သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(13)

by Hla Soewai - Jun 01 2022

အမျိုးသားရေး အား တော်လှန်ရေး သဘောတရား အဖြစ် ခံယူလာခြင်း (၇)

 

လူထု၏ အထွေထွေ မကျေနပ်မှုများသည် အမျိုးသားရေး ဝါဒ အသွင်လက္ခဏာများ အဖြစ် ပြောင်းလဲ လာခဲ့ သည်။ အထူးသဖြင့် ဩစတီးယားတွင် ဟက်စ်ဘတ်ခ် အင်ပိုင်ယာ ၏ လက်အောက်ခံ နယ်မြေများ၌ နိုင်ငံများ ထူထောင်ရန် နှင့် ဒီမိုကရေစီ စနစ် ကျင့်သုံးရန် အဓိကထား တောင်းဆိုခဲ့ကြသည်။

 

သို့သော်လည်း တော်လှန်ရေး သမားများ အကြား သဘောထား ကွဲလွဲလာမှု နှင့် ၎င်းတို့၏ တောင်းဆိုချက်များကို ဩစတီးယား ထီးနန်းက မဆုပ်မနစ် ခုခံ ငြင်းဆန်လာသောကြောင့် သမိုင်း ဘီးကြီးအား တဝှီးဝှီး နှင့် လည်အောင် မလှည့်နိုင်ခဲ့သဖြင့် အများ မျှော်လင့်ခဲ့သလို ၁၈၄၈ တွင် သမိုင်း၏ အလှည့်အပြောင်းကြီး ဖြစ်မလာခဲ့ပေ။

 

တော်လှန်ရေး အား တစိုက်မတ်မတ် ဆင်နွှဲလာခဲ့ကြသော ဥရောပ ပညာတတ် လူတန်းစားများသည် ထိုအရေး ကို မိမိတို့ ဖာသာ ဆက်လက် ရုန်းကန် တိုက်ပွဲဝင်နေ၍ မဖြစ်တော့ဟု သဘောပေါက်လာကြပြီး အောက်ခြေ လူတန်းစားများ ပါ ဝင်အောင် စည်းရုံးသိမ်းသွင်းဖို့ လိုအပ်ကြောင်း ကို သိလာခဲ့ကြသည်။ အားလုံး လှည်းနေ လှေအောင်း မြင်းစောင်း မကျန် ထောက်ခံလာအောင် လှုံ့ဆော်ဖို့ လိုအပ်လာသည်။

 

၎င်းတို့၏ အရေးတော်ပုံကြီး အား အထောက်အကူ ဖြစ်လာစေခဲ့သည်က ထွန်းကားလာသော စက်မှု တော်လှန် ရေးကြီးပင် ဖြစ်သည်။ စက်မှု တော်လှန်ရေးကြောင့် အကွဲကွဲ အပြားပြား ဖြစ်နေသော နိုင်ငံများအကြား ကုန်သွယ်ကူးသန်း ရောင်းဝယ်မှု ပို၍ ထွန်းကားလာခဲ့သည်။ ထို့အတွက် အီတလီ နှင့် ဂျာမန် မြို့ပြ ဒေသများ ရှိ ဘူဇွာ လူတန်းစားသည် မိမိတို့ ဒေသများကို မြို့ပြ နိုင်ငံများ အဖြစ် ပေါင်းစည်းနိုင်ခဲ့လျှင် ပို၍ ကြွယ်ဝလာစရာ ရှိသည်ကို သိမြင်လာခဲ့ကြသည်။ ယင်းနှင့် အတူ ပြန်လည် ရှင်သန်ရေး ဆိုသော အမျိုးသားရေး ဝါဒသည်လည်း ထိုဒေသများရှိ လူထုအကြား သီးခြား ဖယ်ထုတ်ခံထားရသည် ဆိုကာ စိုးရိမ်ကြောင့်ကြ ဖြစ်နေမှုများကို တဖက် တလမ်းမှ ပြေပျောက်အောင် ပြုလုပ်လာနိုင်ခဲ့သည်။

 

၁၈၅၉ တွင် ပြင်သစ် ဘုရင် လူးဝစ် နပိုလီယံသည် အီတလီ တို့၏ အမျိုးသားရေး ဝါဒကို ထောက်ခံမှု ပေးလျှင် လက်တွေ့ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနိုင်သည်ဟု ယူဆလာခဲ့သည်။ ထိုအတွက် ပြင်သစ်သည် ပီးမွန့်-ဆာဒီနား ဘုရင်နိုင်ငံ နှင့် မဟာမိတ် ပြုကာ ဩစတီးယား အင်ပိုင်ယာ ကို စတင်တိုက်ခိုက်လာခဲ့တော့သည်။ ဩစတီယား တို့ အရေးနိမ့်သွားပြီးနောက်တွင် မြောက်ပိုင်း ရှိ အီတလီ ပြည်နယ်များသည် ပီးမွန့်-ဆာဒီနား ဘုရင်နိုင်ငံ နှင့် ပူးပေါင်းရန် မဲပေး ဆုံးဖြတ်ခဲ့ကြသည်။ ဝန်ကြီးချုပ် ဖြစ်လာသော မြို့စားကြီး ကမ်မီလို ဒီ ကာဗိုးသည် နိုင်ငံရေး တွင် လွန်စွာမှ ပါးနပ်လိမ္မာသူ ဖြစ်သဖြင့်လည်း ဆာဗွိုင်း နှင့် နိစ်အား ပြင်သစ်တို့ ကို ပေးအပ်ခဲ့သည်။ သို့မှသာ လူးဝစ် နပိုလီယံ ၏ ကူညီ ပံ့ပိုးမှုများ ဆက်လက်ရရှိနိုင်မည် ဖြစ်သည်။

 

အီတလီ ၏ တော်လှန်ရေး သမားကြီး အဖြစ် ထင်ရှားလာသည့် အီတလီရှိ ဂျိုစက်ပီ ဂါရီဘောဒီသည် ၎င်း၏ တပ်များက နောက်တနှစ်တွင် စပိန်ရှိ ဘူဘွန် မင်းမျိုးမင်းနွယ်များ အား ဖြုတ်ချနိုင်ခဲ့ပြီးနောက် အီတလီ တောင်ပိုင်း ပြည်နယ်များကို သိမ်းသွင်းနိုင်ခဲ့သည်။ အမျိုးသား လွှတ်တော်ကို ခေါ်ယူကျင်းပနိုင်ခဲ့ပြီး ပီးမွန့်-ဆာဒီနား ဘုရင် ဒုတိယမြောက် ဗစ်တာ အီမန်ညူရယ် အား အီတလီ၏ ဘုရင် အဖြစ် ကြေညာနိုင်ခဲ့သည်။ နောက်ပိုင်း ဆယ်စုနှစ် အတွင်း ဗီနီရှား နှင့် ရောမ တို့ကိုပါ ဆက်လက် သိမ်းသွင်းနိုင်ခဲ့သဖြင့် မက်ဇီနီ၏ အိမ်မက်များ အကောင်အထည် ဖေါ်လာခဲ့ပြီ ဖြစ်သည်။

 

ဂျာမန် ပြည်နယ်များ ပေါင်းစည်းရေး ကိုမူ အုပ်ချုပ်သူ လူတန်းစားများက အခိုင်အမာ တည်ဆောက်လာခဲ့ ကြသည်။ ပရပ်ရှား ဝန်ကြီးချုပ် အော်တို ဗွန် ဘစ်စမတ်ခ် သည် ၁၈၆၀ မှ ၁၈၇၀ အတွင်း စစ်ပွဲများ ဆင်နွှဲကာ ဂျာမဏီအား တစည်းတလုံး တည်း ထူထောင်နိုင်ခဲ့သည်။ ထိုသို့ ဖြစ်လာအောင်လည်း စံပြုစရာ ကောင်းလှသည့် အုပ်စိုးသူများ မှ အောက်ခြေ လူတန်းစားများကို သွေး နှင့် သံ မူဝါဒ နှင့် ရုန်းကန်လာအောင် ပြုလုပ်နိုင်ခဲ့သော ကြောင့်လည်း ဖြစ်သည်။

 

ဂျာမဏီ နိုင်ငံအား တစည်းတလုံးတည်း ဖြစ်အောင် လူထု၏ သဘောထား မပါဘဲ အင်အား နှင့် ကျူးကျော်မှုကို အဓိက လက်နက်ကြီး အဖြစ် အသုံးချခဲ့သည်။ ဂျာမန် လူထု၏ အမျိုးသားရေး ဝါဒသည် မဆိုသလောက်သော အခန်းကဏ္ဍမှသာ ပါဝင်ခဲ့သည်။ ဤသို့ဖြင့် ဂျာမဏီအား စည်းလုံးနိုင်ခဲ့မှု ကို ကြည့်၍ ဂျာမန်တို့၏ အမျိုးသား ရေး ဝါဒသည် စံထား အတုယူစရာ အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ စံထား အတုယူလာမှု မှတဆင့် အာဖရိက နှင့် အာရှ ရှိ နိုင်ငံများ အား သူ့ထက်ငါ အတင်းအဓမ္မ သိမ်းယူ ကာ ကိုလိုနီ အင်ပိုင်ယာကြီးများ အဖြစ် ထူထောင်လာခဲ့ကြသည်။ ယင်းနှင့် အတူ ဥရောပ နိုင်ငံများသည် သူ့ထက်ငါ လက်နက် အပြိုင်အဆိုင် တပ်ဆင်လာကြပြီး ၁၉၁၄ တွင် ပထမ ကမ္ဘာစစ်ကြီး ဖြစ်သည်အထိ ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်။ ထိုသဘောတရားကိုပင် ဘင်နီတို မူဆိုလိုနီ နှင့် ဟစ်တလာ တို့သည် ဆက်လက် ကျင့်သုံးခဲ့ကြပြီး အမျိုးသားရေး ဝါဒသည် ကလောင်ဖျားကထက် သေနတ်ပြောင်းဝမှသာ ထွက်သည် ဆိုသော ဖက်ဆစ် အစိုးရများ ဖွဲ့စည်းလာခဲ့ကြသည်။

 

တည်ထောင်လာခဲ့သည့် နိုင်ငံများနှင့် မြို့ပြနိုင်ငံများ စနစ်တကျ ဖွဲ့စည်းလာနိုင်သည့် အရည်အသွေး မည်သို့ပင် ပြောဆိုနေမှုများ ရှိနေစေကာမူ လက်တွေ့တွင်မူ လက်ဆုပ်လက်ကိုင် မပြနိုင်သော စိတ်ကူးစိတ်သန်း များသာ ဖြစ်သည်။ ဘင်နဒစ် အင်ဒါဆန် မှ စိတ်ကူး ပုံဖေါ်ခဲ့သည့် အရာများဟု ပြောဆိုခဲ့ပြီး ဟော့စ်ဘွန်း တီထွင် ဖန်တီးထားသော သမိုင်း နှင့် ဓလေ့ထုံးတမ်းများသာ ဖြစ်သည်ဟု သုံးနှုံးခဲ့သည်။

 

စာရေးဆရာများ၊ ကဗျာဆရာများ၊ သမိုင်းပညာရှင်များ နှင့် နိုင်ငံရေး အကျော်အမော်များက ၎င်းတို့ ရည်ရွယ် သည်များနှင့် ကိုက်ညီမှု ရှိအောင်သာ နိုင်ငံများ ဆိုသည်ကို ဖန်တီး ရေးဖွဲ့ခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် အမျိုးသားရေး ဝါဒအား ၎င်းတို့ဖန်တီးထားသည့် နိုင်ငံ အပေါ် သစ္စာရှိရန် နှင့် လူထု ရှိ တူညီသော စရိုက် လက္ခဏာများ ကို ပြန်လည် ထိန်းညှိပေးလာခဲ့ခြင်းသာ ဖြစ်သည်။

 

ယနေ့ ကမ္ဘာတဝှမ်းလုံး တွင် အဆိုပါ အမျိုးသားရေး ဝါဒ ပြန်လည် နိုးထလာနေသော်လည်း လူဘောင် အဖွဲ့အစည်း အသီးသီးသည် နေထိုင်သူများ ၏ ဖွားသေနှုန်း နှင့် ပြောင်းရွှေ့ဝင်ရောက်လာသူများ၊ ကမ္ဘာကြီး သည် ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ရွာကြီးတရွာလို ဖြစ်လာနေခြင်း အစရှိသည်တို့ကြောင့် အမျိုးသားရေး ဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ကို သိဖို့ အရေးကြီးလာသည်ဟု ယူဆမိသည်။

 

အမျိုးသား‌ရေး ဝါဒသည် လွန်စွာ အစွမ်းထက်သော လက်နက်ကြီး ဖြစ်ပြီး ပြောင်းလဲလာသော အခြေအနေများ ကြားတွင် ပ ထုတ်ခံထားရသူများ၊ ကျန်ရစ်ခဲ့သူများ အားလုံးကို တစည်းတလုံးတည်း ဖြစ်အောင် ဆွဲယူနိုင်ပြီး ဖြေသိမ့်စရာ များ ပေးနိုင်ပြန်သည်။

 

သို့သော် နာဇီ ဂျာမဏီတို့၏ ကြွေးကြော်သံများထဲတွင် ငါ့သွေး ငါ့မြေ ဟု ပါရှိလာသဖြင့် ကွဲပြားခြင်းကို အား ပေးသည့် လွန်စွာ အန္တရာယ်ရှိသော ဝါဒဟု ကမ္ဘာကြီးက ရှုမြင်လာခဲ့ကြပြီ ဖြစ်သည်။

 

ဆက်လက်၍ အခန်း (၃) ဖြစ်သည့် “ကျည်ဆံများ၊ ဒဏ္ဍာရီ များကြားမှ မက္ကဆီကို တော်လှန်ရေး” ကို ဆက်လက် တင်ပြသွားပါမည်။