စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (10)

by Hla Soewai - May 30 2022

မူးယစ်ဆေးဝါး၊ စစ်နှင့် ငြိမ်းချမ်းရေး ကြားက အမျိုးသား ရင်ကြားစေ့ရေး (၄)

 

ကိုးကန့်ဒေသတွင် တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားလာခြင်းကို အမေရိကန် အစိုးရမှ အာရုံစိုက်လာသဖြင့် ရန်ကုန်ရှိ သံရုံးမှ MNDAA အား စစ်တပ်မှ တိုက်ခိုက်လာသည့် ဖြစ်စဉ်များကို စောင့်ကြည့်လာခဲ့သည်။ ထို့အပြင် အင်ဂျီအို အဖွဲ့များ၊ ဒုက္ခသည်များအား အကူအညီ ပေးသည့် အဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲရှိ အဆက်အသွယ်များမှ တဆင့်က သတင်းများ စုဆောင်းပြီး ဝါရှင်တန် သို့ ကြေးနန်းဖြင့် အစီရင်ခံ တင်ပြခဲ့သည်။

 

ရန်ကုန်ရှိ DEA အကြီးအကဲ ဂျွန် ဝါလင် သည် မြန်မာပြည်တွင် ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်များ အတွက် အချိန် ကြာမြင့်စွာ နေထိုင်ခဲ့ပြီး၍လည်း ရွှေတြိဂံ ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြောင်းကို စွယ်စုံကျမ်းကြီးပမာ နှံ့နှံ့စပ်စပ် သိထားသူ တဦး ဖြစ်သည်။ သူသည် ထိုဒေသတွင် ရှုပ်ထွေးစွာ ပါဝင် ပတ်သက်နေမှုများကို ကောင်းစွာ သိထားသည်။

 

သူ့အတွက် အထူး သိချင်စိတ် ပြင်းပြလာနေသည့် အကြောင်းတခုလည်း ရှိနေသည်။ ကမ္ဘာတွင် အင်အား အကြီးမားဆုံး မူးယစ်ရာဇာများ လည်း ဖြစ်၊ အင်အား နှစ်သောင်း မှ လေးသောင်း ကြားအထိ ရှိထားသော        “ဝ”တပ်တော် သည် ၎င်းတို့၏ အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အဘယ့်ကြောင့် ပွဲကြည့် ပရိသတ် လုပ်နေရသနည်း ဆိုသည်ကိုပင် ဖြစ်သည်။

 

အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အသစ်ခန့်အပ်ခြင်း ခံရသော ကပ် ကမ့်ဘဲလ် သည် သူကိုယ်တိုင်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ရေးဆွဲရေးပိုင်းတွင် တာဝန် ရှိသူ ဖြစ်နေပြန်သည့်အတွက် တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများ နှင့် ဆက်နွယ်လာနိုင်သည့် အတိုင်းအတာ ပမာဏကို အထူး အာရုံစိုက်လာခဲ့သည်။

 

MNDAA နှင့် ဖြစ်ပွားလာသော တိုက်ပွဲများသည် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။ ယင်းနှင့် ဆက်နွယ်ပြီး နောက်ထပ် အပစ်အခတ် ရပ်စဲရေး ပြိုကွဲလာနိုင်သည်က ပယင်း၊ ကျောက်စိမ်း၊ ရွှေ၊ ကျွန်းသစ် နှင့် သဘာဝ တွင်းထွက် ပစ္စည်းမျိုးစုံ ထွက်ရှိရာ ဒေသတွင်ရှိ အကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး နှစ်ခု ဖြစ်သည့် အင်အား တသောင်းခန့် ရှိသော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၊ ဝ တပ် များ ဖြစ်သော UWSA တို့နှင့် ဖြစ်သည်။

 

အဆိုပါ နှစ်ဖွဲ့စလုံးသည် နယ်ခြားစောင့် တပ်ဖွဲ့များ နှင့် ပူးပေါင်းရန် အစီအစဉ် မရှိကြ။ ထို့အပြင် စစ်တပ် နှင့် MNDAA တို့ ပဋိပက္ခကို ကြည့်၍ မိမိတို့ အနေဖြင့် ရင်ဆိုင်လာနိုင်စရာ ရှိသည်များကို အစမ်းကား အဖြစ် မြည်းစမ်းခဲ့ကြပြီ ဖြစ်သည်။ နောက်ပိုင်း နှစ်နှစ် မပြည့်သော အချိန်အတွင်းမှာပင် KIA သည် စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေး ကို အဆုံးသတ်ပြစ်ခဲ့သည်။ ယင်းနှင့်အတူ တိုက်ပွဲများသည် ကိုးကန့်၊ ရှမ်း နှင့် တအောင်း ပလောင် ဒေသများသို့ ပျံ့နှံ့လာခဲ့သည်။ ဝ တပ်များအား အဆင့်မြင့်ဆုံး တပ်လှန့်ထားခဲ့ပြီး ၎င်းတို့ အနေဖြင့် လက်နက် စွန့်လွှတ်ဖို့ လုံးဝ စိတ်ကူး မရှိကြောင်း ရှင်းလင်းစွာ ပြဆိုလာခဲ့သည်။

 

မြန်မာ၏ နိုင်ငံရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်သော အလားအလာများသည် မည်သည့် အခါမျှ ဆုံးနိုင် ဖွယ်မရှိသော ပဋိပက္ခများ၏ ရိုက်ခတ်မှုကို ခံနေရတော့မည့်အရေး အမေရိကန် ဖက်မှ သိမြင်လာခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် ပါဝင် လုံးပမ်းလာခဲ့သည်။ အကူအညီများ၊ ဆွေးနွေးပွဲများ ဖြစ်မြောက် အောင် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာပြီး စစ်ပွဲများ အတွင်း ကြားညပ်ခံနေရသော တိုင်းရင်းသား များအား အကူအညီပေးနိုင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ချမှတ်လာခဲ့သည်။

 

တိုင်းရင်းသား ဒေသများသို့ ပေးလာသော အမေရိကန် အကူအညီများ

 

မြန်မာရှိ အရှိန်အဟုန်နှင့် ချီတက်နေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်များ ရပ်ဆိုင်းသွား ခဲ့ချိန်ကစ၍ (DEA ရုံးအား ဆက်လက် ထားရှိခဲ့သော်လည်း ဆက်သွယ်နိုင်ရန် ထက် မပိုရန် ကန့်သတ်ခဲ့သည်) အမေရိကန်သည် တိုင်းရင်းသား ဒေသများ အပေါ် အာရုံစိုက်နေမှုမှ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးရေး နှင့် လူ့အခွင့်အရေး ကိစ္စများ အပေါ် ရွေ့လျားလာခဲ့သည်။ အထူးသဖြင့် စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ညှင်းပမ်းနှိပ်စက်မှု များ အခံရဆုံး တိုင်းရင်းသား ဒေသများ အတွက် ဖြစ်သည်။ ထိုဒေသများရှိ တိုင်းရင်းသားများသည် ပေါ်တာ အဖြစ် အခိုင်းခံရခြင်း၊ အတင်းအကျပ် စစ်မှု ထမ်းခိုင်းခြင်း၊ လူသား မိုင်းရှင်းကိရိယာ များ အဖြစ် အသုံးချခံရခြင်း၊ ငွေညှစ်၊ အဓမ္မ အကျင့်ခံရခြင်း အစ ရှိသည့် တို့ ခံနေကြရသူများ ဖြစ်သည်။

 

အမေရိကန်ဖက်မှ ပြဋ္ဌာန်းသော ဥပဒေများ၊ သမ္မတ အမိန့်များသည် လူ့အခွင့်အရေး ချိုးဖောက်မှု များ အား ရှုတ်ချသော စကားလုံးများ ပါဝင်ပြီး အကူအညီပေးရန် အတွက် စစ်အစိုးရ၏ လူ့အခွင့်အရေး လိုက်နာမှု စံနှုန်းများ အပေါ် အမှီပြု၍ ဆုံးဖြတ်လေ့ရှိသည်။ အကူအညီများ ပေးရေး ဆိုင်းငံ့ထားရန်ကိုလည်း နိုင်ငံ အတွင်းရှိ ဒီမိုကရေစီ ခေါင်းဆောင်များက လိုလားကြသည်။ ထိုအကူအညီများ သည် စစ်အစိုးရ အကျိုးရှိရာ ရှိကြောင်းများသာ ဖြစ်သွားမည်ကို စိုးရွံ့နေကြ၍လည်း ဖြစ်သည်။

 

ဆိုင်ကလုံး နာဂစ် မတိုင်မီ ကာလများက မြန်မာတွင် ပြည်ပမှ ရရှိသော အကူအညီ များသည် လူတဦးလျှင် နှစ်ဒေါ်လာ နှုန်းမျှသာ ရှိခဲ့ပြီး အိမ်နီးချင်း ဖြစ်သော လာအိုသည် ထိုပမာဏထက် အဆပေါင်း ၂၅ ဆ ခန့် ပို၍ လက်ခံရရှိနေပြီး ဖြစ်သည်။

 

မြန်မာသို့ ပေးမည့် အမေရိကန် အကူအညီများသည် နိုင်ငံအတွင်း နှင့် နယ်ခြား တလျှောက်ရှိ ဒီမိုကရေစီ လှုပ်ရှားမှုများကို ပံ့ပိုးပေးရမည် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ထို့အပြင် စစ်ဘေးရှောင်များ နှင့် ဒုက္ခ သည်များအားလည်း လူသားချင်း စာနာထောက်ထားသည့် အကူအညီများ အဖြစ် ပေးနိုင်သည်။ အမေရိ ကန်သည် ၁၉၉၀ ကျော် နှစ်များ အလယ်ပိုင်းလောက်က စပြီး နိုင်ငံခြားရေးစ ဝန်ကြီးဌာန အစီအစဉ်များမှ တဆင့် ဒုက္ခသည်များကို အကူအညီများ စတင် ပေးလာခဲ့သည်။ ၂၀၀၀ ခုနှစ် ရောက်မှသာ USAID က လွှဲပြောင်း တာဝန်ယူလာခဲ့သည်။

 

အကူအညီ အများစုသည် ကုလ သမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR၊ နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီး (ICRC)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နှင့် အခြား အင်ဂျီအို အဖွဲ့များကို ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအထဲမှ အချို့အဖွဲ့များသည် ဆဲလ်ဖုန်း၊ ကွန်ပျူတာ များကို ပေးသည်အထိ လုပ်ခဲ့ကြသည်။ ထိုင်း-မြန်မာ နယ်ခြား၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားရှိ ဒုက္ခသည် စခန်းများ၊ ဆေးပေးခန်းများသို့လည်း အကူအညီများ ပေးခဲ့ကြသည်။ ထိုင်း-မြန်မာ နယ်ခြားရှိ ဒုက္ခသည် စခန်းများအား ၁၉၈၄ ခုနှစ်မှစ၍ ဖွင့်ပေးထားခဲ့ခြင်း ဖြစ်ပြီး ဒုက္ခသည် ပေါင်း ၁၃၅,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ဘင်္ဂလားဒေ့ရှ်ဖက်ရှိ ဒုက္ခသည် စခန်းများမှ လူအရည်အတွက်သည် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ အတက်မြန်လာသည်။ ဤသည်ကလည်း ရခိုင် ပြည်နယ် အနောက်ပိုင်း တွင် စစ်တပ်၏ စစ်ဆင် ရှင်းလင်းရေး စစ်ကြောင်းထိုးလာမှု အပေါ် မူတည်နေ၍ ဖြစ်သည်။

 

ဆိုင်ကလုံး နာဂစ်သည် အမေရိကန် အကူအညီ ရေဘုံဘိုင်ကြီးကို ဖွင့်ပေးလိုက်သလို ဖြစ်လာခဲ့ရသည်။ ထိုသို့ ဖြစ်လာရခြင်းမှာလည်း ပြည်တွင်း အင်ဂျီအိုများက အကူအညီများကို လိုအပ်နေသူများထံ ထိထိရောက်ရောက် ပေးပို့နိုင်ခဲ့သည်ကို တွေ့လာခဲ့ရခြင်းကြောင့် ဖြစ်သည်။

 

အမေရိကန် သည် စစ်ဘေး ရှောင်သူများ နှင့် ဒုက္ခသည်များ ၏ လိုအပ်ချက်များ အပေါ် မူတည်ပြီး အကူ အညီများ တိုး၍ ပေးလာခဲ့သည်။ ထို့အပြင် ‌လူထု အကျိုးပြု အဖွဲ့အစည်းများ ခိုင်မာစွာ ရပ်တည်နိုင်ရေး၊ သတင်းသမားများ အား လေ့ကျင့်သင်ကြားပေးရေး၊ နယ်စပ်ဒေသများရှိ ပညာရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု ရှိရေး များ အတွက် ကူညီပံ့ပိုးပေးခဲ့သည်။

 

ထိုသို့ ပံ့ပိုးကူညီမှုများအတွက် အဆုံးသတ်သွားမည့် အချိန်ကို ပင် ကန့်သတ်မထားခဲ့၊ မြန်မာနိုင်ငံ အတွင်းရှိ အခြေအနေများသည် ဒုက္ခသည်များ အိမ်ပြန်နိုင်သည့် အဆင့်အထိ တိုးတက်ကောင်းမွန်လာပြီး အမေရိကန် အကူအညီများ တဖြေးဖြေး နှင့် လျော့ချသွားနိုင်မည်ဟု မည်သူကမျှ မျှော်လင့်မထား၍လည်း ဖြစ်သည်။

 

ထိုအချိန်တွင် သိန်းစိန် သမ္မတ ဖြစ်လာခဲ့ပြီး ငြိမ်းချမ်းရေး အကြောင်း စကား စလာခဲ့လေသည်။