စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (18)

by Hla Soewai - Jun 13 2022

ဒီမိုး ဒီလေ ဒီလူတွေနှင့် (၅)

 

ထိုကဲ့သို့ မရေမရာ ပရိုဂျက်များက ရှမ်းပြည်နယ် တခုတည်းတွင် သာ မကဘဲ ကရင် ပြည်နယ်တွင်လည်း ရှိလာခဲ့သည်။ ကရင်ပြည်နယ်တွင် “ဖွံ့ဖြိုးရေး” ခေါင်းစဉ် အောက်၌ ပရိုဂျက် လုပ်လိုသူများ အတွက် ပစ်မှတ် ဖြစ်လာခဲ့သည်။ အမေရိကန် ကွန်ဂရက်မှ တည်ထောင်ပေးထားသော တသီး ပုဂ္ဂလိက အဖွဲ့ ဖြစ်သည့် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု US Institute for Peace (USIP) မှ အပိုင်း သုံးပိုင်းပါ အစီရင်ခံစာကို ထုတ်ပြန်လာခဲ့သည်။ ထို အစီရင်ခံစာထဲတွင် ကရင်ပြည်နယ် အတွင်း ကာဆီနို မြို့တော်ကြီး တည်ဆောက်ရန်၊ ဒီဂျစ်တယ် နည်းဖြင့် နိုင်ငံဖြတ်ကျော် ငွေများ လက်ပြောင်းလက်လွှဲ လုပ်ရန် နှင့် အခြား တရားမဝင် လုပ်ငန်းများ တည်ထောင်ရန် ကြိုးပမ်းလာမှုများကို ဖေါ်ပြခဲ့သည်။

 

USIP အစီရင်ခံစာထဲတွင် ၂၀၁၇ ၌ Yatai International Holdings Group (IHG) သည် ထိုင်း-မြန်မာ နယ်ခြား ရှိ ရွှေကိုက္ကို ဟု လူသိများသော ရွာ တွင် စတုရန်း ကီလိုမီတာ ၁၂၀ အကျယ်အဝန်း ရှိမည့် “စမတ်စီတီး” ကို စတင်ရန် လှုပ်ရှားလာခဲ့သည် ဟု ဆိုသည်။ Yatai IHG သည် ဘန်ကောက်တွင် အခြေစိုက်ထားပြီး ဟောင် ကောင်မှာ မှတ်ပုံတင်ထားသော ကုမ္ပဏီလည်း ဖြစ်သည်။ ထိုကုမ္ပဏီအား က‌မ္ဘောဒီယား နိုင်ငံသား ခံယူထားပြီး နာမည် အမျိုးမျိုးနှင့် လှုပ်ရှားနေသည့် She Zhijiang ဆိုသည့် တရုတ် စွန်းဦး လုပ်ငန်းရှင် တဦးက ဦးဆောင် နေသည်။

 

မြန်မာ ရင်းနှီး မြှပ်ပ်နှံမှု ကော်မရှင် Myanmar Investment Commission (MIC) သည် ကနဦး ပြောဆိုလာ သည့် “မြို့ပြ ဖွံဖြိုးရေး” ပရိုဂျက် များ ဆိုသည်ကို ယုံကြည်ကာ အတည်ပြုပေးခဲ့ကြသည်။ NLD အစိုးရမှလည်း မဖွံဖြိုးသေးသော ဒေသများရှိ ပြည်သူများ ဘဝ မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းနေမှုများ နှင့်လည်း ကိုက်ညီနေ သောကြောင့်ဖြစ်ပေသည်။

 

(Blockchain ဆိုသည်မှာ Bitcoin ကဲ့သို့ ဒီဂျစ်တယ် ငွေကြေး ဖြင့် အရောင်းအဝယ် လုပ်သည်များကို မည်သူမျှ ထိုးဖေါက် ခိုးယူ၍ မရအောင် အချက်အလက်များ ကို ကွန်ပျူတာ ထဲတွင် ဒေတာ ဘလော့တုံးများ ဖြင့် ဆင့်ကဲဆင့်ကဲ မှတ်တမ်းတင်ထားသည့် လယ်ဂျာ စာအုပ် သဘောမျိုးဟု အလွယ်တကူ မှတ်ယူနိုင်ပါသည်)

 

နောက်ပိုင်းတွင် လူ ငါးသိန်း ခန့် နေထိုင်နိုင်မည့် တန်ဖိုးမြင့် အိမ်ယာများ၊ ကာဆီနိုများ၊ အပန်းဖြေ စင်တာများ၊ နိုင်ငံတကာ လေဆိပ် နှင့် “ဘလော့ချိန်း အထူး စီးပွားရေး ဇုံ” ဆိုသည်တို့ ပါဝင်လာသည်။ ထိုကဲ့သို့သော အခြေခံ အဆောက်အအုံ ဆိုသည်များက ဆင်းရဲနွမ်းပါးသော ပြည်သူများ နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိ‌သော လုပ်ငန်းများ ဖြစ်နေသည်။

 

Yatai IGH ၏ ဒေသခံ ပါတနာ သည်ကား အင်အား ၆,၀၀၀ ရှိ ကရင် နယ်ခြားစောင့်တပ်ဖွဲ့Border Guard Force (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဖြစ်သည်။ ကရင် BGF ၏ သစ္စာစောင့်သိမှု ကို စိတ်ချရန် Yatai YGH မှ နယ်‌မြေ အတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးမှု လုပ်ငန်း အချို့ကို လုပ်ပိုင်ခွင့် ပေးလာခဲ့သည်။

 

မြို့တော်သစ်အတွက် ကိုယ်ပိုင် လုံခြုံရေး တပ်ဖွဲ့၊ ရေ နှင့် ဓါတ်အားပေး စက်ရုံများ၊ကျန်းမာရေး စောင့်ရှောက် မှုဌာနများ၊ သီးသန့် မိုဘိုင်း ငွေကြေး ဖလှယ်မှု App စနစ်ဖြင့် အိုးအိမ် မြေယာ ပိုင်ဆိုင်မှု အရောင်းအဝယ် လုပ်ငန်းများ၊ တဆင့် ပြန်လည် ရောင်းချမှုများ အတွက် ဘလော့ချိန်း လယ်ဂျာ များဖြင့် မှတ်တမ်းထား ရှိခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

 

Yatai IGH နှင့် ၎င်း၏ စင်္ကာပူ အ‌ခြေစိုက် ပါတနာ ကုမ္ပဏီ ဖြစ်သော Building Cities Beyond Blockchain တို့ ပူးပေါင်း၍ FINCY ကို ဖန်တီးလိုက်ကြပြီး ရွှေကိုကို အတွက် ဒီဂျစ်တယ် ငွေပေးငွေချေ စနစ်၊ နယ်ခြား ဖြတ် ကျော် ငွေပေးချေခြင်း၊ ငွေကြေး လဲလှယ်ခြင် နှင့် ဒီဂျစ်တယ် ငွေကြေးများ ဝယ်ယူခြင်းများ အတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ တည်ဆောက်လာကြသည်။ ၎င်းတို့ ၏ အဓိက ရည်ရွယ်ချက်မှာ တရုတ်၏ ပိုး နှင့် ရပ်ဝန်း စီမံကိန်းများ အတွက် အုတ်မြစ်များ ချနိုင်ရန် အတွက် ဖြစ်သည်။

 

ယောင်ဘင်း အထူး စီးပွားရေး ဇုံကဲ့သို့ပင် Yatai IGH သည်လည်း မြန်မာ ဥပဒေ နှင့် စည်းမျဉ်း စည်းကမ်းများ လက်လှမ်း မမီသည့် နေရာတွင် ဒီဂျစ်တယ် ငွေကြေး ဈေးကွက် ကို ချဲ့ထွင်လာခြင်းပင် ဖြစ်သည်။ NLD အစိုး ရမှ ထိုကဲ့သို့သော လုပ်ရပ်များသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို မထီမဲ့ မြင်ပြုရုံသာမက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်အောင် လုပ်ဆောင်လာမှု အဖြစ် ရှုမြင်လာခဲ့သည်။ ထို့အပြင် ကာဆီနို ကစား ဝိုင်းများကို အကာအကွယ် လုပ်ကာ ငွေကြေး ခဝါချလာမည့် အရေးကိုလည်း စိုးရိမ်ပူပန်လာခဲ့ကြသည်။ လက်ရှိ တွင် အစိုးရသည် ဘဏ်လုပ်ငန်း စနစ်ကြီးကို ရုံခါနေပြီး တရားမဝင် ငွေများ စီးဝင်လာနေမှု ကို သန့်စင်နေချိန် နှင့်လည်း တိုက်ဆိုင်နေသည်။

 

(ပုံတွင် ၂၀၁၉ ခုနှစ် ရွှေကုက္ကို ရှိ BGF တည်ထောင်သည့် ကိုးနှစ် မြောက် အခမ်းအနားတွင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်း ဌေး မှ ခေါင်း ဆောင် ဖြစ်သူဗိုလ်မှုးကြီး စောချစ်သူအား အမှတ်တရ လက်ဆောင် ပေးအပ် နေစဉ်)

 

နိုင်ငံတော် အတိုင်ပင်ခံ ရုံးမှ ၂၀၂၀ ဇွန်လ တွင် စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ်လာနေပြီး တရုတ် အထက် တန်း အရာရှိကြီးများ နှင့် တွေ့ဆုံသည့် အခါတိုင်း မဖြစ်မနေ ထည့်သွင်း ပြောဆိုရမည့် အကြောင်းအရာ အဖြစ် သတ်မှတ်လာခဲ့သည်။ ရန်ကုန်ရှိ တရုတ်သံရုံးကမူ ထို ပရိုဂျက်များသည် ၎င်းတို့၏ တရားဝင် ရပ်ဝန်း လမ်း စီမံကိန်း များ နှင့် ပတ်သက်နေခြင်း မရှိဟု ငြင်းဆိုလာခဲ့သည်။

 

သို့သော်လည်း ထိုစီမံကိန်းများ အားလုံးသည် မြန်မာကို ဖြတ်ပြီး သွားမည့် ရပ်ဝန်း နှင့် လမ်း စီမံကိန်းများ၏ တစိတ်တပိုင်း သာ လျှင် ဖြစ်နေသည်။

 

တရုတ်သည် Belt and Road Initative (BRI) ဟု ဆိုသည့် ရပ်ဝန်း နှင့် လမ်း စီမံကိန်းကို ၂၀၁၃ တွင် စတင် ချပြလာခဲ့သည်။ လွန်စွာမှ ကြီးမားပြီး နိုင်ငံပေါင်း ၇၀ ကျော်အထိ ဒီဂျစ်တယ်၊ ကုန်လမ်း ရေလမ်းတို့ဖြင့် ခြေတံလက်တံ ဆန့်ထုတ်မည့် အခြေခံ အဆောက်အအုံများ တွင် ဝင်ရောက် မြှပ်နှံမည့် စီမံချက်ကြီး ဖြစ်သည်။ ဘီဂျင်းသည် ၎င်းတို့ နှင့် မဟာဗျူဟာ ပြိုင်ဖက်ဟု သတ်မှတ်ထားသည့် အ‌မေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ (ယခင် အာရှ ဆုံချက် နှင့် ပြန်လည် ထိန်းညှိရေး)၊ အိန္ဒိယ၏ အရှေ့ ကို လျှောက်လှမ်းမည့် ပေါ်လစီ၊ ဂျပန်၏ အရှေ့-အနောက် စီးပွားရေး စင်္ကြန် လမ်း အစရှိသည် တို့ကို တန်ပြန် နိုင်ရန် တီထွင်လာခဲ့ခြင်း ဖြစ်သည်။

 

မြန်မာသည် BRI ကို စောစောစီးစီးထဲက ထောက်ခံခဲ့သည့် နိုင်ငံ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထိုသို့ ထောက်ခံလာအောင် တရုတ် သည် အလွန်အကျွံ မြူဆွယ်လာခဲ့သည်။ သူမအား ဘီဂျင်းတွင် နိုင်ငံတော် အကြီးအကဲ အဆင့်အတန်း နှင့် လျှော်ညီစွာ ကော်ဇောနီ ခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ နှင့် တခမ်းတနား ကြိုဆိုခဲ့သည်။ ၂၀၂၀ တွင် သူမသည် BRI ကို မြန်မာပြည်သို့ ရောက်ရှိလာစေမည့် နားလည်မှု စာချွန်လွှာ တဒါဇင် ကျော်ကျော် ကို လက်မှတ်ရေးထိုးခဲ့သည်။

 

မြန်မာသည် တရုတ် အတွက် နန်းစဉ် သရဖူ ကြီး အလား တန်ဖိုးထားစရာ ဖြစ်လာသည်။ မြန်မာတွင် တည် ဆောက်ရန် ရှိနေသည့် အခြေခံ အဆောက်အအုံများ နှင့် လမ်းတံတား များကြောင့် တရုတ်၏ ဒေသတွင်း နှင့် ကမ္ဘာတဝှမ်း ပါဝါ ချဲ့ထွင်လာနိုင်အောင် သိသိသာသာ အထောက်အကူ ပြုနိုင်သော ကြောင့်ပင် ဖြစ်သည်။ မြန်မာမှ တဆင့် ကမ္ဘာ ကွန်တိန်နာ သယ်ယူပို့ဆောင်မှု ၏ ငါးပုံ လေးပုံကို ထိန်းချုပ် သွားနိုင်မည့် အပြင် အိန္ဒိယ သမုဒ္ဒရာ ကို ဖြတ်သန်း သယ်ယူနေသည့် ကမ္ဘာ ရေနံ လမ်းကြောင်း၏ ငါးပုံ သုံးပုံ ကို ပါ ချယ်လှယ်နိုင်တော့မည် ဖြစ်သည်။