စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (12)

by Hla Soewai - Jun 03 2022

မူးယစ်ဆေးဝါး၊ စစ်နှင့် ငြိမ်းချမ်းရေး ကြားက အမျိုးသား ရင်ကြားစေ့ရေး  (၇)

 

အဖွဲ့အစည်း ‌အမြောက်အမြားက အလှူရှင်များ ၏ လှူဒါန်းငွေများကိုသာ အမှီပြုနေကြပြီး လုပ်ငန်း များကို မြန်မာပြည်ထဲ ရွှေ့ရန် ငြင်းဆန်ခဲ့ကြသည်။ နယ်ခြားဒေသများတွင် ၎င်းတို့ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် လိုအပ်နေသည်ဟု နားလည် ထားကြသောကြောင့်ဖြစ်သည်။ ထိုင်းနယ်ခြား မဲဆောက် တွင် ဖွင့်လှစ်ထားသော ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း သည်လည်း ဖြစ်ပေါ်လာသော အလှည့်အပြောင်းကို သိသိသာသာ ခံခဲ့ရသည်။

 

သူမ၏ ဆေးခန်းသည် ၁၉၈၈ အရေးတော်ပုံကြီး အပြီး စစ်တပ်၏ ဖိနှိပ်မှု လက်အောက်မှ ထွက်ပြေး လာကြသော ဒီမိုကရေစီ အရေး လှုပ်ရှားသူများအား ဆေးကုသပေးနိုင်ရန် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဆေးခန်းဟု ဆိုသော်လည်း အခြေခံ ကျန်းမာရေး စောင့်ရှောက်ကုသမှုမှသည် စိတ်ကျန်း မာရေး ပြုစုပေးခြင်း၊ မိုင်းထိ၍ ဒဏ်ရာရခဲ့သူများကို ခြေတုလက်တုများ တပ်ဆင်ပေးခြင်း၊  မီးယပ် သားဖွား အထိ လုပ်ဆောင်ပေးခဲ့သည်။ သို့သော် ရံပုံငွေများ ဖြတ်တောက်ခံရပြီး နောက်ပိုင်းတွင် ကုသရေးလုပ်ငန်းများ လျော့ချပြစ်ခဲ့ရသော်လည်း လုံးဝ ပိတ်ရလောက်သည် အထိ မဖြစ်အောင် ထိန်းထားနိုင်ခဲ့သည်။ အမေရိကန် မှအချို့ ကို စိုက်ထုတ် ပေးခဲ့သော်လည်း လိုအပ်ချက်က အဆမတန် များပြားလျှက် ရှိနေဆဲပင်။

 

သိန်းစိန်သည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး Nationwide Ceasefire Agreement (NCA) အား ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အထမြောက်ရန် သံန္နိဋ္ဌာန် ချထားသည်။ လက်ရှိ အနေအထားများက တိုင်းရင်းသား လက်နက်ကိုင်များ နှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲပင် ဖြစ် သည်။ ၂၀၁၄ အရောက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် တခုပြီး တခု အခက်အခဲများနှင့် ရင်ဆိုင်လာ‌ နေရသည်။

 

အခြေအနေများ ပို၍ ရှုပ်ထွေးသွားစေရသည်မှာ Arakan Army (AA) ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ် သည်။ အဆိုပါ အဖွဲ့အား လူငယ်လည်း ဖြစ်၊ ဆိုရှယ် မီဒီယာကိုလည်း ကျွမ်းကျင်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်ပြီး ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ AA ကိုလေ့ကျင့်ပေးခဲ့သည်မှာ KIA ဖြစ်သည်။ AA သည် အဖ ရခိုင်ပြည် လွတ်လပ်ပြီး အတိတ်က ကဲ့သို့ ဗုဒ္ဓဘာသာ ရခိုင် ဘုရင်နိုင်ငံ ကို ပြန်လည် အသက်သွင်းရန် တိုက်ပွဲဝင်လာခဲ့ခြင်း ဖြစ်သည်။ 

 

မြန်မာနိုင်ငံ မြောက်ဖျားမှ ရခိုင်ပြည်နယ် အနောက်ခြမ်းဆီသို့ ချီတက်လာရင်း အောင်ပွဲ အလီလီ ရရှိ ခဲ့ပြီး နယ်မြေများကို တစထက် တစ စိုးမိုးလာနိုင်ခဲ့၍ AA သည် ရခိုင်လူငယ်များ အကြားတွင် အထူး ရေပန်းစားလာခဲ့သည်။ ထိုလူငယ်များသည် AA ၏ ဆိုရှယ် မီ‌‌ဒီယာ ပို့စ်များကြောင့် စိတ်အား တက်ကြွလာခဲ့ကြသည်။ AA ၏ အောင်မြင်မှုများ အတွက် စစ်တပ်သည် ကြက်သေ သေသွားခဲ့သည်။ မူလက AA အား ပေါ်ပင် သမားများ ဖြစ်၍ ကြာရှည်ခံမည်မဟုတ်၊ ထို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင် အရေး အရာ လုပ်ပြီး ထည့်သွင်းစရာ မလိုဟု သဘောထားခဲ့ကြခြင်းကြောင့် ဖြစ်သည်။ သို့သော် အခြား အင်အားတောင့်တင်းသော  EAO အဖွဲ့ များက ၎င်းတို့ ပါဝင်သင့်သည်ဟု ယူဆခဲ့ ကြသည်။ ထိုပြဿနာ သည် စစ်တပ် နှင့် EAO များအကြား အခြေအတင် ဖြစ်လာသည်နှင့် အမျှ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များသည် ကြာညောင်းလာခဲ့ပြီ ဖြစ်သည်။ 

 

ထိုသို့ အခက်အခဲများ ရှိလာသော်လည်း ရွေးကောက်ပွဲ မတိုင်မီ သုံးပတ်အလို  ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် KNU အပါအဝင် EAO အဖွဲ့ ရှစ်ဖွဲသည် NCA ကို လက်မှတ်ရေးထိုးဖြစ်ခဲ့သည်။ ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သော အဖွဲ့ ခုနှစ်ဖွဲ့ကမူ အားလုံး ပါဝင်နိုင်ခြင်း မရှိဆိုကာ လက်မှတ်ရေး ထိုးရန် ငြင်းဆန်ခဲ့ကြသည်။

 

EAO အဖွဲ့များထဲတွင် အင်အား အတောင့်တင်းဆုံး ဖြစ်သော ဝ၊ ကေအိုင်အေ နှင့် ရှမ်းမြောက် SSA-N တို့ ပါဝင်ခဲ့ခြင်း မရှိ၍ NCA သည် အားပျော့သွားခဲ့ရသည်။ 

 

သိန်းစိန်သည် လက်မှတ်ထိုးရန် ငြင်းဆန်သူများကို ဆက်လက် တံခါးဖွင့်ပေးထားခဲ့သည်။ အဆင်ပြေ သည့် အချိန်တွင် ပါဝင်နိုင်သည်ဟု ပြောလာသည်။ အမေရိကန် ပြည်ထောင်စုမှ ကြေညာချက်ထုတ် ပြန်ပြီး ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပဋိပက္ခ ကြီး အဆုံးသတ် နိုင်ရန် ကြိုးပမ်းခဲ့မှု အပေါ် ချီးကျူးခဲ့ သည်။ ထိုအပြင် လက်မှတ်မထိုးသည့် အဖွဲ့များနှင့်ပါ ဆက်လက် ဆွေးနွေးရန် တိုက်တွန်းခဲ့သည်။

 

သိန်းစိန်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်ခဲ့ခြင်း၊ တိုင်းပြည်အား ဒီမိုကရေစီ တံခါး လှစ်ဟ ပေးခဲ့ခြင်းများ ကို သူ၏ ခြေရာလက်ရာများ အဖြစ် ရည်မှန်းသလို ဖြစ်အောင်လုပ်သွားနိုင်ခဲ့သည်။

 

NLD မှ ပင်လုံစိတ်ဓါတ် ကို ပြန်လည် နှိုးဆွလာခြင်း

 

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရလာသော အခါ သူမ သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဦးစားပေး လုပ်ရမည့် စာရင်းတွင် ထိပ်ဆုံးမှ ထားရှိလာခဲ့သည်။ တိုင်းရင်းသား အုပ်စုများဖက်ကလည်း NLD သည် သူတို့ ပြောစကားများကို နားထောင်လိုစိတ် ရှိပြီး သူတို့အား အကာအကွယ် ပေးနိုင်ရန် ဥပဒေများ ပြဋ္ဌာန်းပေးခြင်း နှင့် NCA တွင် အားလုံးပါဝင်လာ နိုင်အောင် ပြုလုပ်ပေးနိုင်သည် ဆိုကာ မျှော်လင့်ချက်များ နှင့် အားတက်လာခဲ့ကြသည်။ 

 

တဖက်တွင် NLD နှင့် စစ်တပ်အကြား ဆက်ဆံရေးသည် မည်သို့မည်ပုံ ရှိလာနိုင်မည့် အပေါ်လည်း စိုးရိမ် ကြောင့်ကြမှုများ ရှိနေပြန်သည်။ သိန်းစိန်ပင် KIA ကို တိုက်ခိုက်ခြင်း မလုပ်ဖို့ စစ်တပ်ကို တား၍ မရ ခဲ့လျှင် NLD အဖို့ အဘယ်သို့များ လုပ်နိုင်ပေဦးမည်နည်း ဟု တွေးလာကြသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်၏ ‌အမွေကို ဆက်ခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို "နှစ်ဆယ် တစ်ရာစု ပင်လုံညီလာခံ" ဟု သတ်မှတ် ခေါ်ဝေါ်လာခဲ့သည်။ ထို့အတွက် ဝ တို့၏ UWSA နှင့် MNDAA တို့၏ ထောက်ခံမှုကို ရရှိလာခဲ့သည်။

 

ပင်လုံ ညီလာခံသည် ၂၀၁၆ ဩဂုတ်လ တွင် စတင်နိုင်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်မှ သဝဏ်လွှာ ပေးပို့ခဲ့သည်။ နိုင်ငံရေး ပါတီများ၊ မြို့ပြ အဖွဲ့အစည်းများ၊ EAO များ၊ တိုင်းရင်းသား မဟာမိတ် အဖွဲ့များ နှင့် စစ်တပ်မှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၅၀ တက်ရောက်လာခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ အဖွင့် မိန့်ခွန်းတွင် "NLD သည် ပင်လုံစိတ်ဓါတ်ကို ပြန်လည် အသက်သွင်းပြီး တန်းတူညီမျှသည့် အခွင့်အရေးများ  အာမခံရေး၊ အပြန်အလှန် လေးစားမှု၊ တိုင်းရင်းသား လူမျိုး အချင်းချင်း တဦးအပေါ် တဦး ယုံကြည်မှု ရှိလာစေရန် ကြိုးစားသွားမည်" အစရှိသည်ဖြင့် ပါရှိလာခဲ့၍ အားလုံးက သဘောကျခဲ့ကြသည်။

 

ဤသို့ဖြင့် ၂၁ ရာစု ပင်လုံညီလာခံ ကြီးသည် မြန်မာပြည် အတွက် ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန် NLD မှ ကြိုးပမ်းခဲ့မှု ၏ အထွတ်အထိပ် ဖြစ်လာခဲ့သည်။

 

သို့သော် သိန်းစိန် ထားခဲ့သော အခြေခံ အဆောက်အအုံများနှင့် ကျင့်သားရနေပြီ ဖြစ်သော EAO များ က NLD သည် ထိုအနေအထားများအား ဖျက်သိမ်းလာမှု နှင့် ဗမာတို့၏ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုကြီးများ တည်ဆောက်လာမှုများကို ကြည့်၍ ပင်လုံ စိတ်ဓါတ်သည် တကယ်တမ်းတွင် "ဗမာဇာတ်သွင်းရန်" ကြံစည်နေခြင်းဟု တဖြေးဖြေး ထင်မြင်လာကြသည်။ ထိုသို့ တိုင်းရင်းသား အုပ်စုများ အကြား သံသယ ပွားလာနေမှုကို NLD သည် မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်ခဲ့ကြသည်။

 

တိုင်းရင်းသားများသည် စစ်တပ်ကိုသာ မကျေနပ်နေသူများ ဖြစ်ပြီး စစ်တပ်လက်ဝယ် အာဏာ မရှိတော့ သည့် အခါ ပြဿနာအားလုံး ဖြေရှင်းနိုင်လိမ့်မည် ဟု   NLD က ထင်ထားခဲ့၍ ဖြစ်သည်။

 

စစ်တပ်လက်အောက်တွင် ဗမာရော၊ တိုင်းရင်းသား လူမျိုးစုများပါ ခံခဲ့ကြရသော်လည်း ဗမာတို့ နား မလည် ခဲ့သည်မှာ တိုင်းရင်းသားများသည် မိမိတို့ထက် အဆမတန် ကျောကော့အောင် ခံခဲ့ကြရသည် ဆိုသည်ကိုပင် ဖြစ်သည်။