သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(14)

by Hla Soewai - Jun 05 2022

အခန်း (၃)

 

ကျည်ဆံများ၊ ဒဏ္ဍာရီများကြားက မက္ကဆီကန် တော်လှန်ရေး (၁)

 

၁၉၁၁ ဇွန်လ အတွင်းတွင် ဖြစ်သည်။ မက္ကဆီကန် လယ်သမား သူပုန် ခေါင်းဆောင်ကြီး အီမီလီယာနို ဇက်ပတာ သည် လက်ထဲက ကာဘိုင် သေနတ်ဖြင့် နိုင်ငံရေးသမား တဦးဖြစ်သူ ဖရန်စစ္စကို မာဒီရို အား ထိုးချိန်လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် တိုင်းပြည်အား နှစ်ပေါင်း ၃၁ နှစ် ကြာ အာဏာရှင် ဆန်ဆန် အုပ်ချုပ်လာနေသည့် သမ္မတ ပေါဖီရီရို ဒီယက်ဇ် ကို ရာထူးမှ ဖယ်ရှားရေး လှုပ်ရှားမှု ကြီးတွင် မဟာ မိတ်အဖြစ် အတူလက်တွဲ တိုက်ပွဲဝင်နေကြသူ များလည်း ဖြစ်နေသည်။

 

ဇက်ပတာ သည် ကြွယ်ဝချမ်းသာသော ကြံ စိုက်ပျိုးသူ မြေရှင်များ၏ ရက်ရက်စက်စက် နှင်ထုတ် ဖယ်ရှားခံရသော တောင်သူ လယ်သမား‌များအား ကိုယ်စားပြုနေသူ ဖြစ်သည်။ အာဆင်ဒါဒို hacendado ခေါ် မြေရှင်များ နှင့် သကြားစက်ရုံပိုင်ရှင်ကြီးများသည် လုပ်ငန်းများ ချဲ့ထွင် လာကြသည့် အတွက် ၎င်းတို့တိုးချဲ့ လုပ်ကိုင်လာသော မြေယာများပေါ်ရှိ လယ်သမားများ နှင့် သူရင်းငှား များကို မလှန်နိုင်အောင် နှိပ်ကွပ်နေချိန်လည်း ဖြစ်သည်။

 

ဇက်ပတာ၏ သေနတ် ပြောင်းဝသည် သူ့ရှေ့တည့်တည့် ရပ်နေ‌သော မာဒီရို ကိုယ်ပေါ်ရှိ ရွှေဆွဲကြိုး ရှိရာ ကို ချိန်ရွယ်ထားသည်။ ပါးစပ်ကလည်း ထိုဆွဲကြိုးကို သူ ယူသွားမည်ဆိုလျှင် သူတို့နှစ်ဦး နောက်တကြိမ် ပြန်တွေ့သည့်အခါ မာဒီရိုသည် ပြန်လည် တောင်းပိုင်ခွင့်ရှိသည်။ သို့သော် မာဒီရိုသည် လည်း သူ့ထက် သာလွန်သော လက်နက်မျိုးကိုင်ဆောင်ထားနိုင်မှသာ ပြန်ရနိုင်မည်ဟု ပြောလာသည်။ မာဒီရိုက သူပြောသည့်အတိုင်း ကြိမ်းသေလုပ်ပါမည်။ ထိုအခါကျလျှင် သူပိုင် ပစ္စည်းသာမက ယခုလို စော်ကားမော်ကား ပြုမူခဲ့မှု အတွက် လျော်ကြေး ပါ ပေးရလိမ့်ဟု ပြန်၍ တုန့်ပြန်လိုက်သည်၊၊ ဇက်ပတာသည် ခေါင်းငြိမ့်ပြလိုက်သည်။ မာဒီရိုသည် သူပြောလိုသည့် အဓိပ္ပါယ်ကို ကောင်းစွာ နားလည်သွားပြီဟုလည်း ယူဆလိုက်သောကြောင့် ဖြစ်သည်။

 

မက္ကဆီကို တောင်ပိုင်း အလယ်ဗဟိုတွင် ရှိသည့် မိုရီလို ပြည်နယ်ရှိ လယ်ယာမြေ များအား ထိုဒေသရှိ လယ်သမားများက မိရိုးဖလာ ပိုင်ဆိုင်ထားခဲ့ကြသူများ ဖြစ်ပြီး သူတို့လက်မှ ချမ်းသာကြွယ်ဝပြီး ဩဇာ တက္ကိမ ရှိကြသည့် ကြံစိုက်ခင်း ပိုင်ရှင်များ၏ လုယက်သိမ်းပိုက်ခြင်းကို ခံခဲ့ကြရသည်။

 

ယခု မက္ကဆီကို စီတီးရှိ မာဒီရို အိမ်တွင်ပင် ဇက်ပတာက လယ်သမားတို့၏ မြေယာများသည် မာဒီရို၏ ရွှေဆွဲကြိုးကဲ့သို့ပင် ‌၎င်းတို့ပိုင် မြေယာများကို လုယက်ယူငင်နေကြပြီ ဆိုသည်ကို အသိပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့ အဓမ္မ သိမ်းယူကြရာတွင် အင်အား အလွန်အကျွံ သုံးခဲ့ကြသဖြင့် ယခု ဆင်နွဲ တော့မည့် တော်လှန်ရေးသည် လက်ရှိ အင်အား ချိန်ခွင်လျှာကို ပြောင်းလဲစေလိမ့်မည် ဆိုသည်ကိုပါ မာဒီရို နားလည်ဖို့ လိုအပ်သည့် အတွက် တလက်စာတည်း အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

ထိုအချိန်မှစ၍ ဇက်ပတာ နှင့် မာဒီရိုတို့သည် သေဖေါ်ရှင်ဖက် လက်တွဲဖေါ် များ အဖြစ် ကူးပြောင်းသွား ခဲ့ပေတော့သည်။ သူတို့၏ ရဲဖေါ်ရဲဘက် အဖြစ် လက်တွဲခဲ့မှုက ကြာကြာ မခံလိုက်၊ မာဒီရိုသည် သစ္စာဖေါက်များ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။ ဤသို့ဖြင့် မက္ကဆီကို တော်လှန်ရေးသည် ပထမဆုံးအကြိမ် အဖြစ် အက်ကြောင်းကြီး ထလာခဲ့ရုံသာမက နိုင်ငံ၏ ကျိုးကြေနေပြီ ဖြစ်သော အုပ်ချုပ်ရေး အာဏာသည် ယိမ်းယိုင်သွားခဲ့ရသည်။

 

နောက်ပိုင်း ဆယ်စုနှစ် တခုလုံး တော်လှန်ရေးသည် မဟာမိတ် အဖွဲ့များ အမျိုးမျိုး ပြောင်း၍ ဖွဲ့စည်း ခဲ့ကြခြင်း၊ ဒေသ အလိုက် ပုန်ကန်လာကြခြင်း၊ တပ်အချင်းချင်း ပြိုင်ဆိုင်လာခြင်း နှင့် အမေရိကန် သံအမတ် ပါ ပတ်သက်ဆက်နွယ်လာရသော နိုင်ငံတကာမှ မသမာမှု များ ကျူးလွန်လာကြခြင်း အစရှိသည့် ဖြစ်စဉ်များသည် မက္ကဆီကို အား မြေငလျင်ကြီး လှုပ်ခတ်နေသလို ယိမ်းထိုး လှုပ်ခါ နေလာခဲ့သည်။ ဇက်ပတာ ကိုယ်တိုင်လည်း တော်လှန်ရေးကြီး အပြီးသတ်ကို မြင်သွားနိုင်ခွင့် မရ ခဲ့သည့် အပြင် သူ၏ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး အိမ်မက်များကိုလည်း အကောင်အထည် ဖေါ် နိုင်ခွင့် ရမသွားရှာခဲ့ပေ။

 

ထိုအချိန်က  ရုရှား နှင့် တရုတ်တွင် အုပ်စိုးနေသောအဖွဲ့များမှာ တပြိုင်တည်းလိုလို ပြောင်းလဲသွား သည့် ဖြစ်စဉ်ကြီးများသည် ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီ နှစ်ပေါင်းသုံးဆယ် အတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ် လာခဲ့ခြင်းကြောင့်လည်း မက္ကဆီကို တော်လှန်ရေး၏ အရေးပါမှု အတိုင်းအတာသည် မှေးမှိန်သွားခဲ့ပြီး မထင်မရှား ဖြစ်ရပ် တခု အဖြစ် သက်ဆင်းသွားခဲ့ရသည်။

 

သို့သော် မက္ကဆီကို တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲကြီးသည် နှစ်ဆယ်ရာစု တွင် ပထမဆုံး ပေါ်ပေါက်ခဲ့သော အဓိကကျသည့် လူမှု တော်လှန်ရေးကြီးလည်း ဖြစ်၍ လေ့လာဖို့ လိုအပ်လာသည်။ ပို၍ စိတ်ဝင်စားဖို့ ကောင်းလာရသည်မှာ တော်လှန်ရေး ကာလအတွင်း ရုပ်ရှင်ဆန်ဆန် အကွေ့ အကောက် အလှည့်အပြောင်းများ အမြဲလို ဖြစ်ပျက်နေခဲ့ခြင်းကြောင့်ပင်။

 

ထိုတော်လှန်ရေး တွင် အဓိကနေရာမှ ပါဝင်နေသူများကို ဟော်လီဝုဒ် ရုပ်ရှင်သမားများ၏ မျက်စိ ကျလာခြင်းကို ခံခဲ့ရသည်။ တော်လှန်ရေးကြီး ဖြစ်နေစဉ်မှာပင် တဦးသည် သူ၏ စွန့်စားခန်းများ အကြောင်း ကိုယ်တိုင် ပါဝင် ရိုက်ကူးရန် ရုပ်ရှင် ကုမ္ပဏီတခု နှင့် စာချုပ် ချုပ်သည်အထိ ဖြစ်လာ ခဲ့သည်။

 

ရုရှား နှင့် တရုတ်တွင် ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲကြီးများလို မက္ကဆီကန် တို့၏ တော်လှန် ရေးသည် ဝါဒရေးရာ၏ စေ့ဆော်လှုံ့ဆော်မှုကြောင့် ဖြစ်ပွားလာခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့၏ လှုပ်ရှား ရုန်းကန်မှုသည် အတွေးအခေါ်များ၊ စိတ်ကူးစိတ်သန်းများ ကို အခြေခံ၍ စနစ်တကျ ပေါ်ပေါက် လာခြင်း မရှိဟု ခြွင်းချက်အဖြစ် ပြောလို့ရလာစေသည်။

 

အတွေးအခေါ် ဝါဒပိုင်း ကို အခြေမခံဘဲ ဇက်ပတာ၊ မာဒီရို၊ ပန်ချို ဗီလာ၊ ကာရန်ဇာကဲ့သို့ ပုဂ္ဂိုလ်များ ၏ ခေါင်းဆောင်မှု အောက်တွင်သာ စုရုံးခဲ့ကြခြင်း ဖြစ်သည်။ မက္ကဆီကန်တို့၏ တော်လှန်ရေး ဇာတ်ထုတ် တွင် ဗီလိန် အဖြစ် အာဏာရှင် လူသတ်သမား ဗစ်တာရီယာနို ဟွယ်တာ လည်း အဓိကနေရာမှ ပါဝင် နေသည်။ ထို့ကြောင့် တခုတည်းသော ဦးတည်ချက်ဖြင့် ဆင်နွဲနေသော တော်လှန်ရေးကြီး အဖြစ် မည်သို့မျှ‌ ရောက်ရှိလာနိုင်ခဲ့ခြင်း မရှိတော့ပေ။

 

ယခုအခါတွင် မက္ကဆီကို တော်လှန်ရေး၏ တရားဝင်မှုအား  ဖြစ်ပေါ်လာရခြင်း သမိုင်း ကြောင်းနှင့် သွင်ပြင်လက္ခဏာများ ဖြင့် မှတ်တမ်းတင်လာခဲ့သည့်တိုင် တော်လှန်ရေး၏ ဦးတည် ချက်များက တသမတ်တည်း မဟုတ်၊ အမြဲလို ရွေ့လျားနေသည်ကို တွေ့ကြရမည်။ ထိုသို့ လမ်း ကြောင်း ပြောင်းသွားခဲ့ရခြင်းသည်လည်း တော်လှန်ရေးသမား အချင်းချင်း သတ်ဖြတ်မှုများ ပေါ်ပေါက် ခဲ့ရခြင်းကြောင့်ဖြစ်သည်။

 

သမိုင်းပညာရှင် သောမတ်စ် ဘင်ဂျမင်က "မက္ကဆီကန် တော်လှန်ရေး သည် ရှုပ်ထွေး ကျယ်ဝန်းပြီး ကြောက်မက်ဖွယ် ကောင်းသည်များရှိသော်လည်း အတုယူ အားကျဖွယ်လည်း ဖြစ်ခဲ့သည်ဟု ဆိုသည်။ တော်လှန်ရေး၏ အကြောင်းရင်းခံ အတော်များများသည် စပိန်တို့၏ ကိုလိုနီ ဘဝ ကျရောက်ခဲ့သော ကာလများကို ခြေရာခံရမည် ဖြစ်သည်။