စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (23)

by Hla Soewai - Jun 21 2022

ရွေးကောက်ပွဲ မကောင်းဆိုးဝါးများ တောထုတ်ခန်း (၃)

 

SLORC သည် တံဆိပ် အသစ် ကပ်ရန် လိုအပ်လာပြီ ဟု ယူဆလာပြီး နိုင်ငံအမည်၊ မြို့ရွာ နှင့် မြစ်များ အမည်ကို ပြောင်းလာခဲ့သည်။ ဗြိတိသျှ တို့ နှင့် ဆက်နွယ်နေသော အမည် အားလုံးနီးပါးကို အမည် သစ်များ ပေးလာသည်။ 

 

၁၉၈၉ တွင် Burma သည် Myanmar ဖြစ်သွားသည်။ နိုင်ငံ အများစု နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ က အမည်ပြောင်းခြင်းကို အသိအမှတ် ပြုခဲ့ကြသည်။ သို့သော်လည်း NLD ၊လူမျိုးစု အခြေပြု ပါတီ များ၊ အမေရိကန်၊ ဗြိတိန် တို့က အမည်ဟောင်းကိုပင် ဆက်လက် သုံးစွဲခဲ့ကြသည်။ ဤသည်ကလည်း SLORC နှင့် ၎င်းတို့ ပြောင်းလာသည့် အမည်ကို တရားမဝင်ဟု ရှုမြင်ထားသောကြောင့်ဖြစ်သည်။

 

အမည်ပြောင်းပြီးနောက်တွင် စစ်အစိုးရသည် NLD အဖွဲ့ဝင် ထောင်ပေါင်းများစွာ အပါအဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၆,၀၀၀ ခန့်အား ဖမ်းဆီးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကျယ်ချုပ် ချထားခဲ့သည်။ 

 

NLD အဖွဲ့ဝင်များသည် တနိုင်ငံလုံး အနှံ့ သွားရောက်ပြီး လူထုနှင့် တွေ့ဆုံကာ ဒီမိုကရေစီ၊ လွတ်လပ် ခွင့်များ အကြောင်း ဟောပြောလာကြသည်ကိုပင် ၎င်းတို့အတွက် အကြီးမားဆုံး အန္တရာယ်ကြီးအဖြစ် ယူဆလာပြီး ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

 

အဓိက ကျသော နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များကို ဖမ်းဆီးပြီး နောက်တွင် SLORC သည် ၁၉၈၉ မေလတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကြေညာလိုက်သည်။ စောမောင် မှ စစ်တပ်သည် ထွက် ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာပြီး ရွေးချယ် တင်မြှောက်ခံရသည့် အစိုးရအား အာဏာလွှဲပေးပါမည်ဟု ပြောလာခဲ့သည်။

 

၎င်းတို့ လူများ နှင့် အသစ် ဖွဲ့စည်းလာသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ National Unity Party. (NUP) အနိုင်ရရှိလိမ့်မည်ဟု ကြိမ်းသေပေါက် ယူဆထားခဲ့၍လည်း ဖြစ်သည်။ NUP မှ လွဲ၍ အခြားပါတီများ ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကို အတင်းအကျပ် ကန့်သတ်မှုများ ပြုလုပ် လာပြီး NLD အားလည်း နိုင်ငံရေး အရ အဆက်မပြတ် အပုပ်ချ တိုက်ခိုက်လာကြသည်။ ထိုသို့သော အနေအထားများ အကြားမှ NLD သည် NUP အပါအဝင် နိုင်ငံရေး ပါတီ ၉၃ ပါတီစလုံး ကို အနိုင်ရရှိ သွားခဲ့သည်။

 

ထွက်ပေါ်လာသော ရလဒ်ကို ကြည့်၍ SLORC သည် လုံးဝ တုန်လှုပ်ချောက်ချား သွားခဲ့သည်။ လပေါင်း အတန်ကြာ ရေငုံနှုတ်ပိတ်နေခဲ့ပြီးနောက် ရွေးကောက်ပွဲ ကျင်းပရန်သာ ဖွဲ့စည်းလုပ်ဆောင် ခဲ့သော်လည်း လွှတ်တော် ကျင်းပ‌ရမည့် နေ့ကို အတိအကျ ဖေါ်ပြထားခြင်း မရှိခဲ့ဟု အကြောင်းပြကာ နောက်ဆုံးတွင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုနိုင်သေးကြောင်း ‌ထုတ်ဖေါ်ပြောဆို လာခဲ့ တော့သည်။

 

ရွေးချယ် တင်မြှောက်ခံ ကိုယ်စားလှယ် တော်ကြီးများ၏ တာဝန်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အတွက် မူကြမ်း ရေးဆွဲရန် ဖြစ်သည်ဟု အမိန့် အမှတ် ၁/၉၀ ကို ထုတ်ပြန်ခဲ့သည်။ မာရှယ်လော အခွင့်အာဏာဖြင့် အုပ်ချုပ်နေသည့် စစ်တပ်သည် မည်သည့် ဖွဲ့စည်းပုံ အောက်တွင်မှ ရှိမနေဟု ဆိုသည်။

 

နောက်ပိုင်းတွင် SLORC သည် "စည်းကမ်းတကျ ဒီမိုကရေစီ ဖွံ့ဖြိုးရေး" ဆိုသည့် ကြွေးကြော်သံဖြင့် အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံ ဆိုကာ နောက်တမျိုး ကြံစည်လာကြပြန်သည်။ 

 

အမေရိကန်သည် စီးပွားရေး နှင့် စစ်ရေး အကူအညီများအား ဖြတ်တောက်ခဲ့ပြီး သံတမန် ဆက်ဆံရေး ကိုလည်း သံအမတ်ကြီး အဆင့်မှ သံရုံး ယာယီတာဝန်ခံ အဆင့်သို့ လျော့ချပြစ်လိုက်သည်။ နောက်ပိုင်း အမေရိကန် အစိုးရမှ ပြဌာန်းလာသော ဥပဒေ၊ သမ္မတ အမိန့်များ၊ မိန့်ခွန်းများ၊ သတင်းစာ ရှင်းလင်းပွဲ များနှင့် စီးပွားရေး ဒဏ်ခတ် အရေးယူမှု များတွင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစား လိုက်နာ ရန်နှင့် အနိုင်ရသူကို လွှတ်တော် ခေါ်ယူခွင့် ပြုရန် တသမတ်တည်း တောင်းဆိုလာခဲ့သည်။

 

၁၉၉၀ နောက်ပိုင်းတွင် စစ်တပ်သည် ပို၍ အားကောင်းလာပြီး ကြွယ်ဝချမ်းသာလာကြသည်နှင့် အမျှ မြန်မာပြည်သူတို့၏ နေ့စဉ်လူမှု ရှုထောင့်တိုင်း လိုလိုတွင် အခိုင်အမာ ပါဝင် စွက်ဖက်လာကြပေ တော့သည်။ ဤသို့ဖြင့် မြန်မာလူ့ဘောင် အဖွဲ့အစည်း၏ နိုင်ငံရေး နှင့် စီးပွားရေး အခြေခံအဆောက် အအုံများတွင် ခွဲခြား ဖယ်ထုတ်၍ မဖြစ်နိုင်သည့် အတိုင်းအတာအထိ ယှက်နွယ် လာခဲ့ပေသည်။

 

၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုဟု ကြေညာပြီးနောက်တွင် စစ်တပ်သည် တိုင်းပြည်၏ လည်မျိုကို ညှစ်ထားသည့် လက်များအား မည်သည့် အချိန်တွင်မှ ဖြေလျော့ပေးလာမည်ကို ခန့်မှန်းဖို့ မဖြစ်နိုင်တော့ပေ။

 

SLORC ‌အစား အမည်သစ်ဖြင့် ပြန်လည် ဖွဲ့စည်းလာသော နိုင်ငံတော် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ State Peace and Development Council (SPDC) မှ ကျင်းပပေးမည် ဆိုသော ၂၀၁၀ ရွေးကောက်ပွဲအား အချို့သော နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက အခွင့်အရေး တရပ်အဖြစ် ရှုမြင်လာကြသည်။

 

စစ်အစိုးရကလည်း ထိုရွေးကောက်ပွဲအား မြန်မာကို ဒီမိုကရေစီ လမ်းကြောင်းပေါ် အမှန်တကယ် တင်ပေးတော့မည့် တရားဝင် လုပ်ငန်းစဉ် တရပ်အဖြစ် ကမ္ဘာက ရှုမြင်လာစေချင်နေသည်။ ၂၀၁၀ မတ်လတွင် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ဖျက်သိမ်းပစ်ခဲ့သည်။ ထိုဥပဒေဖြင့် လက်ရှိတွင် ပြစ်ဒဏ်ကျခံနေရသော မည်သည့် နိုင်ငံရေးပါတီ၏ အဖွဲ့ဝင်မဆို ဝင်ရောက် အရွေးခံခွင့်ကို ပါ တားမြစ်ခဲ့သည်။ နိုင်ငံရေး ပါတီများ အနေဖြင့် အကျဉ်းကျ နေသည့် အဖွဲ့ဝင်များကို ထုတ်ပယ်ခြင်း မပြုက ဝင်ရောက် အရွေးခံခွင့်ကို ပိတ်ပင် မည်ဟု ဆိုလာ သည်။

 

ထို့အတွက် NLD သည် ဒေါ်အောင်ဆန်းစုကြည် နှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အကျဉ်း ထောင်ထဲတွင် ရှိနေသည့် ဒါဇင်ပေါင်းများစွာကို ထုတ်ပယ်ခြင်း မပြုလျှင် နိုင်ငံရေး ပါတီအဖြစ်ရပ် တည်နိုင်ခွင့် မရှိတော့ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ထိုမျှမကသေး နိုင်ငံရေး ပါတီများအား ရွေး ကောက်ပွဲ ကို သပိတ်မှောက်ခွင့် မရှိ၊ ထိုသို့ မှောက်လာခဲ့သည် ရှိသော် ပါတီ အဖြစ်မှ ဖျက်သိမ်းပြစ် မည်ဟု ဥပဒေတွင် ပါရှိလာခဲ့သည်။

 

အဆိုပါ ရွေးကောက်ပွဲ ဥပဒေသည် EAO များနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ အတွက်ပါ ပြဿနာ ရှိလာခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေ အပိုဒ် (၁၂) တွင် "ပါတီ တခုသည် ပြည်ထောင်စုအား လက်နက် ကိုင် ဆန့်ကျင်နေသည့် သောင်းကျန်းသူ အုပ်စုတစု၊ အကြမ်းဖက်မှုများ ကျူးလွန်နေသည်ဟု နိုင်ငံ တော်မှ သတ်မှတ်ခံထားရသည့် အဖွဲ့အစည်း တခုခု၊ လူပုဂ္ဂိုလ် တဦးဦး အား သွယ်ဝိုက်၍သော်၎င်း၊ တိုက်ရိုက်သော်၎င်း ဆက်သွယ်ခြင်း၊ အားပေးခြင်းများ လုပ်ခဲ့မည် ဆိုလျှင် ထိုပါတီအား မတရား အသင်း အဖြစ် ကြေညာကာ" ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မရှိစေရ ဟု ပြဋ္ဌာန်းထားသည်။

 

အချို့သော လက်နက်ကိုင် အုပ်စုများက SPDC နှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်လာကြသော်လည်း နယ်ခြားစောင့် တပ်များ အဖြစ် ပူးပေါင်းလာမည် လား ဆိုသည်က သဲသဲကွဲကွဲ ထွက်ပေါ်မလာခဲ့ပေ။ ထိုမျှမကသေး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရှိထားပြီး ဆိုသည်ကပင် မရေမရာ ဖြစ်နေ၍ ထိုအုပ်စုများသည် လက်နက်ကိုင် ပုန်ကန်နေကြသူများ အဖြစ် ယူဆ၍ ရနေသည်။ ထို့အပြင် "သွယ် ဝိုက်၍သော်၎င်း၊ တိုက်ရိုက် သော်၎င်း" ဆိုသည်ကလည်း ဘာကို ရည်ညွန်းမှန်း မသိ ဖြစ်နေသည်။ ထိုကဲ့သို့ သော စည်းကမ်းသတ်မှတ်ချက်များ အရဆိုလျှင် ကချင်တိုင်းရင်းသား ပါတီ အတော်များ များအား ပါဝင်ခွင့် ပိတ်ပင်ထားသလို ဖြစ်လာနေသည်။