စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (4)

by Hla Soewai - May 17 2022

ဆန္ဒခံယူပွဲကတော့ အရှိန်အဟုန် မပျက်

 

ဆိုင်ကလုံးဒဏ်ကြောင့် ကမ္ဘာပျက်မတတ် ဖြစ်လာနေကြသဖြင့် ပြုလုပ်ပေးမည်ဟု ကြေညာထားသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အားလုံးက မေ့လျော့သွားကြပြီ ဖြစ်သည်။ သို့သော် ပြည်သူများလို မမေ့ နိုင်ဘဲ ရှိနေကြသူများက နိုင်ငံတော် ငြိမ်းချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီဟု အမည်ပေးထား သည့် စစ်အစိုးရပင် ဖြစ်သည်။ အဆိုပါ ဆန္ဒခံယူပွဲကို စီစဉ်ထားသည့် အတိုင်း ပြုလုပ်ကြလိမ့်မည်ဟု မည်သူမျှ ထင်မထားသော်လည်း စစ်အစိုးရကတော့ လုပ်ဖြစ်အောင် လုပ်လာခဲ့သည်။

 

စည်းကမ်းတကျ ဒီမိုကရေစီ ဖြစ်ထွန်းရေး အတွက် ဆယ်နှစ်ကျော် အချိန်ယူလာခဲ့သည့် အချက် ခုနှစ် ချက်ပါ လမ်းပြမြေပုံကြီး၏ အဓိက အကောင်အထည် ဖေါ်ရမည့် အချက်ကို ယခုလို သဘာဝ ဘေးဆိုး ကြီးကြောင့်တော့ အဟန့်အတား အဖြစ်ခံ၍ မဖြစ်။ 

 

ဆိုင်ကလုံး ဒဏ် ခံခဲ့ရပြီး လေးရက် မြောက်တွင် စစ်အစိုးရ မီဒီယာများမှ မေလ (၁၀) ရက်နေ့တွင် ကျင်းပရန် ရှိသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မပျက်မကွက် ပြုလုပ်သွားမည်ဟု ကြေညာလာသည်။ ဆိုင်ကလုံးဒဏ် ခံရသည့် မြစ်ဝကျွန်းပေါ် နှင့် ရန်ကုန်ရှိ အချို့ဒေသများအတွက် မေလ (၂၄) ရက်နေ့ အထိ ရွှေ့ဆိုင်းထားမည်ဟု ပါရှိသည်။

 

ထိုဆန္ဒခံယူပွဲကြီးသည်ကား ၁၉၉၀ ရွေးကောက်ပွဲ အပြီး ဆယ့်ရှစ်နှစ် အတွင်း မြန်မာပြည်သူတို့ အတွက် ဗွေဆော်ဦး မဲပေးပိုင်ခွင့် ရရှိလာခြင်းလည်း ဖြစ်ပေသည်။

 

၁၉၉၀ ရွေးကောက်ပွဲကိုလည်း ထိုစဉ်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အဖွဲ့ ဟု အမည်ပေးထားသော စစ်အစိုးရမှ ၎င်းတို့၏ နိုင်ငံရေး ပါတီ အနိုင်ရရန် စနစ်တကျ တွက်ချက် စီမံ ပြုလုပ်လာခဲ့သည်။ သို့သော် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ သောင်ပြို ကမ်းပြို မဲပေး ရွေးချယ်ခဲ့ကြသည်။

 

၎င်းတို့ မျက်နှာကို သဲနှင့် ပက်လိုက်သလို ဖြစ်သွားခဲ့ရသည့် ‌ရွေးကောက်ပွဲ ရလဒ်အား စစ်အစိုးရသည် အသိအမှတ် ပြုရန် ငြင်းဆန်လာရုံမက ကန့်ကွက် ဆန္ဒပြသူများ နှင့် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သူများ ကိုပင် ဖမ်းဆီးလာခဲ့သည်။

 

မကြာမီမှာပင် တိုင်းပြည်အား ဒီမိုကရေစီ ဖေါ်ဆောင်ပေးရန် ဆိုကာ အချက် ခုနှစ်ချက်ပါ လမ်းပြမြေပုံ ကို ချပြလာခဲ့သည်။ ထိုလမ်းပြမြေပုံတွင် နိုင်ငံရေး စနစ်သစ်တရပ်ကို သွတ်သွင်းရန် အမျိုးသား ညီ လာခံ ခေါ်ယူရေး၊ အကောင်အထည် ဖေါ်မည့် လုပ်ငန်းစဉ်များ ချမှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး၊ ဆန္ဒခံယူပွဲ ကျင်းပရေး၊ လွှတ်တော် အတွက် ရွေးကောက်ပွဲ ပြုလုပ်ရေး၊ အစိုးရ သစ် ဖွဲ့စည်းပြီး ခေတ်မီ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်သွားရေး တို့ ပါရှိသည်။

 

အဆိုပါ လုပ်ငန်းစဉ်ကြီးအား နှစ်ပေါင်း နှစ်ဆယ် နီးပါး အချိန်ယူခဲ့ပြီး ပွဲသိမ်းကာနီးမှ ကပ်၍ ဖြစ်လာ သည့် နာဂစ်ကြောင့် စိတ်အနှောက်အယှက် ဖြစ်လာခဲ့ကြသည်။

 

မေလ (၁၀) ရက်နေ့တွင် ပြည်သူတို့၏ အဆုံးအဖြတ်ကို ခံရန်အတွက် ဆိုကာ ချပြလာသော ၂၀၀၈ ဖွဲ့စည်းပုံ ဆိုသည်ကား စစ်တပ်ကို နိုင်ငံရေး ထဲ ထည့်သွင်း မြှုပ်နှံလိုက်ခြင်းသာ ဖြစ်သည်။ နိုင်ငံတော် အဆင့် လွှတ်တော်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ကိုယ်စားလှယ်အားလုံး၏ ၂၅% အထိ စစ်ဖက် ကိုယ်စားလှယ်များအား အဆမတန် ထည့်သွင်းပေးထားသည်။ အရေးပါဆုံး ဝန်ကြီး ဌာနများ ဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေး ဌာနများကိုလည်း စစ်တပ် လက်အောက်တွင် ထားရှိပြီး အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီတွင်လည်း နေရာပေါင်း များစွာ ရယူထားခဲ့ပြန်သည်။ လက်ရှိ စစ်အစိုးရက ၎င်းတို့နေရာကို ဆက်ခံရန် အလားအလာရှိသော အစိုးရ အဖွဲ့ တရပ် ပေါ်ပေါက်လာရန် ရှုမြင်ထားသည်။

 

ဖွဲ့စည်းပုံတွင် ပါရှိလာသော အပိုဒ် အတော်များများသည် အငြင်းပွားဖွယ်ရာများ ပါရှိလာ၍ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူများ နှင့် NLD တို့ အလန့်တကြား ဖြစ်လာခဲ့ရသည်။ ထို့အတွက်လည်း ပေါ်ပေါက်လာမည့် အရပ်သား အစိုးရနှင့် စစ်တပ်အကြား နိုင်ငံရေး ပဋိပက္ခ အသွင် ပြောင်းလဲသွား ခဲ့ရပြီး ဆယ်နှစ် အကြာမှာပင် ကြေကွဲ ဖွယ်ရာ အဖြစ်ဆိုး နှင့် ကြုံလာခဲ့ရခြင်းပင် ဖြစ်သည်။

 

ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံအား လွှတ်တော် အမတ် စုစုပေါင်း၏ ၇၅% ကျော်မှသာ ပြင်ဆင်နိုင်မည်ဟု ဖေါ်ပြထားသဖြင့် စစ်တပ် မှ မဟုတ်သော ကိုယ်စားလှယ်များ အားလုံးအပြင် အနည်းဆုံး စစ်ဖက် ကိုယ်စားလှယ်၏ မဲတမဲ ပါ လိုအပ်လာသည်။ မည်သို့မျှ မဖြစ်နိုင်အောင် စီမံထားခြင်းလည်း ဖြစ်သည်။

 

နောက်ထပ် ပုဒ်မ ၅၉ (စ)ဖြင့် နိုင်ငံခြားသား မိဘမှမွေးဖွားသူ၊ နိုင်ငံခြားသား အိမ်ထောင်ဖက် သို့မဟုတ် သားသမီး များ ရှိနေသူကိုလည်း သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားပြန်သည်။ ထိုပုဒ်မမှာ နိုင်ငံခြားသားအား လက်ထပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး မယူနိုင်အောင် တမင် ရည်ရွယ်ပြီး ထည့် သွင်းလာခဲ့ခြင်း ဖြစ်သည်။  သူမ၏ သားနှစ်ယောက် နိုင်ငံသား ဖြစ်နေမှုကိုလည်း ၁၉၉၀ ကျော် နှစ်များ အတွင်းက ရုပ်သိမ်းခဲ့သည်။

 

နောက်ဆုံးတွင်တော့ အဆိုပါ ဖွဲ့စည်းပုံသည် စစ်တပ် သို့မဟုတ် တပ်မတော်အား ဩဇာ အကြီးမားဆုံး အဖွဲ့အစည်းကြီး အဖြစ် ဖန်တီးပေးခဲ့သည့်အပြင် လိုအပ်လျှင် နှစ် နှစ် အတိုင်းအတာ အထိ အရေးပေါ် အခြေအနေ ကြေညာပြီး တရားဝင် အုပ်ချုပ်နိုင်ခွင့်ကို ပါ ပေးအပ်လာခဲ့သည်။ ၎င်းတို့အတွက် ထိုသို့ အုပ်ချုပ်ခွင့်ကို ဖန်တီးပေးထားသော်လည်း မည်သည့် အနေအထားမျိုး ရောက်မှသာ ‌အရေးပေါ် အခြေ အနေ ကြေညာရမည် ဆိုသည်ကား အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိပေ။ ထို့ကြောင့်လည်း ၎င်းတို့လိုချင် သည့်အချိန်တွင် လုပ်ရန် မခဲယဉ်းတော့ပေ။

 

တကယ်တမ်းလည်း ခဲခဲယဉ်းယဉ်း မဟုတ်လှသည်ကို ၂၀၂၁ ဖေ‌ဖေါ်ဝါရီလ တွင် ထင်ထင်ရှားရှား တွေ့လာခဲ့ရသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်သည် ဖွဲ့စည်းပုံကို အကာ အကွယ် ယူကာ အရပ်သား အစိုးရ လက်ထဲမှ အာဏာကို လုယူလိုက်သည်။

 

စစ်တပ်သည် ၎င်းတို့ လိုချင်သည့် အတိုင်း ဖြစ်အောင် ကြိုတင် အကွက်ချထားလာမှုများကပင် အကြမ်းဖက် ကိုင်တွယ်ရအောင် အခြေအနေများ ဖန်တီး ပေးသလို ဖြစ်လာရသည်။ နိုင်ငံရေး  ဆန္ဒပြပွဲများကို တချိန်လုံးလိုလို  နှိပ်ကွပ်လာခဲ့ရသဖြင့် ထောင်ပေါင်းများစွာ သေဆုံး၊ ဖမ်းဆီးခံ ခဲ့ရသည်။ အထူးသဖြင့် ၂၀၀၇, ၁၉၉၆, ၁၉၉၀ နှင့် ၁၉၈၈ ခုနှစ်များ အတွင်းတွင် ဖြစ်လာခဲ့သည်။ 

 

နိုင်ငံတွင်းရှိ အမျိုးမျိုး ကွဲပြားနေသော တိုင်းရင်းသား လူမျိုးစုများ နှင့် လက်နက်ကိုင် အဖွဲ့များကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ရွံရှာ မုန်းတီးနေကြသည်။ စစ်အစိုးရမှ သူတို့အား ပေးထားသော ကတိဖြစ်သည့် နိုင်ငံရေး ဆွေးနွေးမှုများဖြင့် ကာလကြာမြင့်စွာ ဖြစ်တည်လာခဲ့သော ပြဿနာများကို ဖြေရှင်းပေး တော့မည် မဟုတ်ဘဲ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန် အတွက်  စစ်တပ်က ချမှတ် ပြဋ္ဌာန်းလာ သည်များနှင့်သာ ဆောင်ရွက်သွားမည် ဆိုသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ ဖြင့် ရှင်းရှင်းလင်းလင်း အသိပေး လာခဲ့သည်။ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် ကန့်ကွက်မှု ဖြင့် အကျဉ်းချ ခံခဲ့ရသော ဒီမိုကရေစီ အရေး လှုပ်ရှားသူများက စစ်တပ်၏ လုပ်ဇာတ်ကို ‌လူသိရှင်ကြား ပုတ်ခတ် သရော်ခဲ့ကြသည်။

 

နေပြည်တော်တွင် ပြုလုပ်သည့် ဆန္ဒခံယူပွဲကို စောင့်ကြည့်ရန် ဗီယက်နမ် နှင့် တရုတ် နိုင်ငံများမှ ရွေးကောက်ပွဲ လေ့လာသူများ ရောက်ရှိလာခဲ့သည်။ စစ်အစိုးရ အဖွဲ့ဝင်များ၊ ဝန်ကြီးများနှင့် အစိုးရ အရာရှိကြီးများ နေသည့် အရပ် ဖြစ်၍လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ပါက မျက်နှာပျက်စရာ ဖြစ်လာနိုင်သည်။ ရန်ကုန်ရှိ သံရုံးများကမူ အခြားဒေသများသို့သာ သံရုံး အရာရှိများကို စေလွှတ်၍ စောင့်ကြည့်စေခဲ့သည်။

 

ပထမ အကြိမ် ပြီးစီးပြီး ရက်အနည်းငယ် အတွင်းမှာပင် မဲပေးပိုင်ခွင့် ရှိသူ ၉၉% လာရောက်မဲပေးပြီး ၉၂.၄% က ထောက်ခံမဲပေးခဲ့သည်ဟု စစ်အစိုးရက ကြေညာလာခဲ့သည်။ ဆိုင်ကလုံးဒဏ် ခံခဲ့ရသော ‌ဒေသများတွင် မေလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး ထွက်ပေါ်လာမည့် ရလဒ်သည်လည်း ကြိမ်းသေနေပြီ ဖြစ်သည်။ မေလ ၂၉ ရက်နေ့တွင် တရားဝင် ရလဒ်ကို ထုတ်ပြန်လာခဲ့ရာ ဖွဲ့စည်းပုံအား မဲပေးပိုင်ခွင့်ရှိသူ ၉၂.၁၈% က အတည်ပြုပေးခဲ့သည်ဟု ကြေညာလိုက်ခြင်းဖြင့် ၎င်းတို့ လမ်းပြမြေပုံ၏ စတုတ္ထ အဆင့် သည် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

 

နှစ်ပေါင်း ငါးရာ အတွင်း တခါသာ ကြုံခဲ့သည် ကြောက်မက်ဖွယ် မုန်တိုင်းကြီးသည် စစ်အစိုးရအား ဆန္ဒခံယူပွဲ မလုပ်နိုင်အောင် မည်သို့မျှ ဟန့်တား နိုင်စွမ်း မရှိရှာ။ ထိုဆန္ဒခံယူပွဲ မှ အတည်ပြု ပေးလိုက် သည့် စာအုပ် စိမ်းကြီးထဲတွင် ၁၉၈၈ ကတည်းက ၎င်းတို့ ဖြစ်စေချင်သည်များကို အတိုဆုံး နှင့် အရှင်း ဆုံး ဖေါ်ပြထားပြီး ဖြစ်သည်။

 

ဤသို့ဖြင့်  နောက်ဆုံးတွင် ပေါ်ပေါက်လာရန် ရှိသော စစ်တပ်၏ ထိန်းချုပ်ခံ အစိုးရ တဖွဲ့ကို ဒီမိုကရေစီ မိတ်ကပ် ချယ်သပေးနိုင်တော့မည် ဖြစ်သည်။ ထိုစာအုပ်ကြီးဖြင့် စစ်တပ်ဆိုသည်က မြန်မာ၊ မြန်မာ ဆိုသည် စစ်တပ်သာ ဖြစ်သည်ကို ဆန္ဒခံယူပွဲက အတည် ဖြစ်အောင် ပြုလုပ် ပေးလိုက်ပြီ ဖြစ်သည်။