စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (13)

by Hla Soewai - Jun 04 2022

စစ်အာဏာရှင်တို့၏ အတွင်းသရုပ် အမှန်ကို ယခင် နိုင်ငံရေး အကျဉ်းသားဟောင်းများက ကောင်းစွာ သိနားလည် ထားခဲ့ပြီး ဖြစ်သည်။ အကျဉ်းခန်းထဲတွင် ဗမာ ဆယ်ယောက်ရှိတိုင်း ကချင် အယောက် တရာခန့် ရှိနေတတ်သည်။

 

စစ်ကြောရေး တကြိမ် ဝင်ပြီး အခန်း ပြန်လာသော ဗမာ နိုင်ငံရေး အကျဉ်းသားတို့ သွေးရဲရဲ သံရဲရဲ မျက်နှာ ဖူးရောင်ကာ သွားများ ကျိုးထွက်လာခဲ့သည် အထိ ခံခဲ့ကြရသော်လည်း ၎င်းတို့နှင့် ဘဝတူ တိုင်းရင်းသားများ အဖို့ကတော့ မည်သူမည်ဝါဟူ၍ မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ပြန်ရောက်လာခဲ့ရချည်းသာ ဖြစ်သည်။

 

နီးစပ်မှုများကတဆင့် ဗမာနိုင်ငံရေး အကျဉ်းသားများသည် တိုင်းရင်းသား ဒေသများ အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် စစ်တပ်၏ မည်မျှအတိုင်းအတာ အထိ ဆိုးသွမ်း ယုတ်မာနေမှုကို သိခွင့် ရလာခဲ့ကြသည်။ ထိုသို့ သိနားလည် လာကြသည်နှင့်အမျှ တိုင်းရင်းသားတို့နှင့် ဖြစ်ပွား‌ နေသော ပဋိပက္ခများ၏ ဒဏ်ရာဒဏ်ချက်များကို ကုစားနိုင်ဖို့ အရေးအတွက် ‌ရှေ့လျှောက် အများကြီး အချိန်ယူ လုပ်ရဦးမည်ကို သိမြင်လာကြသည်။ သို့သော် NLD ကတော့ ၎င်းတို့ကဲ့သို့ သိရှိ နားလည် ခဲ့ကြခြင်း မရှိပေ။ 

 

၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပွဲကြီး ကြောင့် ယခင် အကျဉ်းထောင် နံရံများ အတွင်းသာ နားလည် သဘောပေါက်ခဲ့သည့် အဖြစ်မှ အပြင်ဖက်သို့ လျှံထွက်လာခဲ့ပြီ ဖြစ်သည်။ ထိုသို့ နိုင်ထက်စီးနင်း လုပ်ရပ်များကို ရန်ကုန်၊ မန္တလေး မြို့ကြီးများထိ ပျံ့နှံ့လာခဲ့လေသည်။ ယခင်က တိုင်းရင်းသား ဒေသများတွင်သာ ကြားရတတ်သော စစ်လေယာဉ်ပျံ သံများကို ယခုအခါ ဗမာဒေသများတွင် ကြားလာခဲ့ကြသည့် အပြင် မိမိတို့ ကျေးရွာ ရပ်ကွက်များပါ မီးလောင်တိုက်သွင်း ခံခဲ့ကြရပြီ။

 

ဤသည်မှာ တိုင်းရင်းသားများ နှစ်ပေါင်းများစွာ တွေ့ကြုံခံစားရသည်များကို ဗမာတို့ အနေနှင့် ပထမဆုံး အကြိမ်အဖြစ် နဖူးတွေ့ ဒူးတွေ့ ကြုံလာခဲ့ကြရခြင်းလည်း ဖြစ်သည်။

 

ဤသည်ကပင် အဆိုးထဲက အကောင်းတစုံတရာ ရရှိနိုင်ခဲ့ခြင်းဟု ဆိုရမည် ဖြစ်သည်။ စစ်အာဏာ ရှင်များ ကွယ်ပျောက်သွားပြီး နောက်ပိုင်း တကယ်တမ်း နင်လားငါလား ပြုလုပ်ရန် ရှိနေသည့် အမျိုးသား ရင်ကြား‌စေ့ရေး လုပ်ငန်းစဉ်များ အတွက် များစွာ အကျိုး ဖြစ်ထွန်းလာနိုင်ပေသည်။

 

နိုင်ငံသည် ၂၀၁၇ ပိုင်း မှစ၍ ပဋိပက္ခများ နှင့် ပြည့်လျှံစ ပြုလာနေပြီ ဖြစ်သည်။ ငြိမ်းချမ်းရေး ဆို သည်ကလည်း ဘယ်နေမှန်း မသိတော့၊ နိုင်ငံတကာမှ အလှူရှင် နိုင်ငံများ ဖြစ်‌သော ဩစတေးလျှ၊ ကနေဒါ၊ ဒိန်းမတ်၊ အီးယူ၊ ဖင်လန်၊ ဂျာမဏီ၊ အီတလီ၊ နော်ဝေး၊ ဆွစ်ဇာလန် နှင့် ဗြိတိန် တို့ ဖွဲ့စည်း တည်ထောင် ထားသော ပူးတွဲ ငြိမ်းချမ်းရေး ရံပုံငွေ Joint Peace Fund (JPF) သို့ အမေရိကန်မှ ငွေကြေး စတင်ထည့်ဝင်လာခဲ့သည်။ အဆိုပါ အဖွဲ့သည့် အားလုံး ပါဝင်လာမည့် ငြိမ်းချမ်းရေး ပေါ်ထွန်းရန် အတွက် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

 

သို့သော် ပရိုဂရမ်များက စာရွက်ပေါ်တွင် အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်နေသော်လည်း နောက်ပိုင်းတွင် အမေရိကန် ဖွံ့ဖြိုးမှု အကူအညီပေးရေး နှင့် ပဋိပက္ခဖြေရှင်းရေး ဆိုင်ရာ ကျွမ်းကျင် သူများက ရံပုံငွေများကို လုပ်ငန်းများ အောင်မြင်ရေး အတွက်  ထိထိရောက်ရောက်ရောက် အသုံး ပြုနေသည်လား၊ သို့ဝာည်းမဟုတ် ပါဝင်နေကြသူများက အစည်းအဝေးများ လုပ်နေသည်ဟု ပြောနိုင် ရုံသက်သက်သာ အစည်းအဝေးများ  လုပ်ရန် သုံးနေကြခြင်းလားဟု သံသယ များ ဝင်လာခဲ့ကြသည်။

 

ပါဝင်နေသူများသည် တိုင်းရင်းသား ရေးရာများကိုသာ ဆွေးနေး နေကြခြင်း မဟုတ်၊ အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာများ၊ ဖက်ဒရယ်စနစ်၊ ယင်းနှင့် ဆက်နွယ်လာမည့် ‌ဗဟို နှင့် ပြည်နယ်များအကြား ငွေကြေး ခွဲဝေသုံးစွဲရေး၊ လူ့အခွင့်အရေး ကိစ္စများ၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးအတွက် လိုအပ်သည့် အခြေခံ စွမ်းဆောင်ရည်များ မည်သို့ မည်ပုံ မြှင့်တင် ပေးနိုင်ရေးများ ပါ ဆွေးနွေးကြရမည် ဖြစ်သည်။

 

သို့သော် စစ်တပ်က ၂၀၂၁ ဖေဖေါ်ဝါရီ တွင် အာဏာသိမ်းယူလိုက်မှု နှင့် အတူ အားလုံး အဆုံးသတ် သွားခဲ့ရတော့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ယခုအခါ သူတို့ပိုင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ဖြစ်သွားခဲ့ပေပြီ။ စစ်တပ်သည် အထက်တွင် ဖေါ်ပြခဲ့သော  ဆွေးနွေးရမည့် အကြောင်း အရာများ ရေရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးမျိုး ရရှိရန် မည်မျှအထိ အရေး ပါလှသည်ကို စဉ်းစားတတ်သည့် လူမျိုးများလည်း မဟုတ်ပေ။

 

အာဏာသိမ်းမှုကြောင့် တည်ဆောက်နိုင်ခဲ့သော အပြန်အလှန် ယုံကြည်မှုများလည်း ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ ‌ဒေါသ အကြိတ်အခဲများ နှင့် အတူ ပဋိပက္ခများမှာ ပို၍ ကြီးထွားလာခဲ့သည်။ 

 

စစ်အာဏာသိမ်းမှု အား ကန့်ကွက် ဆန္ဒပြသူများသည် တောခိုသွားကြပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အဖြစ် လေ့ကျင့်ဖွဲ့စည်းလာကြပြီး EAO များအကြားတွင် မိမိတို့နှင့် မဟာမိတ် ပြု၍ ရမည့် အဖွဲ့များကို ရှာဖွေလာကြသည်။

 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို အမေရိကန် နှင့် နိုင်ငံတကာမှ ထောက်ခံမှု ပေးခဲ့သည်များက သဲထဲရေသွန် ဖြစ်သွားခဲ့ရလေပြီ။ နိုင်ငံသည်လည်း စစ်တပ် လက်တွင်းသို့ နောက်တကြိမ် ပြန်လည် သက်ဆင်းသွားခဲ့ရပြီး မြန်မာတို့၏ ရှည်ကြာနေပြီ ဖြစ်သော ပြဿနာများသည်လည်း နောက်ထပ် အချိန်အတော်ကြာ ဆက်ရှိနေလိမ့်ဦးမည် ဖြစ်သည်။

 

“အခန်း (၃) ဘူမိ မဟာဗျူဟာ - ဒီမိုး ဒီလေ ကြားထဲက” ကို ဆက်လက်တင်ပြသွားပါမည်။