စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (11)

by Hla Soewai - Jun 02 2022

မူးယစ်ဆေးဝါး၊ စစ်နှင့် ငြိမ်းချမ်းရေး ကြားက အမျိုးသား ရင်ကြားစေ့ရေး (၆)

 

လမ်းပြမြေပုံ၏ နောက်ဆုံး ဆဌမမြောက် အဆင့်အဖြစ် ထွက်ပေါ်လာသော သိန်းစိန် အစိုးရသည် လူမျိုးစု ပဋိပက္ခများ အဆုံးသတ်ရေးကို အထူး ဦးစားပေး အဖြစ် စတင် လုပ်ဆောင်လာခဲ့သည်။ သူသည် ယခင် စစ်အစိုးရ အဖွဲ့ဝင် ဟောင်း တဦး ဖြစ်ပြီး သူ၏ အစိုးရ အဖွဲ့တွင်လည်း ယခင် စစ်ဖက် အရာရှိဟောင်းကြီးများကို ထည့်သွင်းလာခဲ့သည်။

 

တိုင်းရင်းသား လူမျိုးစုများ နှင့် ပတ်သက်၍ လမ်းကြောင်းသစ် ထွင်လာပုံရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဦးဆောင်ပြုလုပ်ရန် သူ၏ စိတ်ချယုံကြည်ရသော မီးရထား ဝန်ကြီး အောင်မင်းကို တာဝန်ပေးကာ ကော်မတီတရပ် ဖွဲ့စည်း စေခဲ့သည်။ အောင်မင်းသည်လည်း ရန်ကုန် တွင် မြန်မာ ငြိမ်းချမ်းရေး စင်တာ တခု ဖွင့်လှစ်ခဲ့သည်။ ထိုနေရာမှာပင် အစိုးရ ကိုယ်စားလှယ်များ၊ ဆွေးနွေး ညှိနှိုင်းမည့်လူများသည် နေရော ညပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် စတင် လုပ်ကိုင်လာ ကြတော့သည်။

 

တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် တိုင်းရင်းသား ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် မြန်မာ ငြိမ်းချမ်းရေး ရံပုံငွေတရပ် ကို ထူထောင်ခဲ့ပြန်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် သိန်းစိန်၏ ကိုင်တွယ် ချဥ်းကပ်ပုံသည် သိသာထင်ရှားလာခဲ့သည်။ သူ၏ ပြောဟန် ဆိုဟန် နှင့် အောင်မင်းကို ပေးအပ်ထားသော လုပ်ပိုင်ခွင့် အာဏာများကို တွေ့မြင် ကြားသိလာသော တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် စိတ်ဝင်တစား ဖြစ်လာခဲ့သည်။

 

အောင်မင်းသည် တခါက စစ်တပ်၏ ပါးစပ်မှ မပြောအပ်သော စကား အဖြစ် ဆယ်စုနှစ်‌ ပေါင်းများစွာ ကြာအောင် ရေငုံနှုတ်ပိတ် နေခဲ့ရသော  "ဖက်ဒရယ်စနစ်" ဆိုသည့် စကားလုံးကိုပင် ဖွင့်ဟလာခဲ့သည်။ ဖက်ဒရယ် စနစ် သည် တိုင်းရင်းသား လက်နက်ကိုင် များ အတွက် ကိုယ်ပိုင် အုပ်ချုပ်ရေး သို့မဟုတ် ခွဲထွက်ရေး ကို လမ်းဖွင့်ပေးသလို ဖြစ်သွား နိုင်သော‌ကြောင့်ပင်။

 

သိန်းစိန်သည် တိုင်းရင်းသား များ အဖို့ ပြောမပြနိုင်လောက် အောင် ငရဲတမျှ ဒုက္ခသုက္ခများ ကြုံတွေ့ ခဲ့ကြရပြီ ဖြစ်သည်ဟု ဖွင့်ဟ ဝန်ခံလာခဲ့သည်။

 

၂၀၁၁ ဒီဇင်ဘာလ ထဲတွင် သိန်းစိန် သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (‌RCSS) နှင့် နှစ်ဖက် အပစ်အခတ် ရပ်စဲရေး ရရှိလာခဲ့သည်။ ထို့နောက် ၂၀၁၂ တွင် ချင်းအမျိုးသား တပ်ဦး (CNF) ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ အာရကန် လွတ်မြောက်ရေး ပါတီ (ALP)၊ နာဂမြေ အမျိုးသား ဆိုရှယ်လစ် ကောင်စီ- ခပလန် အုပ်စု ( (NSCN-K) တို့ နှင့် ‌၎င်း၊ ၂၀၁၃ တွင် ပအို့ အမျိုး သား လွတ်မြောက်ရေး အဖွဲ့ (PNLO) ၊ ABSDF အဖွဲ့တို့ နှင့်၎င်း ဆက်တိုက်ဆိုသလို အောင်မြင်မှုများ ရရှိခဲ့ပြန်သည်။

 

ထိုအထဲတွင် ၂၀၁၂ ခုနှစ် အတွင်း KNU တို့နှင့် သဘောတူညီချက် ရရှိလာခဲ့ခြင်းအား လွန်စွာ အရေး ပါသော အပြောင်းအလဲကြီး ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ သဘောတူညီချက်ကြောင့် ကမ္ဘာပေါ်တွင် ကာလအကြာမြင့်ဆုံး ဖြစ်ပွားနေသည့် ပဋိပက္ခကြီး တခု အဆုံးသတ်သွားတော့မည် ဖြစ်ပြီး အနှစ်သာရ အပြည့် ရှိသော ငြိမ်းချမ်းရေး ပေါ်ထွန်းလာတော့မည် လော ဟု မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

ကရင် တို့နှင့် ဖြစ်ပွားသော ပဋိပက္ခ အပေါ် မူဝါဒ ရေးဆွဲသူများ၊ တတ်သိပညာရှင်များ၊ ကယ်ဆယ်‌ ထောက်ပံ့ရေး အဖွဲ့များ ၏ အထူး စိတ်ဝင်စားခြင်း ခံခဲ့ရသည်။ ထို့အပြင် အခွင့်အရေးသမားများ၊ တယူသန် ကြေးစား အဖွဲ့များ နှင့် လေဖမ်း ဒန်းစီး ပေါ်ပင်လိုက်သူများပါ မကျန် ပေ။ အနောက် နိုင်ငံသား အများအပြားသည် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာကြပြီး မြန်မာပြည် လွတ်မြောက် ရေး အတွက် ဆိုပြီး နယ်ခြား ဖြတ်ကျော်ကာ လက်ကမ်း‌စာစောင်များ ဖြန့်ဝေခြင်း၊ အစိုးရနှင့် သဘောကွဲလွဲသူများအား တွေ့ဆုံမေးမြန်းခြင်း၊ လက်နက်စွဲကိုင်၍ စစ်တပ်အား တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

၎င်းတို့၏ စွန့်စားမှုများ နှင့် ပတ်သက်ပြီး အသေးစိတ် ဖေါ်ပြထားသည့် စာအုပ် အများအပြား ထွက်ရှိ လာခဲ့သော်လည်း ပါရှိသော အချက်အလက်များက သံသယ ဖြစ်ဖွယ် ကောင်း လောက်အောင် တိကျ ရေရာမှု မရှိသည်ကို တွေ့ရသည်။ ထိုကဲ့သိုသော အချက်အလက်များကြောင့်လည်း မြန်မာသည် လျှို့ဝှက် ဆန်းကြယ်မှုများ နှင့် ပြည့်နှက်နေသည့် ထူးထူးဆန်းဆန်း တိုင်းပြည်တပြည် ဖြစ်လာခဲ့ ရသည်။ မည်သူကမျှလည်း အဘယ် အတွက်ကြောင့် ငြိမ်းချမ်းရေး နှင့် အလှမ်းဝေးနေရသည် ဆိုသော အကြောင်းရင်း ဇစ်မြစ်ကို ဂဎ နဏ နှိုက်ထုတ်ခဲ့ကြခြင်းမျိုး မရှိပေ။

 

ကရင် တို့နှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ရုပ်ရှင်ထဲသို့ပင် ရောက်လာခဲ့ရပြီ ဖြစ်သည်။ ၂၀၀၈ ခုနှစ် တွင် ထွက်ရှိလာသော RAMBO IV တွင် ဗီယက်နမ် စစ်ပြန်ကြီး ဂျွန် ရမ်ဘို အား ခရစ်ယန် သင်းအုပ် ဆရာ တဦးမှ စစ်အစိုးရ တပ်များ၏ ပြန်ပေးဆွဲခြင်း ခံရသော သာသနာပြု မစ်ရှင် အဖွဲ့ကို ကယ်တင် ပေးရန် ငှားရမ်းခဲ့သည်။

 

အဆိုပါ ရုပ်ရှင်ကို အသေးစိတ် လေ့လာစောင့်ကြည့်ခဲ့သည့် ဝေဖန်ရေး သမားတဦး အဆိုအရ ရမ်ဘို တဦးတည်း သတ်ဖြတ်ခဲ့သည့် အရည်အတွက်သည် သုံးရာနီးပါး ရှိခဲ့သည်။ ထိုရုပ်ရှင်ကို မြန်မာ ပြည်တွင် ပြသခွင့် ပိတ်ပင်ခဲ့သည်။ သို့သော်လည်း Generation Wave လူငယ်အဖွဲ့က ကော်ပီများ ကူးယူပြီး လက်သိပ်ထိုး ဖြန့်ချီပေးခဲ့သည်။

 

ရုပ်ရှင်ကြောင့် စိတ်ဓါတ်များ မြင့်တက်လာခဲ့ရသည်ဟု KNU က ပြောလာခဲ့သည်။ မိမိတို့ တပ်သား များလည်း ရုပ်ရှင်ပါ စာသားဖြစ်သည့် "Live for nothing, or die for something" ကို ပါးစပ်ထဲ စွဲသည်အထိ ဖြစ်သွားခဲ့ရသည်ဟု ဆိုသည်။ ထိုအတွက် ဆီဗက်စတာ စတားလုံးသည်လည်း ဂုဏ်ယူစရာ ဖြစ်သွားခဲ့ရသည်။

 

နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်၏ မြန်မာပြည်သို့ သမိုင်းတွင်မည့် ခရီး ပြီးဆုံးခဲ့ပြီးနောက် ရက်ပေါင်း ငါးပတ် အကြာ ၂၀၁၂ ဇန်နဝါရီ လထဲတွင်တော့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပြီ ဆိုသော သတင်းမှာ ထွက်ပေါ်လာခဲ့တော့သည်။ မြန်မာပြည် အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန အထူး ကိုယ်စား လှယ် နှင့် ပေါ်လစီရေးရာ ညှိနှိုင်းရေးမှူး သံအမတ်ကြီး ဒဲရက် မစ်ချယ်သည်လည်း ချင်းမိုင်သို့ ရောက်ရှိ လာပြီး နယ်ခြားရှိ အဖွဲ့အစည်းများ နှင့် တွေ့ဆုံခဲ့သည်။ ထွက်ပေါ်လာသော သတင်း၏ အရေးပါမှု ကို ကောင်းစွာ သိရှိ သဘောပေါက်သူပီပီ ဝါရှင်တန်သို့ ဆက်သွယ် အကြောင်းကြားလာသည်။ ကျမ ကိုယ် တိုင်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။

 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အရှိန်အဟုန် ကောင်းလာသည်နှင့်အမျှ အလှူရှင် နိုင်ငံများ၊ နိုင်ငံစုံ ပါဝင်သည့် အသင်းအဖွဲ့များ နှင့် NGO အဖွဲ့များလည်း ပါဝင်လာခဲ့ကြသည်။ ၂၀၁၂ တွင် USAID ရုံးကိုလည်း မြန်မာတွင် ပြန်လည် ထားရှိခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ပံ့ပိုးပေးခြင်း၊ စစ်ဘေးရှောင် ပြည်သူများနှင့် အန္တရာယ် မလုံခြုံသော ဒေသများ ရှိ လူများအား အကူအညီများ ပေးခြင်းတို့ကို ဇောက်ချ လုပ်ကိုင်လာခဲ့သည်။

 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်နေသူများ အား ထိထိရောက်ရောက် ဆွေးနွေး လုပ်ကိုင် နိုင်ရန် ဒေါ်လာငွေများ ပံ့ပိုးပေးခဲ့သည်။ အလားတူ အရေးပါသော လုပ်ငန်းစဉ် တရပ်အနေဖြင့် USAID သည် "အမျိုးသမီးများ ပါဝင်နိုင်ရေး ရံပုံငွေ" တရပ်ကို မတည်ပေးလာခဲ့သည်။ ထိုရံပုံငွေ ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပါဝင်နေသော အမျိုးသမီးများအတွက် အခမ်းအနားများ နှင့် ဆွေးနွေးပွဲများ တက် နိုင်ရန်  သယ်ယူပို့ဆောင်‌ ပေးရေး၊ ရင်သွေးများ ထိန်းကျောင်းပေးရေးတို့ အတွက် အသုံးပြုခဲ့သည်။ 

 

အင်ဂျီအိုအဖွဲ့များ၊ အီးယူ၊ နော်ဝေး နှင့် ဂျပန်တို့မှ ငြိမ်းချမ်းရေး ဆွေး‌နွေးပွဲ တက်ရောက်မည့် ကိုယ်စား လှယ်များ၊ ငြိမ်းချမ်းရေး စင်တာမှ ပုဂ္ဂိုလ်များ၊ အတွေ့အကြုံရှိပြီး သား စေ့စပ် ညှိနှိုင်းပေးမည့်လူများ သွားစရိတ် လာစရိတ်များ အတွက် ရံပုံငွေ ထည့်ဝင်လာကြသည်။

 

‌၎င်းတို့အပြင် ကမ္ဘာအနှံ့ ပဋိပက္ခများ ဖြေရှင်းရာတွင် ပါဝင်ခဲ့ကြဖူးသည့် အနည်းငယ်မျှ အရည်အတွက် ရှိသော တသီးပုဂ္ဂလိက အတိုင်ပင်ခံများ၊  ကျွမ်းကျင်သူ များ၊ မြန်မာအရေး ကျွမ်းကျင်နှံ့စပ်သူများ ကိုလည်း ခေါ်ယူ ခဲ့ကြသည်။

 

နှစ်ပေါင်းများစွာ အတွင်း ပထမဆုံးအကြိမ် အဖြစ် အကူအညီများ နှင့် ဒေါ်လာငွေများသည် တိုင်းရင်း သား အုပ်စုများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးသည့် အဖွဲ့များထံ စီးမျောလာခဲ့ပြီ ဖြစ်သည်။ ဥရောပ နိုင်ငံများသည် ၎င်းတို့ ပေးနေကျ ရံပုံငွေများကို နယ်စပ်ဒေသများမှ ရွှေ့ပြောင်း ခွဲတမ်းချလာ၍ အဆိုပါ နယ်မြေများတွင် လုပ်ကိုင်နေကြသော အမေရိကန် အရာရှိများနှင့် အင်ဂျီအို များ က စောလွန်းသေးသည် ဆိုကာ စိုးရိမ်ပူပန်လာခဲ့ကြသည်။

 

၂၀၁၂ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံ အတွင်း လုပ်ကိုင်ခဲ့ဖူးသူ မှန်သမျှ နှစ်ခြောက်ဆယ်ကျော် ကြာ ပြည် တွင်းစစ်သည် စာရွက်ပေါ်တွင် လက်မှတ် တချက် ထိုးရုံနှင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြခြင်း မရှိပေ။

 

ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားရှိ ဒုက္ခသည်များသည်လည်း အောင်မင်းက မည်မျှပင် အာမခံ ခဲ့ စေကာမူ တဦးတလေမျှပင် မပြန်ရဲဘဲ ရှိနေကြဆဲပင် ဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၂ အတွင်း စစ်တပ်မှ KIA အား တိုက်ခိုက်လာမှု များကို တွေ့မြင်လာခဲ့ကြသည်။ သူတို့ စိုးရိမ်မှုများက သဘာဝ ကျပေသည်။ ၂၀၁၁ ခုနှစ် အတွင်း သိန်းစိန်မှ တိုက်ခိုက်မှုများ အဆုံးသတ်ရန် စစ်တပ်ကို အမိန့်ပေးပြီး နောက်ပိုင်း ဖြစ်ပွားလာခဲ့သောကြောင့်ပင်။ ဤသို့ဖြင့် ရှမ်းပြည်နယ်ရှိ လူထုကလည်း အစိုးရဖက်မှ စကားတည် လိမ့်မည်ဟု ယုံကြည်စိတ်ချ၍ မရ ဖြစ်လာသည်။