စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (21)

by Hla Soewai - Jun 18 2022

အခန်း (၄) ဒီမိုကရေစီ လမ်းစဉ် - ရွေးကောက်ပွဲ မကောင်းဆိုးဝါး များ တောထုတ်ခန်း

 

ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံတခု အတွက် တိုင်းတာနိုင်သည့် အဓိက စံနှုန်းသည်ကား အများ ယုံကြည် လက်ခံ နိုင်သော ရွေးကောက်ပွဲ ပြုလုပ်ပေးနိုင်ခြင်း နှင့် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးနိုင်ခြင်း တို့ပင် ဖြစ်သည်။ ထိုစံနှုန်းများ နှင့် ဆိုလျှင် မြန်မာ၏ အနေအထားသည် လက်ခံနိုင်ဖွယ် မရှိသလောက်ဟု ဆိုရမည် ဖြစ်သည်။

 

၁၉၉၀ တွင် စစ်တပ်မှ ပထမဆုံးအကြိမ် စမ်းသပ်လာခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်းတို့ ပါတီသည် အကြီး အကျယ် အရေးနိမ့်သွားပြီး ထွက်ပေါ်လာသော ရလဒ်ကို အသိအမှတ် မပြုခြင်းဖြင့် တုန့်ပြန်ခဲ့ကြရသည့် အဖြစ် ကိုရောက်သွားခဲ့ရသည်။ ယင်းနှင့် အတူ အမေရိကန် နှင့် ကမ္ဘာ မိသားစု၏ ပြစ်ဒဏ်ခတ်ခြင်းများ စုပြုံကျရောက် လာခဲ့ရသည်။

 

စစ်တပ်သည် ၂၀၁၀ တွင် နောက်တကြိမ် စမ်းသပ်ရန် အားထုတ်လာခဲ့ပြန်သည်။ ယခင်က သင်ခန်းစာများ ရယူ နိုင်ခဲ့ပြီ ဆိုကာ စစ်တပ်အား နိုင်ငံ၏ နိုင်ငံရေး စနစ် ထဲသို့ ဒီမိုကရေစီ ရွေးကောက်ပွဲ ဟု ဗန်းပြကာ တရားဝင် သွတ်သွင်းရန် ကြံစည်လာခဲ့သည်။

 

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သူကမျှ လည်း မိမိတို့ အတွက် မျှော်လင့်ချက် ကြီးကြီး မားမား ထွက်ပေါ်လာစရာ မရှိဟု ယူဆခဲ့ကြသည်။ ထိုသို့ ယူဆခဲ့ကြသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။ စစ်တပ်၏ တသွေးတသံ တမိန့်ဖြင့် ကာလကြာမြင့်စွာ အုပ်ချုပ်ခဲ့မှုများ၊ သွေးထွက်သံယို အာဏာသိမ်းမှုများ၊ လူပုဂ္ဂိုလ်တဦးချင်းစီ နှင့် နိုင်ငံရေး လွတ်လပ်ခွင့်များကို နင်းချေပြစ်ခြင်း ခံခဲ့ရမှုများ ကြောင့်လည်း ဖြစ်သည်။

 

မြန်မာသည် ထိုသို့ သော အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခံဘဝ သို့ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်း ကျရောက်ခဲ့ရခြင်း ဖြစ်သည်။ နေဝင်းသည် မြန်မာ လွတ်လပ်ရေး ကို ဦးဆောင် တိုက်ပွဲဝင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော်သုံးကျိပ် ဝင် တဦးလည်း ဖြစ်သည်။ နောက်ပိုင်း လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ထင်ရှားသော ခေါင်းဆောင်တဦး ဖြစ်သည့် ဦးနု အား ၁၉၅၈ တွင် တကြိမ်၊ ၁၉၆၂ တွင် အပြီးအပိုင် ရာထူးမှ ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်။

 

နေဝင်းသည် ဦးနုအား မပြတ်သားသည့် လူပျော့တဦး အဖြစ် ရှုမြင်ခဲ့ပြီး သူ့ကြောင့် နိုင်ငံတွင်း ရောင်စုံသူပုန်များ ၏ပုန်ကန်မှု နှင့် ရင်ဆိုင်ခဲ့ရသည်ဟု ခံယူလာခဲ့သည်။ စစ်တပ်သည်သာ နိုင်ငံကို မပြိုကွဲအောင် ပြည်သူများ အား ပြည်တွင်းစစ်ရန်မှ အကာအကွယ် ပေးနိုင်မည့် တခုတည်းသော အဖွဲ့အစည်း ဖြစ်သည် ဆိုသော သူ၏ အမြင်ကို စစ်တပ်ထဲတွင် ရိုက်သွင်းပေးလာခဲ့သည်။

 

မြန်မာသည် သဘာဝ သယံဇာတ များ ပေါများကြွယ်ဝသည့် နိုင်ငံ ဖြစ်ရုံမက ထိုအချိန်မှာ ကမ္ဘာပေါ်တွင် ကျန်းမာရေး နှင့် ပညာရေး စနစ်များ တွင် အကောင်းဆုံး ကျင့်သုံးနေသည့် နိုင်ငံ စာရင်းဝင် ဖြစ်နေခဲ့သည်။ ထိုသို့သော နိုင်ငံမျိုးကို နေဝင်းသည် အောက်ဆုံးသို့ ရောက်အောင် ဆွဲချသွားခဲ့သည်။ နောက်ပိုင်း စီးပွားရေး လုပ်ငန်းများကို ပြည်သူပိုင်သိမ်းပြီး ဆိုရှယ်လစ် အစိုးရ ဖွဲ့စည်းကာ အုပ်ချုပ်လာသည်။ သို့သော် သူဖွဲ့စည်း ပေးခဲ့သည့် အစိုးရသည် တိုင်းပြည်၏ ကျယ်ပြန့်လှသော စီးပွားရေး စနစ် တခုလုံးကို စီမံခန့်ခွဲဖို့ အတွေ့အကြုံနှင့် အရည်အချင်းကား မဆိုသလောက်သာ ရှိပေသည်။ ထို့အပြင် အစိုးရ ဘတ်ဂျက် အစိတ်အပိုင်း အတော် များများကို စစ်တပ်အတွက် လျာထားသုံးစွဲခဲ့ပြန်၍ စီးပွားရေး ကဏ္ဍသည် အကြီးအကျယ် ဆုံးရှုံး ပျက်ယွင်းလာ ခဲ့ရပေတော့သည်။

 

ဤသို့ဖြင့် ၁၉၈၇ ဒီဇင်ဘာလ တွင် မြန်မာသည် ကမ္ဘာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ Least Developed Country (LDC) စာရင်းဝင်သွားခဲ့ရပေသည်။ ထိုအဆင့်အတန်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၍ နိုင်ငံတကာ ၏ အကူအညီများ ချေးငွေများ ရယူ ပိုင်ခွင့် ရှိလာခဲ့သည်။ မြန်မာသည် ထိုအချိန်က ကမ္ဘာ အဆင်းရဲဆုံး ဆယ် နိုင်ငံ စာရင်းဝင် လည်း ဖြစ်လာခဲ့သည်။

 

နေဝင်း၏ အုပ်ချုပ်မှု ဒဏ်ကို မချိမဆံ့ ခံစားနေရသည့် မြန်မာတို့ လက်ဝယ်ရှိ နောက်ဆုံး ကောက်ရိုးမျှင် ကလေးသည် ၁၉၈၇ စက်တင်ဘာလ တွင် အပြီးအပိုင် လက်လွှတ်လိုက်ရတော့သည်။ နေဝင်းသည် နိုင်ငံတွင်း လည်ပတ်နေသော ငွေစက္ကူများ၏ ၈၀% ကို တရားမဝင် အဖြစ် တဖက်သတ် ကြေညာလိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုငွေစက္ကူများ အစား ၄၅ ကျပ်တန်၊ ၉၀ ကျပ်တန်များ ဖြင့် အစားထိုး ရိုက်နှိပ်လာသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ထိုဂဏန်းများ၏ ပေါင်းရကိန်းသည် နေဝင်း၏ အကြိုက်ဆုံး ဂဏန်း ဖြစ်သော ၉ ဂဏန်း ဖြစ်နေ သည်။ နေဝင်းသည် ကိန်းဂဏန်းများဖြင့် အတိတ်နမိတ်ကောက်ရသည့် Numerology ကို ယုံကြည်သူ တဦး လည်း ဖြစ်သည်။

 

နေဝင်းသည် ထိုသို့ ငွေစက္ကူများကို ကြေညာရခြင်းသည် မှောင်ခို အရောင်းအဝယ်လုပ်နေသူများ မွဲပြာ ကျသွား အောင် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ လုပ်ရပ်ကြောင့် တရားဝင် ရပ်တည်နေသော စီးပွားရေး လုပ်ငန်းများ ပျက်စီးသွားခဲ့ရသည်။

 

ထို့နောက်ပိုင်းတွင်တော့ ရန်ကုန်ရှိ တက္ကသိုလ် ကျောင်းသားများ က ၎င်းတို့ ပေးသည့် တန်ဖိုးမရှိ အသစ်ကျပ် ချွတ် ပိုက်ဆံများကို ယူရန် ငြင်းပယ်သည့် ဘတ်စ်ကား နှင့် တက္ကစီ ယာဉ်မောင်းများကို ရန်ပြုလာကြသည်။ အစိုးရ အရာရှိကြီးများလည်း စက်ကွင်းမလွတ်၊ ဝန်ကြီးတဦး၏ အိမ်ကို ဒေါသထွက်နေသော လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြသည်။ မရှိမဖြစ် လိုအပ်နေသော လူသုံးကုန်ပစ္စည်းများ ပြတ်လတ်လာပြီး ဈေးနှုန်းများကလည်း တဟုန်ထိုး မြင့်တက်လာခဲ့ကာ ပြည်သူတို့၏ နေ့စဉ် ဘဝ အကြီးအကျယ် ထိခိုက်လာနေသည်နှင့် အမျှ ကျောင်းသားများ၏ ဆန္ဒပြမှုများလည်း ကြီးထွားလာခဲ့သည်။

 

နောက်ဆုံးတွင် ထောင်နှင့် သောင်းနှင့် ချီသော လူထုကြီး သည် လမ်းမများပေါ် ထွက်လာကုန်ကြသည်။ ၁၉၈၈ ဇူလိုင်လ တွင် မြန်မာသည် မတည်ငြိမ်မှုများ နှင့် ဝရုန်းသုံးကား ဖြစ်လာခဲ့သည်။ စစ်တပ်သည်လည်း သေနတ် ပြောင်းကို ပြည်သူများဖက် လှည့်ချိန်လာပြီး ပစ်ခတ်ခဲ့ကြသဖြင့် ထောင်ပေါင်းများစွာ သေကြေ ဒဏ်ရာရရှိ ခဲ့ကြသည်။

 

၂၆ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့သည့် နေဝင်းသည် ၁၉၈၈ ဇူလိုင် ၂၃ ရက်နေ့တွင် ရာထူးမှ ဆင်းပေးမည် ဟု ကြေညာပြီး ပါတီစုံ စနစ် ပြဋ္ဌာန်းရန် လူထု ဆန္ဒခံယူပွဲ ပြုလုပ်ပေးမည်ဟု အဆိုပြုလာခဲ့သည်။

 

ထိုအချိန်တွင် ဆန္ဒပြမှုများသည် စီးပွား‌ရေး နှင့် ပတ်သက်၍ နစ်နာနေရမှုများဖက် အလျှင်အမြန်  ဦးလှည့်လာ ခဲ့ပြီး ဒီမိုကရေစီ စနစ်ကို ထောက်ခံလာကြသည်။ ထိုအရွေ့ကြီးသည် လွန်စွာ အရေးပါပြီး နောင်လာမည့် ဆယ်စု နှစ်များ အတွင်း ပြည်တွင်း နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုများ နှင့် ကမ္ဘာ၏ တုန့်ပြန်လာမှုများ ဖြစ်ပေါ်လာအောင် ဦးတည် ပေးလာခဲ့သည်။

 

နေဝင်း၏ ကြေညာချက်သည် ဆန္ဒပြမှုများ လျော့ပါးသွားအောင် မည်သို့မျှ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ဩဂုတ်လ ၈ ရက် နေ့တွင် လူထု ဆန္ဒပြပွဲများ နိုင်ငံအနှံ့ ဖြစ်ပွားလာပြီး နောင်တွင် ၈-၈-၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး အဖြစ် သမိုင်းတွင်လာခဲ့သည်။ ရှစ် သည် မင်္ဂလာရှိသော အတိတ်နမိတ်ကောင်းသော ဂဏန်းလည်း ဖြစ်၍ ထိုနေ့ကို ရွေးချယ်ခဲ့ခြင်းသည် မြန်မာလူမျိုး တို့ အကြားတွင် လွန်စွာမှ အဓိပ္ပါယ် ပြည့်ဝ လေးနက်သည့် အသွင်ကို ဆောင်နေသည်။

 

ထို့အတွက် သိန်းချီသော လူထုကြီးသည် လမ်းများပေါ်တွင် များပြားလာခဲ့ပြီး ဒီမိုကရေစီ ရရှိရေးကို ဟစ်ကြွေး တောင်းဆိုလာကြသည်။ အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နှင်းကာ တုန့်ပြန်ခဲ့ကြသဖြင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။ ဤသည်က မြန်မာတို့၏ ဒီမိုကရေစီ အရေး လှုပ်ရှားမှု ကြီး အား မီးတောက်မီးလျှံကြီး အဖြစ် ပြောင်းလဲသွားစေမည့် မီးပွားတခု အဖြစ် ထွက်ပေါ်လာခဲ့တော့သည်။