သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(9)

by Hla Soewai - May 16 2022

အမျိုးသားရေး အား တော်လှန်ရေး သဘောတရား အဖြစ် ခံယူလာခြင်း (၃)

 

ပြင်သစ်၏ လူမှု နိုင်ငံရေး စနစ်ကို မြေလှန်ပြစ်လိုသူများ၏ ဟစ်ကြွေးသံက ၁၇၈၉ တွင် တစထက် တစ ကျယ်လောင်လာနေပြီ ဖြစ်သည်။ Estates General ဟု ထင်ရှားသော ပြင်သစ် တိုင်းပြုပြည်ပြု လွှတ်တော် ရှိ ပြည်သူ့ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့် အာဏာများအပေါ် ဘုရင်၏ ကန့်သတ် ချုပ်ချယ်လာမှု ကို ပယ်ချလိုက်ကြသည်။ ထိုမျှမကသေး၊ Estates General အစား "အမျိုးသား လွှတ်တော်" အဖြစ် တစ်စင် ထောင် လိုက်ကြသည်။ 

 

သမ္မတ နိုင်ငံ ဆိုသည့် သဘောတရားအား ၁၇၈၉ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သော မြေရှင် ပဒေသရာဇ် တို့၏ ကံကျွေးချစနစ်ကို ဖျက်သိမ်းကြောင်း အမိန့်တွင် တပါတည်း ထည့်သွင်းလာခဲ့သည်။

 

အောက်ဆုံးလွှာရှိ လယ်သမား လူတန်းစားများအား ဘုရင်‌နှင့် မူးမတ်မျိုးနွယ်များမှ ‌ဆွေစဉ်မျိုးဆက် ပိုင်ဆိုင် ထိန်းချုပ်ခွင့် ရှိသည် ကို ပယ်ဖျက်လိုက်ခြင်းပင် ဖြစ်သည်။ ယင်းနှင့်အတူ တိုင်းပြည်၏ အချုပ်အခြာ အာဏာ၏ မူလသည်  နိုင်ငံဆိုသည် အပေါ် တည်မှီနေသည်ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ကြေညာလိုက်သည်။

 

အဆိုပါ ကြေညာချက် မည်မျှအထိ အရေးပါမှု ရှိသည်ကို ဆန်းစစ်ကြည့်ကြရမည် ဖြစ်သည်။ ကြေညာ ချက်တွင် နိုင်ငံဆိုသည်မှာ မှီတင်းနေထိုင်သူအားလုံး ၏ လွတ်လပ်ခွင့်ရှိမှု၊ တန်းတူရည်တူ ရှိမှု နှင့် ညီညွတ်စွာ အတူတကွ နေထိုင်မှု တို့ဖြင့် ဖွဲ့စည်း တည်ဆောက်သည်ဟု ပါရှိလာခဲ့သည်။

 

ယင်းကြေညာချက်သည် ပြင်သစ်တွင် ရာစု နှစ်ပေါင်းများစွာ အခြေခိုင်လာခဲ့သော စနစ်ကြီးကို မှောက်လှန် ရိုက်ချိုး ပြစ်နိုင်ခဲ့ခြင်းလည်း ဖြစ်၍ လွန်စွာမှ အစွမ်းထက်လှသည့် အံဖွယ်လိလိ ဖြစ်စဉ် ကြီးဟု ဆိုရမည် ဖြစ်သည်။ ဤသို့ဖြင့် ပြင်သစ်တွင် အစိုးရ၊ နိုင်ငံတော် ဆိုသည့် အုပ်ချုပ်ရေး အခြေခံ အဆောက်အအုံ များ နှင့်အတူ နိုင်ငံတခု မွေးဖွားလာခဲ့သည်။

 

သို့သော် ပြင်သစ် တော်လှန်ရေး သမားများသည် ထိုမျှ နှင့် ကျေနပ်နေ၍ မဖြစ်သေး၊ မိမိတို့၏ ဓလေ့ ထုံးတမ်းစဉ်လာများ၊ သစ္စာစောင့်သိမှု နှင့် ကိုယ်ပိုင် လက္ခဏာများ ပါဝင်သော တူညီသည့် ယဥ်ကျေးမှု တရပ် ဖန်တီးရန် လိုအပ်သည်ဟု ခံယူလာခဲ့ကြသည်။ ဤသည်ကပင် အမျိုးသားရေး ဝါဒ တန်ခိုး ထွားလာခဲ့သည်။

 

ထို သဘောတရားဖြင့် မြေရှင်တို့ လက်အောက်မှ လွတ်မြောက်လာသော အသစ်စက်စက် နိုင်ငံသား ဖြစ်လာသူများသည် မျိုးချစ်စိတ်များ နှိုးဆွခံခဲ့ရသဖြင့် Leve′e en masse ဟူသော ကြွေးကြော်သံ အောက်တွင် စစ်သားသစ်များ အဖြစ် ဝင်ရောက် အမှုထမ်း လာခဲ့သည်။ ထို့ကြောင့် ပြင်သစ်တော်လှန် ရေး အစိုးရသည် စစ်မြေပြင်သို့ စစ်သား ရှစ်သိန်းခန့်အထိ စေလွှတ် နိုင်ခဲ့ကြသည်။ ဤအရေအတွက် သည် ရန်သူဖက်က စုဆောင်းနိုင်သည့် ပမာဏ ထက် အဆမတန် များပြားနေခဲ့သည်။

 

စစ်မြေပြင်သို့ စစ်သားများ အဖြစ် ရောက်ရှိလာသော ပြင်သစ်တို့သည် ဘုရင်ဖက်မှ တိုက်ခိုက်ရန် ရောက်လာကြခြင်း မဟုတ်၊ ဘုရင် တပါး၏ ချမ်းသာ ကြွယ်ဝမှု ကို အကာအကွယ် ပေးရန် အတွက် လည်း မဟုတ်ပေ။ ၎င်းတိုအားလုံးသည် အသစ် ပေါ်ပေါက်လာသော နိုင်ငံ၏ နိုင်ငံသားများ အဖြစ် ရပ်တည်လာနေမှု ကို ကာကွယ်ရန် တိုက်ပွဲဝင်ဖို့ ရောက်ရှိလာကြခြင်းသာ ဖြစ်သည်။

 

\ပြင်သစ် အစိုးရကလည်း ထိုအချက်ကို အမျိုးသားရေး ကရူးဆိတ် စစ်ပွဲအသွင် ဖြစ်အောင် ဖန်တီးပေး လာခဲ့သည်။ ထိုအရေးတွင် မည်သည့် ပြင်သစ် အမျိုးသား၊ အမျိုးသမီး မည်သူမဆို မပါဝင်ဘဲ ကျန်နေ ခဲ့ခြင်းမျိုး မရှိစေရပေ။

 

ဥရောပ နိုင်ငံများ၏ ထီးနန်းကို စိုးစံနေကြသော မင်းမျိုး မင်းနွယ်များအား မိမိတို့မှ စုစုစည်းစည်းဖြင့် တွန်းလှန် နိုင်မှသာ အန္တရာယ်ကင်းမည်၊ နိုင်ငံသစ်သည် တည်တံ့ ခိုင်မြဲ နိုင်မည်ဟူသော ခံယူချက်များ ဖြင့် ၁၇၉၀ ကျော် ကာလများ အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများသည် ပြင်သစ် ဆိုသည့် နိုင်ငံ အတွက် ကာကွယ်ရသည့် ကရူးဆိတ် စစ်ပွဲများ အသွင် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။

 

ထိုအချိန်မှစ၍ အမျိုးသားရေး ဝါဒသည် နိုင်ငံရေး အဘိဓါန်၏ တစိတ်တပိုင်း အဖြစ် ပေါ်ထွက်လာခဲ့ ပေတော့သည်။ ထိုခေတ်ကာလ ကို လေ့လာသုံးသပ်သူများက ဖြစ်ပျက်ခဲ့မှုများကို ခြုံငုံနားလည် အောင်ဆင်ခြင် သုံးသပ်ရာမှ ထိုစကားစုကို မွေးဖွားပေးလိုက်ခြင်းလည်း ဖြစ်သည်ဟု ပရင်စတန် တက္ကသိုလ်မှ သမိုင်းပညာရှင် ဒေးဗစ် ဘဲလ်က ဆိုသည်။

 

ပြင်သစ် စစ်တပ်ကြီးသည် ဥရောပ ထီးနန်းစိုက်ရာ နိုင်ငံများကို သာလွန် အင်အားဖြင့် မရမနေ အတင်း အဓမ္မတိုက်ခိုက်လာကြသည်။ ဗြိတိန်၊ ဩစတီးယား၊ ပရပ်ရှား နှင့် ရုရှား ဘုရင်နိုင်ငံများသည်လည်း အမျိုးသားရေး ဝါဒကို တွင်တွင် ကျယ်ကျယ် အသုံးပြုကာ ခုခံ ကာကွယ်ရန် စည်းရုံးလာခဲ့ကြရသည်။

 

ထိုတာဝန်ကြီးကို မြေတောင်မြှောက်တူးဆွပေးခဲ့သူများသည် စိတ်ခံစားမှု နှင့် ခံစားချက် အသားပေး Romantic intellectual များပင် ဖြစ်သည်။ ၎င်းတို့အထဲတွင် အထင်ရှားဆုံး ဖြစ်လာသူများသည် Johann Gottfried Herder နှင့် ဂျာမန် စိတ်ကူးယဉ် ဝါဒ လက်ကိုင်ထားသူ Johann Gottlieb Fichte တို့ ဖြစ်သည်။

 

Herder အား ယဉ်ကျေးမှု အမျိုးသားရေး ဝါဒ၏ ဖခင်ကြီး အဖြစ် ယူဆခဲ့ကြသည်။ သူသည် ပြင်သစ် စစ်တပ်ကြီးက ဂျာမန် နယ်မြေများထဲသို့ ဖြတ်ကျော် ဝင်ရောက် မလာမီ ဆယ်နှစ်ခန့် ဖြစ်သော ၁၇၇၀ ကျော် နှစ်များ ကတည်းကပင် ထိုအကြောင်းကို ရေးသားထားခဲ့ပြီး ဖြစ်သော်လည်း နေရာပေးခြင်း မခံခဲ့ရ။ ဂျာမန် ပြည်နယ်များ အဝိုင်းခံလာရချိန်တွင်တော့ အသစ်တဖန် ကျယ်လောင်စွာ မြည်ဟီးလာ ခဲ့ပေတော့သည်။

 

Herder သည် ကမ္ဘာတဝှမ်း ရှိ လူများအနေဖြင့် မိမိတို့ မူလ နေထိုင်ခဲ့ရာ တိုင်းပြည်များတွင် ကိုယ်ပိုင် အမျိုးသားရေး လက္ခဏာများ ရှိနေခဲ့ပြီး ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သမိုင်းတလျှောက် မျိုးဆက် တခုပြီး တခု လက်ဆင့်ကမ်း ဆင်းသက်လာသည့် မိမိတို့ ဘာသာစကား၊ စိတ်တူ ကိုယ်တူ ရှိမှုထက် ပို၍ တွယ်တာ မြတ်နိုးစရာ ဆိုသည် မရှိဟု ရဲရဲတောက် ဟစ်ကြွေးခဲ့သည်။ ထိုအတွက် တူညီသော ဘာသာစကား၊ ဓလေ့ထုံးတမ်း များကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ကာကွယ် စောင့်ရှောက်သွားဖို့ လိုသည်။

 

"နိုင်ငံတနိုင်ငံသည် မိမိ၏ အမျိုးသား စရိုက်လက္ခဏာ၊ တမူ ထူးခြားသော အင်္ဂါရပ်များ နှင့် ဘာသာ စကားတို့အား လုယူဖျက်ဆီးခံခဲ့ရမှုထက် ပို၍ ကြီးမားသော ဒဏ်ရာအနာတရ ဖြစ်မှုသည်ကား မရှိ" ဟု ရေးသားခဲ့သည်။

 

သူ၏ဒဿန သည် အမျိုးသားရေး ဝါဒ နှင့် တူညီသော ယဉ်ကျေးမှု အနှောင်အဖွဲ့ တို့အား ကာကွယ်ရန် လိုအပ်သည် ဆိုသော စိတ်ဖြေသိမ့်နိုင်စရာနှင့် မိမိတို့သည် တသီးတခြား မဟုတ်၊ မျိုးနွယ်တူ များ စုဝေးရာ မိသားစု ဝင်များ ဖြစ်သည်ဆိုသော သရုပ်သကန် ပေါ်လွင်လာခဲ့ကြသည်။

 

၁၇၉၉ တွင် နပိုလီယန် ဘိုနာပတ်သည် လက်နက် အားကိုးဖြင့် ပြင်သစ်တွင် အာဏာသိမ်းယူခဲ့သည်။ နပိုလီယန်သည် ဂျာမန် နယ်မြေများကို သိမ်းပိုက်ထားစဉ် အတွင်း သူဆင်နွှဲနေသော ပြည်ပကျူးကျော် စစ်များကြောင့် ပြည်တွင်းတွင် ဖြစ်ပေါ်လာနေသော စိုးရိမ်ကြောင့်ကြနေမှု များကို ပြေပျောက်စေရန် မိမိတို့ အားလုံးသည် သမိုင်းတလျှောက် အတူတကွ နေထိုင်လာခဲ့ကြပြီးဖြစ်၍ ရှေ့လျှောက်  ဆိုးတူ ကောင်းဖက် နေထိုင်ရမည် ဟူသော အသိစိတ်အား ပျိုးထောင်ပေးလာခဲ့သည်။