စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (3)

by Hla Soewai - May 15 2022

ဆမ်မန်သာ နှင့် အနည်းငယ်မျှသော သံရုံးဝန်ထမ်းများ၊ အင်ဂျီအို အဖွဲ့ဝင်များသည် မြစ်ဝကျွန်းပေါ် ဒေသသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်သွားနိုင်ခဲ့သဖြင့် ပျက်ဆီး ဆုံးရှုံးမှုများ နှင့် လိုအပ်နေသည့် ကယ်ဆယ်ရေး လုပ်ငန်းများကို လေ့လာဆန်းစစ်နိုင်ခဲ့ကြသည်။

 

သူတို့အားလုံး တွေ့ခဲ့ကြရသည်က ပျက်စီးခြင်းမက ပျက်စီးနေသော မြင်ကွင်းများပင် ဖြစ်သည်။ လူနေတဲများ၊ အဆောက်အ‌ဦးများမှ ကြွင်းကျန်ရစ်သော အစအနများ၊ စုတ်ပြဲနေသော အဝတ် အစားများ၊ နေရာအနှံ့ ပြန့်ကျဲနေသော တိရိစ္ဆာန် နှင့် လူသေ အလောင်းများ ဖြစ်သည်။ အသက်ရှင် ကျန်ရစ်ခဲ့သူများ အတွက် မိုးဒဏ်မှ အကာအကွယ် ရလိုရငြား တာလပတ် အစများ နှင့် မိုးကာထား သောယာယီ တဲလေးများကို လည်း ဟိုနားဒီနား တွေ့နေရသည်။

 

ရောက်ရှိလာသူများအား ကျေးရွာသားများက ကြိုဆို နှုတ်ဆက်ကြပြီး သူတို့ အတွက် အကူအညီများ နှင့် သတင်းများကို မေးမြန်းလာကြသည်။ မြန်မာပြည်ပြင်ပမှ လူများက သူတို့အား ဂရုတစိုက် ရှိနေ ကြသည့် အဖြစ်ကိုလည်း တအံ့တဩ ဖြစ်နေကြသည်မှာ သူတို့၏မျက်နှာများတွင် အထင်းသားပေါ် လွင်နေသည်။ သူတို့  ကြုံခဲ့ရသည်များ ပြောပြသည်ကို ကြားခဲ့ရသည်။ ရွာသားတဦးက မလှမ်းမကမ်း ကွင်းပြင်ကျယ်ကြီး အလယ်ရှိ သစ်ပင်ကြီး တပင်ကို လက်ညှိုးထိုးပြ၍ ကြည့်လိုက်မိရာ သစ်ခေါက် များ ကွာကျနေသည်ကို တွေ့ရသည်။ ထိုသစ်ပင်ကြီးသည် တခါက အရွက်များနှင့် ဝေဝေဆာဆာ ရှိနေသော ထိုသစ်ပင်ကြီးအား တညလုံး ဖက်တွယ်ထားခဲ့ရသည်။ ရေများက တရဟောကျကာ သူ့ခေါင်းပေါ်မှ တဝေါဝေါ နှင့် ဖြတ်စီးနေသည်ဟု ဆိုသည်။ သို့သော် သူ၏ မိသားစု ဖြစ်သော ဇနီး၊ ကလေးများ နှင့် မိဘများကတော့ ကံဆိုးခဲ့ရရှာသည်။ သူ၏ လက်နှင့် ခြေထောက်များတွင်လည်း သစ်ပင်ကြီးအား နာရီပေါင်းများစွာ ကြာအောင် ဖက်တွယ်ထားခဲ့ရ၍ အမာရွတ်များ ထင်ကျန်နေ သည်ကို တွေ့ခဲ့ရသည်။

 

ရွာသူရွာသား များသည် ထိုသို့ ဆောက်တည်ရာ မရအောင် လောကဓံ နှင့် ရင်ဆိုင်နေရသော်လည်း သူတို့တွင်ရှိ ဧည့်ဝတ်ကျေပြွန်မှု နှင့် သဒ္ဒါတရား ထက်သန်မှု ကတော့ ပျောက်ပျက်သွားခဲ့ခြင်း မရှိပေ။ ရောက်ရှိလာသော အဖွဲ့အား ဧည့်ခံခဲ့ကြပြီး တာလပတ်ပေါ်သို့ တဖြောက်ဖြောက်ကျနေသော မိုးသံများ ကြားမှ သူတို့ ၏ ဇတ်လမ်းများကို ပြောပြကြသည်။

 

မုန်တိုင်းကြီး ကျရောက်ပြီး နှစ်ပတ်အကြာတွင်တော့ စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း သည် အမေရိကန်တို့အား ကယ်ဆယ်ရေး ပစ္စည်းများကို C-130 လေယာဉ်ကြီးများနှင့် သယ်ယူ ပို့ဆောင်ပေးရန် ခွင့်ပြုလာခဲ့သည်။ သို့သော် လေယာဉ် ပေါ်ပါသူ တဦးတလေမျှ လေဆိပ်အပြင်သို့ ခြေချခွင့် မပြု၊ သူတို့ဖာသာ သူတို့ ဖြန့်ဝေမည်ဟု ကန့်သတ်လာခဲ့သည်။

 

ရေတပ် ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် စိုးသိမ်းက လေဆိပ် သို့ ရောက်လာပြီး စောင့်ကြည့် ကြီးကြပ် လာသည်။

 

ထိုသို့ ကန့်သတ်ထားသည့် ကြားမှ သံရုံးဝန်ထမ်းများက လေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေး ပစ္စည်းများကို World Vision, CARE, Save the Children, PSI အပါအဝင် အခြား နိုင်ငံတကာ အဖွဲ့အစည်းများ၊ နောက်ဆုံး ပြည်တွင်း ရှိ အင်ဂျီအိုများ လက်ဝယ်သို့ အချိန်လုကာ ရနိုင်သမျှ ထိုးထည့် ပေးခဲ့ကြသည်။

 

တင်းကျပ်စွာ  ကန့်သတ်ထားမှုများ ရှိနေသော်လည်း တာလပတ်များ၊ ဆန်အိတ်များ၊ ဘီစကစ်ထုတ် များ၊ ခြင်ထောင်များ အစရှိသည့် ပစ္စည်း အမြောက်အမြားသည် ရန်ကုန်ရှိ မှောင်ခိုဈေးကွက်တွင် အလျှံပယ် တွေ့လာခဲ့ရသည်။

 

အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID မှ အုပ်ချုပ်ရေးမှူး ဟင်ရီတာ ဖိုး၊ ပစိဖိတ် စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် တင်မိုသီ ကီတင်၊ USAID ၏ သဘာဝဘေးအန္တရာယ် အကူအညီပေးရေး နှင့် ကယ်ဆယ်ရေး အဖွဲ့ အကြီးအကဲ ဘေလ် ဘာဂါ၊ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စကော့ မာဆယ် တို့က ရန်ကုန် လေဆိပ်သို့ မေလ ၁၂ ရက်နေ့တွင် ပထမဆုံး ဆိုက်ရောက်လာ သော C-130 ‌လေယာဉ်ကြီးနှင့် အတူ လိုက်ပါလာခဲ့ကြသည်။ 

 

ရန်ကုန်လေဆိပ်တွင် စစ်ဖက်မှ ဆွေးနွေးရန် ရောက်လာကြသူများ၊ သံရုံး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ သည်။ ဗိုလ်ချုပ် ကီတင်သည် မြန်မာပြည်တွင် နာဂစ် မုန်တိုင်း တိုက်ခတ်မွှေနှောက်နေချိန်၌ ခရီး ထွက်နေခိုက် ဖြစ်သည်။ ချက်ချင်းဆိုသလို သူလိုက်ပါလာသည့်  လေယာဉ်ကို ဆီဖြည့်ရန် ဆင်းသက် ခိုင်းပြီး လေယာဉ်ကို ထိုင်းနိုင်ငံသို့ ဦးတည် ပျံသန်းရန် ညွှန်ကြားလိုက်တော့သည်။ ထိုင်းရောက်သည့် အခါတွင်တော့ အကူအညီ များ ပို့ဆောင် ဖြန့်ချီရန် မဟာဗျူဟာများ ရေးဆွဲစေသည်။ 

 

ဗိုလ်ချုပ် ကီတင်သည် ပစိဖိတ် စစ်ဌာနချုပ် ၏ တပ်မှူးကြီး ဖြစ်နေခြင်းကြောင့် ကုန်းရေ နှစ်သွယ် သွားနိုင်သည့် ယာဉ်များ၊ ဆေးဝါးပစ္စည်းများ၊ ‌မရိမ်းတပ်ဖွဲ့ဝင်များ၊ သယ်ယူ ပို့ဆောင်ရေး ယဉ်များကို စိတ်ကြိုက်သုံးခွင့် ရထားပြီးသူလည်း ဖြစ်သည်။

 

ဟင်ရီတာ ဖိုးသည်လည်း သူမ လုပ်ပိုင်ခွင့်ဖြင့် သဘာဝ ဘေးအန္တရာယ်အတွက် ကယ်ဆယ်ရေး ပစ္စည်း များ၊ ရံပုံငွေများ ချပေးနိုင်ပြီး လိုအပ်သလို အဖွဲ့များ စုစည်းပေးနိုင်စွမ်း ရှိသည်။ ထို့အတွက် ပစိဖိတ် စစ်ဌာနချုပ် နှင့် USAID နှစ်ခုတည်းနှင့်ပင် လိုအပ်သည့် အရင်းအမြစ်များ၊ အတွေ့အကြုံ ကြွယ်ဝမှု များ က ပြည့်စုံ လုံလောက်နေပြီ ဖြစ်သည်။

 

ကီတင် နှင့် ဖိုး တို့ နှစ်ဦးအား ရန်ကုန် လေဆိပ်တွင် ကြယ်သုံးပွင့် ဗိုလ်ချုပ်ကြီးတဦး၊ စစ်ဖက် နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိကြီးများက လာရောက်တွေ့ဆုံခဲ့ကြသည်။ အမေရိကန် ဖက်မှ သူတို့ ယူလာသော နာဆာမှ ရိုက်ကူးထားသည့် ဂြိုလ်တု ဓါတ်ပုံ မှတ်တမ်းများကို ထုတ်ပြခဲ့သည်။ ထိုဓါတ်ပုံ များသည် ပျက်စီးမှု ပမာဏ မည်မျှ ကြီးမားနေပြီ ဆိုသည်ကို ဝိဝါဒ ကွဲပြားစရာ မလိုတော့သည့် ခိုင်မာ သော သက်သေ အထောက်အထားများပင် ဖြစ်သည်။ ထို့အတွက် မိမိတို့ အနေဖြင့် အကူအညီများ ဆက်လက် ပေးနိုင်ရန် နှင့်  မုန်တိုင်းသင့် ဒေသများကို ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက် ဝေငှ ပေးရေးကို ခွင့်ပြုရန် အမေရိကန်တို့ တောင်းဆိုလာခဲ့သည်။

 

သို့သော် လေဆိပ် ရောက်လာသည့် မြန်မာ အဖွဲ့မှ အဆိုပါ ဓါတ်ပုံများကို အရေးထားလောက်စရာ မဟုတ်ဟု သဘောထားခဲ့ကြပြီး မြန်မာပြည်တွင် ထိုကိစ္စမျိုးက ဖြစ်ရိုးဖြစ်စဉ် သာ ဖြစ်သည်။ ဓါတ်ပုံများထဲက အတိုင်း တကယ် ဆိုးဆိုးရွားရွား ဖြစ်ခဲ့လျှင်လည်း ဘုရား၏ ဒဏ်ခတ်ခံရခြင်းမျိုး သာ ဖြစ်သည်ဟု ပြောလာခဲ့ကြသည်။ သူတို့၏ အပြောများကို ကြည့်၍ ဖြစ်ပျက်ခဲ့သည်များကို အရေး ထားခြင်း မရှိသည်မှာ လွန်စွာ ထင်ရှား‌လာနေရသည်။

 

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ၎င်းတို့ပိုင် သတင်းစာတွင် ဆိုင်ကလုံး ဘေး ဒဏ် သင့်ခဲ့သူများ သည် "ချောကလက်တောင့်များ" ထောက်ပံ့ရန် မလို၊ ၎င်းတို့ အနေဖြင့် ဖါး နှင့် ငါးများကို ရှာဖွေ စားသောက် နေနိုင်စွမ်း ရှိသူများ ဟုပင် ဆောင်းပါးရေးသား လာခဲ့သည်။ (ထိုဆောင်းပါးရှင်သည် ယခုအခါ မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ခွင့် မရသေးသည့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဆိုသူ ကိုကိုလှိုင်ပင် ဖြစ်သည်။ ထို‌ဆောင်းပါးကြောင့် "ဖါးရှာငါးရှာ" ကိုကိုလှိုင် ဟု လှောင် ပြောင်ခြင်း ခံခဲ့ရသူသည် ယခုအခါ အာဆီယံ ၏ သဘာဝ ဘေးအန္တရာယ် အတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး AHA မှ ပေးမည့် အကူအညီများ အား စီမံခန့်ခွဲရမည့် ဥက္ကဌ ဖြစ်လာနေပေပြီ --- ဘာသာပြန်သူ)

 

ထိုသို့သော အနေအထားများကြားမှ ကီတင်သည် နောက်ထပ် C-130 လေယာဉ်ကြီးများ ဆက်လက် ဆင်းသက်ခွင့်ရအောင် ပြုလုပ်နိုင်ခဲ့သည်။

 

ထပ်မံ အကူအညီ ပေးနိုင်ရန် မြန်မာ စစ်တပ်အား အမေရိကန် ရေတပ် သင်္ဘောများ ဝင်ရောက်ခွင့် ပေးရန် အကြိမ်ပေါင်း တဒါဇင်ထက်မက သဘောပေါက်အောင် အထပ်ထပ် ပြောခဲ့ပြန်သေးသည်။

 

ထိုသင်္ဘောများ ပေါ်တွင် ဆေးပစ္စည်း ကိရိယာများ၊ ဆရာဝန်များ၊ ရေသန့်စင် စနစ်၊ အစားအသောက် နှင့် ယာယီ ရွက်ဖျင်တဲများ နှင့် လိုအပ်သည့် နေရာများသို့ အလွယ်တကူ သွားရောက် ဖြန့်ဝေနိုင်ရန် H-46 ကုန်တင် ရဟတ်ယာဉ်များ ပါရှိသည်။ 

 

ကယ်ဆယ်ရေး အတွက် လိုအပ်သော ပစ္စည်းပစ္စယာများ ပါသည့် စစ်သင်္ဘောများသည် ဇွန်လ (၄) ရက်နေ့တွင် စစ်အစိုးရ၏ ခေါင်းမာစွာ ငြင်းဆန်နေမှုကြောင့် ထိုင်းနိုင်ငံတွင် ပင် ကုန်များကို ချထား ခဲ့ရပေတော့သည်။ စိတ်ပြောင်းသွားက မိမိတို့ ကူညီရန် အသင့်ရှိနေဆဲ ဟု ဗိုလ်ချုပ်ကြီး ကီတင်က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

 

(ပုံတွင် အဆိုပါ စစ်လေယာဉ်များကို တွေ့နိုင်သည်)