စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (25)

by Hla Soewai - Jun 23 2022

ရွေးကောက်ပွဲ မကောင်းဆိုးဝါးများ တောထုတ်ခန်း (၄)

 

လမ်းပြမြေပုံ နောက် တကောက်ကောက်

*********************************

 

အမေရိကန်သည် လာလတံ့သော ရွေးကောက်ပွဲအပေါ် မူဝါဒပိုင်းအရ မည်သို့ ချဥ်းကပ်ရမည်ကို သုံးသပ်နေစဉ် အတွင်း SPDC ကတော့ ရှေ့သို့ ချီတက်နေပြီ ဖြစ်သည်။

 

အဖွဲ့ဝင်ပေါင်း သန်းချီရှိနေပြီး နိုင်ငံအနှံ ဖွဲ့စည်းထားကာ ဘဏ္ဍာအရင်းအမြစ်လည်း တောင့်တင်း ခိုင်မာနေသော ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း အား ရွေးကောက်ပွဲ တွင် ပါဝင်နိုင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေး ပါတီ Union of Solidarity and Development Party (USDP) အဖြစ် အသွင်ပြောင်းလာသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့မှ လွဲ၍ SPDC ရှိ စစ် ခေါင်းဆောင် အားလုံး လိုလို USDP သို့ ရွေးကောက်ခံ ကိုယ်စားလှယ်များ အဖြစ် ကူးပြောင်းလာကြသည်။ လက်ရှိ ဝန်ကြီးချုပ်လည်းဖြစ် အငြိမ်းစား ဒုဗိုလ်ချုပ်လည်း ဖြစ်သည့် သိန်းစိန်သည် ပါတီကို ဦးဆောင်သွားမည် ဖြစ်သည်။

 

ဧပြီလကုန်ပိုင်းတွင် အစိုးရ အဖွဲ့ဝင် ဝန်ကြီး အားလုံး ရာထူးမှ နှုတ်ထွက်သွားကြပြီး နောက် ဧပြီ ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်မှာ USDP ကို နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခဲ့ကြသည်။ ထို့ကြောင့် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ထားပြီး ဖြစ်သည့် ပါတီပေါင်း ၂၉ ပါတီ တွင်‌ နောက်ထပ် တစ်ပါတီ ထပ်တိုး၍လာခဲ့ပြီ ဖြစ်သည်။

 

ထိုအချိန်က မိမိ အပါအဝင် အတော်များများသည် သိန်းစိန်အား ခန့်အပ်ခဲ့မှု အပေါ် အံ့အားတသင့် ဖြစ်ခဲ့ကြသည်။ ၎င်းထက်စာလျှင် လူပိုကြိုက်ပြီး ဩဇာတိက္ကမ ရှိသည့် ရွှေမန်းကို တာဝန် ပေးလိမ့် မည်ဟု တွက်ဆထားခဲ့၍ ဖြစ်သည်။ ရွှေမန်းသည် ရည်မှန်းချက် ကြီးသူ ဖြစ်မှန်း အားလုံးက သိထား ကြပြီး အမိန့်ကိုလည်း အမြဲလို နာခံလေ့ရှိသူ မဟုတ်ပေ။ သန်းရွှေသည် ဤသည်ကို စိုးရိမ်မကင်း ဖြစ်လာဟန် ရှိသည်။

 

သိန်းစိန်သည် သဘောထား ပျော့ပြောင်းပြီး လူအေးတယောက် ဖြစ်သည့်အပြင် အခြားသူများနှင့် ယှဉ်လျှင် လာဘ် စားမှု တွင် နာမည်ပျက် သိပ်မရှိလှ။ သန်းရွှေ၏ အမိန့်ကိုလည်း မမှိတ်မသုံ လိုက်နာတတ်သူဖြစ်သည်။

 

ဝန်ကြီးချုပ် အဖြစ် အာဆီယံ အစည်းအဝေးများ အပြင် အခြား သံတမန် ဆိုင်ရာ ပွဲများသို့ တက် ရောက်ခဲ့ဖူးသူ ဖြစ်ကာ နာဂစ် ပြန်လည် ထူထောင်ရေး တွင် အပြုသဘော ဆောင်သည့် အသိအမှတ် ပြုခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။ 

 

SPDC ထဲတွင် ပို၍ နူးညံ့ သိမ်မွေ့သူ တဦး ဖြစ်၍ နှစ်လိုဖွယ် မျက်နှာပေးလည်း ရှိသည်။ ထို့အတွက် သိန်းစိန်သည် သွားနေသည့် လှေ ကို မှောက်အောင်လုပ်မည်သူ မဟုတ်ဟု အားလုံးက တွက်ဆခဲ့ ကြသည်။

 

နောက်ဆုံးတွင် အမေရိကန်သည် ရွေးကောက်ပွဲကို ထောက်ခံမှု မပေးဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ များကိုတော့ မျက်နှာလွှဲခဲပစ် လုပ်ခဲ့ခြင်းမျိုး မရှိဘဲ စောင့်ကြည့်နေခဲ့သည်။ 

 

ရွေးကောက်ပွဲ ကြီးကျယ် ခမ်းနားစွာ စီမံ ကျင်းပခဲ့ကာ မည်သည့် ရလဒ်မျိုး ထွက်ပေါ်လာမည် ဆိုသည်ကို အားလုံးက တွက်ဆထားပြီး ဖြစ်သော်လည်း ဝါရှင်တန်သည် ရွေးကောက်ပွဲ ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။

 

ရွေးကောက်ပွဲ နေ့တွင် ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့သည် ဆို‌သော သတင်းကောင်း တရပ် ထွက်ပေါ်လာ ခဲ့သည်။ ပြည်နယ် အဆင့်တွင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီပါတီ SNDP သည် ၂၈%၊ ၊ ရခိုင်အမျိုး သား ပါတီ RNP သည် ၅၁% နှင့် မွန် ဒေသဆိုင်ရာ ဒီမိုကရေစီ ပါတီ သည် ၃၀% အသာစီး ဖြင့် USDP ကို အနိုင်ရရှိသွားခဲ့သည်။ ခင်မောင်ဆွေ၏ NDF သည် ပြည်ထောင်စု နှင့် အမျိုးသား လွှတ်တော် နှစ်ခု လုံး အတွက် စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိ သွားခဲ့သည်။ အမျိုးသမီး ၄၃ ဦး လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်လာကြသည်။

 

အံဩစရာ မကောင်းလှသည့် သတင်းဆိုးကတော့ USDP သည် လွှတ်တော် နေရာ စုစုပေါင်း၏ ၇၇ % ဖြင့် အနိုင်ရရှိသွားခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းတို့အပြင် ဖွဲ့စည်းပုံအရ သတ်မှတ်ပေးထားသည့် လွှတ်တော်နေရာ စုစုပေါင်း၏ ၂၅% သည်လည်း စစ်ဖက် အရာရှိများ ရောက်ရှိလာတော့မည် ဖြစ်၍ လွှတ်တော် တွင် ဆူပါ အများစု ဖြစ်လာကြသည်။ ထို့ကြောင့် ဖွဲ့စည်းပုံကို ဒီမိုကရေစီ ကျကျ ပြင်ဆင်နိုင်ရန် ကြိုးပမ်းမှုများကို ပိတ်ဆို့ ဟန့်တား နိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။

 

ရွေးကောက်ပွဲသည် "လွတ်လပ်မှုလည်း မရှိ၊ တရားမျှတမှု မရှိ" သည့် အပြင် နိုင်ငံတကာ စံချိန်စံ နှုန်းများနှင့်လည်း မနီးစပ်ကြောင်း သမ္မတ အိုဘာမားက ထုတ်ပြောလာခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်မှ "လွန်စွာမှ စိတ်ပျက်မိသည်" ဟု ဆိုသည်။ အပြစ်အနာအဆာ များစွာ ရှိနေသော ရွေးကောက်ပွဲ ဖြစ်သဖြင့် မြန်မာသည် "အခွင့်အရေးနှင့် လွဲချော်သွားခဲ့ရပြီ" ဟုလည်း မှတ်ချက်ချ ခဲ့သည်။

 

နိုင်ငံတကာ အသိုက်အဝန်းကလည်း ရွေးကောက်ပွဲသည် လိမ်လည် လှည့်ဖျားမှု သာ ဖြစ်ပြီး လွှတ်တော်သည်လည်း ‌ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စိတ်တော်သိ ဗောင်းတော်ညိတ် သာသာ ဟု ပြောဆိုလာကြသည်။

 

၂၀၁၁ မတ်လတွင် အစိုးရ အဖွဲ့သစ်တို့ ရုံးထိုင်လာကြလေသည်။ တိုင်းပြည်၏ ထိပ်ပိုင်း ခေါင်းဆောင် များနှင့် ဝန်ကြီးများအား ရွေးချယ်တင်မြှောက်ခံ အမတ်များ နှင့် စစ်ဖက် ကိုယ်စားလှယ်များက ရွေး ချယ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ သိန်းစိန်သည် သမ္မတ ဖြစ်လာပြီး၊ ဒုတိယ သမ္မတများအဖြစ် ယခင် SPDC အဖွဲ့ဝင်ဟောင်းလည်း ဖြစ်၊ ဒီမိုကရေစီ ဆန့်ကျင်ရေးတွင် သဘောထား တင်းမာသူ တင်အောင် မြင့်ဦး နှင့် ရှမ်း အမျိုးသား နိုင်ငံရေး သမား စိုင်းမောက်ခမ်း တို့ ကို ရွေးချယ်ခဲ့ကြသည်။

 

ရွှေမန်းသည် အောက်လွှတ်တော် ဖြစ်သည့် ပြည်ထောင်စု လွှတ်တော် ဥက္ကဌ နှင့် တင်အေးသည် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဖြစ်လာသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် စစ်ရာထူး များကို ဆက်လက် ရယူထားသော်လည်း ၎င်းတို့၏ အဆင့် ခုနှစ်ဆင့်ရှိ လမ်းပြမြေပုံကြီး ဖြင့် စည်းကမ်းတကျ ဒီမိုကရေစီ ဆိုသည်အား အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ခဲ့‌ လေပြီဆိုကာ နေပြည်တော်ရှိ ကြီးကျယ် ခမ်းနားလှသော အိမ်တော်များတွင် တိတ်တိတ် ဆိတ်ဆိတ် ပင် အနားယူသွားခဲ့ကြပြီ ဖြစ်သည်။