူမန်စကီး အပေါ် မနှစ်မြို့မှုများမှာ နာဇီတို့မှ USSR အား ကျူးကျော်ရန် ခြိမ်းခြောက်မှုများ ကို ဗြောင်ကျကျ ပြုလုပ်လာချိန်တွင် ပို၍ သိသာထင်ရှားလာနေရသည်။

 

ကျွနုပ်သည် ဖရန်ကလင် ရုစ်ဘဲလ်နှင့် အမျိုးသား ပြတိုက်ကြီး ဖွင့်ပွဲတွင် ပထမဆုံးအကြိမ် တွေ့ဆုံဖြစ်ခဲ့သည်။ ရုစ်ဘဲလ်သည် ခန္ဓာကိုယ် မစွမ်းမသန် ဖြစ်နေသော်လည်း မိန့်ခွန်းပြောရာတွင် မတ်တပ်ရပ်ပြီး ပြောနိုင်စွမ်း ရှိသူ ဖြစ်သည်။ ထိုသို့ပြောနိုင်ရန် လူမြင်ကွင်းနောက်ကွယ်မှ အကျအန ပံ့ပိုးပေးထားခဲ့ရသည်။ ကျွနုပ်သည် သူ့ကို အကဲခတ်နေမိခဲ့ပြီး သူ့တွင်ရှိသောသတ္တိနှင့် စိတ်ဓါတ်ခွန်အား ကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ အမြဲလို နာမကျန်း ဖြစ်နေသော်ငြားလည်း တည်ငြိမ်ပြီး မိမိကိုယ်မိမိ စိတ်ချယုံကြည်မှု အပြည့်ရှိနေသည့် အသွင်သဏ္ဌာန်ကို တွေ့မြင်ခဲ့ရသောကြောင့်ပင် ဖြစ်သည်။

 

                                                ********************

သံတမန်တယောက်အဖို့ မိမိတာဝန်ကျရာ နိုင်ငံကို လေ့လာကြည့်ရှုခြင်းသည် လွန်စွာ အရေးပါသော လုပ်ငန်း စဉ်တခုပင် ဖြစ်သည်။ ထို့အတွက် ၁၉၄၀ နှစ်လယ်ပိုင်းတွင် အမေရိကန် စက်ရုံအသီးသီး၌ လုပ်ကိုင်နေကြသော ဆိုဗီယက် ကျွမ်းကျင်သူများ၏ အခြေအနေကို ကျွနုပ်အဖို့ စစ်ဆေးရမည့် တာဝန်ရှိနေရာ ဤသည်ကို အသုံးချ၍ အမေရိကန် ၏ စက်မှုထွန်းကားရာ မြို့ကြီး အချို့ကို လှည့်လည် ကြည့်ရှုခဲ့သည်။

 

ကျွနုပ်နှင့် လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သည့် ဗီအိုင် ဘာဇီကင် နှင့်အတူ ချီကာဂို၊ ဒီထရွိုက်၊ ကလီဗီလင်၊ ဘတ်ဖဲလိုး၊ စင်စင်နာတီ၊ မီလ်ဝပ်ကီ၊ ဝေါစက်စတာ နှင့် ကမ်ဒင်မြို့ကြီးများသို့ သွားရောက်ခဲ့သည်။ ထိုမြို့များရှိ စက်ရုံများတွင် ဆိုဗီယက်ကျွမ်းကျင်သူများနှင့် စကားစမြည်ပြောခွင့်ရခဲ့သည်။ အိမ်နှင့် ဝေးကွာနေကြရသူများ အဖို့ ကျွနုပ်တို့အား တွေ့ခဲ့ရသည့် အတွက် လွန်စွာ ကျေနပ်အားရနေကြောင်း သူတို့၏ မျက်နှာများပေါ်တွင် အထင်းသား ပေါ်လွင်နေပေသည်။ သူတို့အားလုံးက USSR တွင် ဖြစ်ပျက်နေသည်များအပြင် လက်ရှိတွင် အဖုအထစ် ဖြစ်လာနေသည့် အမေရိကန် နှင့် ဆက်ဆံရေး အနေအထားကို အငမ်းမရ မေးမြန်းခဲ့ကြသည်။

 

မကြာမီက ပြီးဆုံးသွားခဲ့သော ဆိုဗီယက်-ဖင်လန် စစ်ပွဲနှင့် ပတ်သက်ပြီး အမေရိကန် အုပ်ချုပ်ရေး အသိုက်အဝန်းမှ ဆိုဗီယက် ဆန့်ကျင်ရေး အမြင်များနှင့် ဖွင့်ဆိုရေးသားနေကြသည့်အပြင် ဘော်လတစ် နိုင်ငံများနှင့် USSR ပေါင်းစည်းရေးအားလည်း ရှုတ်ချပြောဆိုလျှက် ရှိနေချိန်လည်း ဖြစ်ပေသည်။

 

ကျွနုပ်၏ ခရီးစဉ်ကြောင့် အမေရိကန် အတွင်းပိုင်း ဒေသများ အကြောင်း ပိုင်ပိုင်နိုင်နိုင် သိခွင့်ရလာခဲ့သည်။ ထိုသို့သော အကြောင်းများကို သတင်းစာ စာနယ်ဇင်းများတွင် ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

 

ဒီထရွိုက်ရှိ ဖို့ဒ် ကားစက်ရုံကြီးသို့ ရောက်ခဲ့စဉ်က ကျွနုပ်တို့ကို နည်းပညာ များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောပြခဲ့ကြသည်။ ကားအင်ဂျင်ကြီး တလုံးသည် ဒါဇင်ပေါင်းများစွာ ရှိမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးနောက် ကွန်ဗေယာ ကြီးမှတဆင့် ထွက်ကျလာခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

 

ချီကာဂိုတွင် သမ္မတ ရုစ်ဘဲလ်၏ တတိယမြောက် သမ္မတသက်တမ်း အတွက် ရွေးချယ် ဆုံးဖြတ်ကြမည့် ဒီမိုကရက်ပါတီ ညီလာခံကြီးကို တက်ရောက်လေ့လာခွင့်ရခဲ့ကြသည်။ ထိုညီလာခံကြီးသို့ လူထောင်ပေါင်း များစွာ တက်ရောက်လာခဲ့ကြသည်။ ဆူညံစွာ အော်ဟစ်နေကြသော အသံများကို ကြည့်လျှင် ဒီမိုကရက်များ အား ထောက်ခံနေကြသည်ဟု ယူဆနိုင်စရာ ရှိသော်လည်း တော်လဲသံကြီး မြည်ဟီးနေသလို နားကွဲလုမတတ် အသံများကြားတွင် အတိအကျ ပြောဖို့မှာ မဖြစ်နိုင်ပေ။

 

ဒီမိုကရက် ပါတီ ဥက္ကဌ ဖြစ်သူ အထက်လွှတ်တော် အမတ် အာဘန် ဘာကလီ သည် သူ့လက်ထဲရှိ တူ အသေးစားလေးကို အဆက်မပြတ် ထုကာ တိတ်တိတ်ဆိတ်ဆိတ် ရှိကြဖို့ သတိပေးနေရသည်။

 

စင်မြင့်ပေါ်သို့ တက်လာသူက အယ်လ်ဘားမား ပြည်နယ်မှ အထက်လွှတ်တော် အမတ် တဦး ဖြစ်သည်။ လူလတ်ပိုင်းသာ ရှိပုံရသော်လည်း နဖူးက ပြောင်နေပြီ ဖြစ်သည်။ ဘာစကားမှ မပြောသေးဘဲ သူ၏ လက်ကို လေထဲသို့ တမိနစ် နှစ်မိနစ် ခန့် ဆန့်တန်းလိုက်ပြီးမှ မိန့်ခွန်းကို စပြောခဲ့ပေသည်။  ထိုသို့သော အနေအထားတွင် သူ ဘာပြောသည်ကို မည်သူမျှ ကြားနိုင်လိမ့်မည် မထင်ပေ။ ထို့အတွက် ပြောလက်စ စကားကို ရပ်လိုက်ရ ပြန်ပြီး လက်ကို အပေါ်မြှောက်ကာ မော့ကြည့်နေသည်။ သူ၏ပုံစံသည် သူ့အား ပရိဿတ်က သနားလာပြီး သူပြောမည့်စကားများကို နားထောင်လာလိမ့်မည်ဟု မျှော်လင့်နေပုံရသော်လည်း အချည်းနှီးသာ ဖြစ်သည်။ မည်သူကမျှ နားထောင်ရန် စိတ်ကူးရှိပုံ မရပေ။

 

ကမ္ဘာပျက်မတတ် အော်ဟစ်ဆူညံသံများအောက်တွင် ရုစ်ဘဲလ်၏ နာမည်ကို ကြားလိုက်ရုံဖြင့် လူအုပ်ကြီးမှ တခဲနက် ထောက်ခံ အော်ဟစ်သံများကိုတော့ ကျွနုပ်အဖို့ သတိပြုမိခဲ့သည်။ လက်ရှိ ဒီမိုကရက် ညီလာခံကြီး ၏ ရည်ရွယ်ချက်မှာ သူ၏ တတိယမြောက် သက်တမ်း ဖြစ်မည့် အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ် တင်သွင်းနိုင်ရန်အတွက်ပင် ဖြစ်သည်။ ရုစ်ဘဲလ်သည် ရွေးကောက်ပွဲတွင် အနိုင်ရဖို့ က သေချာသလောက် ရှိနေပြီ ဖြစ်သည်။ အမေရိကန် ပြည်သူ အများစုကလည်း သူ့ကိုပင် သမ္မတအဖြစ် ဆက်လက်တာဝန်ထမ်း ဆောင်စေချင်ကြပြီး ဆိုဗီယက် ပြည်သူများကလည်း ထိုနည်း လည်းကောင်းပင် ဖြစ်ပေသည်။

 

ကျွနုပ်တို့လည်း ဝါရှင်တန်သို့ ပြန်လာခဲ့ကြသည်။ ကျွနုပ်မှာ အသက် သုံးဆယ် ရှိလာပြီဖြစ်သည်။ ထိုအချိန်တွင် ဂျွန် ကနေဒီသည် အသက် နှစ်ဆယ့်နှစ်နှစ် ရှိနေပြီး အမေရိကန် ဘူဇွာ တို့၏ ထိတ်ထိတ်ကြဲ တက္ကသိုလ် ကျောင်းတိုက်ကြီး ဖြစ်သော ဟားဘတ်တွင် ဥပဒေပညာကို သင်ယူဆည်းပူးနေချိန် ဖြစ်ပေသည်။ အမေရိကန်၏ အခြားတဖက်ရှိ ဟောလီဝုဒ်တွင်တော့ ရော်နယ်ရီဂင်ဆိုသူ ရုပ်ရှင်မင်းသားတဦး သည် Hell’s Kitchen ဟူသော ရုပ်ရှင်ကား ဖြင့် နာမည်ရလာနေချိန် လည်း ဖြစ်ပေသည်။

                                                ****************************