စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (28)

by Hla Soewai - Jun 28 2022

ရွေးကောက်ပွဲ မကောင်းဆိုးဝါးများ တောထုတ်ခန်း (၇)

 

ရွေးကော်၏ လုပ်ရပ်အား အမေရိကန်က ပြင်းပြင်းထန်ထန် ဆူပူ ရှုတ်ချခဲ့သည်။ “ကိုယ်စားလှယ် လောင်း ၁၀၀ နီးပါး ကို ပွင့်လင်းမြင်သာမှု မရှိဘဲ ခွဲခြား ဆက်ဆံရန် ချမှတ်ထားသည့် လုပ်ငန်းစဉ်ကို အသုံးချကာ ပယ်ချခဲ့ခြင်း ဖြစ်၍ ရွေးကောက်ပွဲအား မြန်မာ လူထု နှင့် နိုင်ငံတကာ အသိုက်အဝန်း၏ ယုံကြည်မှုကို ပျက်ပြားစေသည်” ဟု ထုတ်ဖေါ်ပြောဆိုလာသည်။

 

ထိုသို့ နိုင်ငံတကာ ဖိအားများ ကြောင့် ရွေးကော်သည် မူဆလင် ကိုယ်စားလှယ်အနည်းငယ်ကို ရွေး ကောက်ပွဲ ဝင်ရန် ပြန်လည် ခွင့်ပြုပေးခဲ့သည်။ နောက်ထပ် ထိုသို့သော ဗရုတ်ဗရက် လုပ်ရပ်များ ထပ်မံ ကျူးလွန်လာမည်ကို စိုးရိမ်လာသဖြင့် ရန်ကုန်ရှိ ဩစတေးလျှ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေး၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန် နှင့် အမေရိကန် သံရုံးများက ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ပြီး “မိမိတို့သည် ယုံကြည်စိတ်ချနိုင်ပြီး၊ ထင်သာမြင်သာ ရှိသော အားလုံး ပါဝင်နိုင်မည့် ရွေးကောက်ပွဲမျိုး ဖြစ်ရန် ကြိုးပမ်းမှုများကိုသာ ထောက်ခံသည်” ဟု သတိပေးလာခဲ့သည်။ ဆက်လက်ပြီး ရွေးကောက်ပွဲ မဲဆွယ် ကာလ အတွင်း လူအချင်းချင်း စိတ်ဝမ်းကွဲစေရန် နှင့် ပဋိပက္ခများ ဖြစ်ပေါ်ရန် ဘာသာရေး အား အသုံးချလာမည်ကို စိုးရိမ်ကြောင်းလည်း ပါရှိလာခဲ့သည်။

 

ယခင်က လုပ်ခဲ့ဖူးသော လက်စလက်နများကို ကြည့်ပြီး မူဝါဒ ရေးဆွဲသူများ နှင့် NLD တို့ သောက ပွားစရာ ဖြစ်လာခဲ့ရသည့် အကြောင်းတခု ပေါ်ပေါက်လာခဲ့ရသည်။ ၂၀၁၅ ဩဂုတ်လတွင် သိန်းစိန် သည် စစ်တပ် နှင့် ၎င်းအား သစ္စာ ရှိသူများ ဖြင့်ပေါင်းကာ ယခင် SPDC အဖွဲ့ဝင်ဟောင်းနှင့် အောက်လွှတ်တော် ဥက္ကဌ ဖြစ်သူ ရွှေမန်း၊ သူ၏ မဟာမိတ် ဖြစ်သူ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သူ မောင်မောင်သိန်း တို့အား ပါတီ ရာထူးများမှ ဖယ်ရှားခဲ့သည်။

 

လုံခြုံရေး တပ်ဖွဲ့များသည် USDP ဌာနချုပ်အား ဝိုင်းလိုက်ကြပြီး အထဲတွင် ရှိနေသူ အချို့အား အပြင် သို့ ထွက်ခွင့်မပေးဘဲ ဟန့်တားခဲ့ကြသည်။ ရွှေမန်း နေထိုင်ရာ အိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာ ခဲ့သည်။

 

ထိုလုပ်ရပ်များကြောင့် ယခင် SLORC နှင့် SPDC စစ်အစိုးရများ သည် ၎င်းတို့၏ “လုပ်ဖေါ်ကိုင်ဖက်” များအား အကျင့်ပျက် ခြစားသည် ဆိုသော စွပ်စွဲချက်များ နှင့် ဖယ်ရှားပြစ်ခဲ့ဖူးသည် ကို အမှတ်ရလာ စေခဲ့သည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နှင့် ပြန်ကြားရေး ဝန်ကြီး ဖြစ်သူ ဦးရဲထွတ်မှ ရွှေမန်း ကို သိန်းစိန်မှ ဖယ်ရှားခဲ့ခြင်းသည် လွှတ်တော် အတွင်း အငြင်းပွားဖယ်ရာ ဥပဒေ များကို ထောက်ခံခဲ့ပြီး ပြိုင်ဖက် ပါတီ ခေါင်းဆောင်များ နှင့် ဆက်သွယ်မှုများ ရှိခဲ့၍ ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ (ရွှေမန်းသည် လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့သည်)။

 

ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်သို့ သွားရန်ရှိသော ခရီးစဉ်ကို ဖျက်သိမ်းပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် ရွှေမန်း နှင့် တွေ့ဆုံခဲ့သည်။ သူမသည် USDP မှ ယခုလို ဖယ်ရှားခဲ့သည့် လုပ်နည်း လုပ်ဟန်များ အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

“ညကြီး သန်းကောင် ဖြစ်ပျက်သွားခဲ့သည်များက ဒီမိုကရေစီ ကောင်းစွာ လည်ပတ်နေသည် ဆိုသော အနေအထား တွင် ဖြစ်ပေါ်လာမည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့” ဟု ပြောခဲ့သည်။

 

ရွှေမန်းအား ဖြုတ်ချပြီး နောက်ပိုင်း ရက်များတွင် ရွှေမန်းသည် သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် သူ့အတွက် စိုးရိမ်မကင်း ဖြစ်နေကြသော ပြည်သူများကို ကျေးဇူး တင်ကြောင်း ဓါတ်ပုံ နှင့် စာခပ်တိုတို တပုဒ်ကို ရေးသား ဖေါ်ပြခဲ့သည်။ နောက်ပိုင်းတွင် သူသည် “လက်ရှိ သက်တမ်း ကုန်ဆုံးသည်အထိ တာဝန်များကို အပြည့်အဝ ထမ်းဆောင်သွားမည်” အပြင် USDP ၏ ဆုံးဖြတ်ချက်များကို လိုက်နာ ပါမည်ဟု ပြောဆိုလာခဲ့သည်။

 

ရွှေမန်းအား ယခုလို ပုံစံဖြင့် ဖြုတ်ချခဲ့မှုသည် အမေရိကန် အစိုးရ အဖွဲ့ အတွင်း ဂယက်ရိုက်သွား ခဲ့သည်။ ဝါရှင်တန်တွင် အခြေစိုက်သည့် တွေးခေါ်မျှော်မြင်ရေး အဖွဲ့တခု၏ အခမ်းအနားတွင် အရှေ့ အာရှ နှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒင်နီ ရပ်ဆဲလ် မှ “USDP ၏ ပါတီတွင်း ခေါင်းဆောင်ပိုင်း အငြင်းပွားမှု ဖြစ်ခဲ့ခြင်းသည် လက်ရှိ နိုင်ငံရေး အနေအထားကို ကျောချမ်း ဖွယ် ဖြစ်အောင် ဖန်တီးနိုင်စွမ်း ရှိခဲ့သည်။ အစိုးရနှင့် အာဏာရ ပါတီ တို့ အနေဖြင့် မိမိတို့ ကတိကဝတ် ပြုထားသည့် ဒီမိုကရေစီ လုပ်ငန်းစဉ်များ အပေါ် ပြည်သူ များ ယုံကြည်မှု ရှိလာအောင်သာ ပြုလုပ် သင့်ပြီး ပျက်ပြားသွားအောင် မလုပ်သင့်၊ မည်သို့သော အကြောင်းများ ရှိနေစေကာမူ အစိုးရ နှင့် ပါတီ၏ ယခင် ခေတ်ဟောင်း သည် အမှန်တကယ် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်းနှင့် မိမိတို့သည် မြန်မာပြည်သူများ အပေါ် ဆယ်စုနှစ်ပေါင်း များစွာ ဖိနှိပ်ချုပ်ချယ်လာခဲ့သည့် လက်နက်ကရိယာ များ အဖြစ် နောက်တကြိမ် အရောက်မခံ ကြောင်း သက်သေပြနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ် သွားသင့်သည်” ဟု ပြောကြားသွားခဲ့သည်။

 

NLD အတွင်း တွင်လည်း ပြဿနာ များ ကင်းရှင်းနေခဲ့သည် မဟုတ်ပေ။ အထူးသဖြင့် အားလုံး ပါဝင် နိုင်မှု နှင့် ဒီမိုကရေစီ ပိုင်းတို့တွင် ပြဿနာ ရှိလာခဲ့သည်။ ၈၈ မျိုးဆက်သစ် ကျောင်းသား ဟောင်း အဖွဲ့ ဝင်များ သည် သီးခြား ရပ်တည်နေမည့်အစား NLD အဖွဲ့ဝင် အဖြစ် ရပ်တည်ကာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နိုင်ရန် လိုလားခဲ့ကြသည်။ သို့မှသာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးတွင် အဓိက ပါဝင်ပတ်သက်နေသည့် အင်အားစုများ အားလုံး ပထမဆုံး အကြိမ် အဖြစ် အလံတော်တခု တည်း အောက်တွင် တစည်းတလုံးတည်း ရပ်တည်နိုင်မည်ဟု ယူဆခဲ့ကြသည်။

 

တိုင်းရင်းသား လူနည်းစုများသည် လည်း NLD ၏ တစိတ်တပိုင်း အဖြစ် ပါဝင်နိုင်ရန် နှင့် ဒေါ်အောင် ဆန်းစုကြည် ဖက်ကလည်း သူမ ဖခင် ကြိုးပမ်းခဲ့သည့် လူနည်းစုများ၏ နိုင်ငံရေး တွင် ပါဝင်နိုင်မှု နှင့် အခွင့်အရေး များကို အသိအမှတ်ပြုသည့် အနေဖြင့် ပင်လုံစိတ်ဓါတ်ကို ဖေါ်ဆောင်ရန် မျှော်လင့် ခဲ့ကြသည်။

 

သို့သော် ၎င်းတို့ အားလုံး မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။

 

NLD ၏ ကိုယ်စားလှယ် လောင်း စာရင်းတွင် ပါတီ ပြင်ပမှ တဦးတလေမျှ ပါဝင်လာခဲ့ခြင်း မရှိ သည့်အပြင် ပါတီ၏ ဒေသဆိုင်ရာ ရုံးခွဲများမှ တင်ပြသော ကိုယ်စားလှယ်လောင်းများကို လည်း လစ်လျူရှုခဲ့သည်။ လျှောက်လွှာတင်သွင်းလာသည့် မူဆလင်ကိုယ်စားလှယ် များလည်း မပါဝင်ခဲ့ပေ။

 

နိုင်ငံအတွင်း လူများ လေးစားခံရပြီး NLD အဖွဲ့ဝင် ဖြစ်သည့် ထင်ရှားသော မူဆလင် ရှေ့နေ တဦး ဖြစ်သူ ဦးကိုနီ မှ NLD ခေါင်းဆောင်ပိုင်းသည် ပါတီအား ခြိမ်းချောက်လာနေသည့် သဘောထား တင်းမာသည့် ဗုဒ္ဓဘာသာ ဝင် အမျိုးသားရေး ဝါဒီဆိုသူများ အား ကျေနပ်သွားစေရန် တဒါဇင် ခန့် ရှိသည့် မူဆလင် ကိုယ်စားလှယ်လောင်းများကို စာရင်းမှ ဖယ်ထုတ် ခဲ့သည်ဟု ထုတ်ဖေါ်ပြောဆို လာခဲ့သည်။

 

ထိုသို့ NLD ၏ စက်ပုန်း ခုတ်လာမှုအပေါ် ကန့်ကွက် ပြောဆိုလာကြသည်။ ထင်ရှားသော နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တဦးမှ ၈၈ မျိုးဆက် အဖွဲ့ဝင် အများစု ၏ လျှောက်လွှာ တင်သွင်းမှုကို ဖယ်ထုတ် ခဲ့ခြင်းသည် ပြုပြင်ပြောင်းလဲရေး လိုလားသည့် အုပ်စုကို အကွဲကွဲ အပြားပြား ဖြစ်စေခဲ့သည်ဟု ပြောခဲ့သည်။ “ဤသည်က စော်ကားမှု သာ ဖြစ်ပြီး ထိုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် အတိုက်အခံ အဖွဲ့ကို ကွဲပြားအောင် လုပ်သလို ဖြစ်သွားလိမ့်မည်၊ ထိုကဲ့သို့သော ဆုံးဖြတ်ချက်အား နိုင်ငံအကျိုး ကို ထည့်မတွက်ဘဲ ချမှတ်ခဲ့ခြင်းသည် ရှက်ဖွယ်လိလိသာ ဖြစ်သည်” ဟု ဆိုသည်။

 

ထင်ရှားသော ဒီမိုကရေစီ အရေး လှုပ်ရှား တက်ကြွသူ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ကို တည်ထောင် ရာတွင် ပါဝင်ခဲ့သည့် ကိုကိုကြီးသည် NLD ပါတီသို့ ဝင်ရောက်ခဲ့သော်လည်း ကိုယ်စာလှယ် လောင်း အဖြစ် ရွေးချယ်ခြင်း မခံခဲ့ရပေ။

 

သူ့အတွက် ကိုယ်ပိုင်ပါတီ တခု တည်ထောင်ပြီး မှတ်ပုံတင်ဖို့ အရေးသည် နောက်ကျသွားခဲ့ပြီ ဖြစ် သည်။ ၎င်းမှ “နောက်လာမည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ အင်အားစုများဖက်မှ မဲများ အကွဲကွဲ အပြားပြား ဖြစ်သွားမည်စိုး၍ တသီးပုဂ္ဂလိက ကိုယ်စားလှယ် အဖြစ် ဝင်ရောက် အရွေးမခံတော့” ဟု ပြောလာသည်။ ကိုကိုကြီးသည် ဒေါသထွက်ခဲ့သော်လည်း ထိုသို့ အကွဲကွဲ အပြားပြား ဖြစ်သွားမည် ဆိုလျှင် ဒီမိုကရေစီ လှုပ်ရှားမှုကြီး ဆုံးခန်းတိုင်သည့် အဖြစ် ရောက်သွားမည်ကို သိနေခဲ့သည်။

 

                                        ******************