စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (30)

by Hla Soewai - Jul 02 2022

ရွေးကောက်ပွဲမကောင်းဆိုးဝါးများတောထုတ်ခန်း (၉)

 

ကျမ တို့လည်း NLD ရွေးကောက်ပွဲ ရုံးရှိရာ သို့ ဆက်လက် သွားရောက်ခဲ့ကြပြန်သည်။ ရုံးထဲတွင် တော့ ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။ ရွေး‌ကောက်ပွဲ အောင်နိုင်ရေး အတွက် အချက်အချာကျ သည့် ရုံးလည်း ဖြစ်နေသည်။ ရုံးထဲတွင် အဖွဲ့ဝင်များက ဖုန်းကို နားထောင်ရင်း လက်က စာရွက်ပေါ် တွင် တကုတ်ကုတ် နှင့် ရေးခြစ်နေကြသည်။ ထိုအထဲတွင် ရွေးကော်အား တိုင်တန်းရမည့် အချက် အလက်များ နှင့် ကြိုတင် သိရှိလာရသည့် မဲစာရင်းများလည်း ပါဝင်နေသည်။

 

နံရံများ ပေါ်တွင် ဝှိုက်ဘုတ်များ ချိတ် ဆွဲထားပြီး စာရွက်များလည်း ခရိုင် အလိုက် အမည် ရေးထိုးပြီး ကပ်ထားသည်။ ကိုယ်စားလှယ်များ၏ ကိုယ်ရေး အချက်အလက်များ၊ မြေပုံများမှာ ကြမ်းပြင် ပေါ်တွင် ပြန့်ကျဲနေသည်။ လူအနည်းငယ်သည် ဘယ်အချိန်မှ ပြန်ရမှန်း မသိသော လူများ အတွက် စားဖို့ သောက်ဖို့ကို တာဝန်ယူ ချက်ပြုတ်ပေးနေကြသည်ကိုလည်း တွေ့ရသည်။

 

ကျမတို့လည်း USDP ဌာနချုပ်ဖက်သို့ ထွက်လာခဲ့ကြပြန်သည်။ သူတို့လည်း ရွေးကောက်ပွဲ အား မည်သို့ မည်ပုံ စောင့်ကြည့်နေကြသည်နှင့် မဲရလဒ်များ ပြုစုနေကြပုံများကို သိနိုင်ရန် အတွက် ဖြစ် သည်။ သို့သော် ဂိတ်ဝင်တံခါးကြီးအား သော့ခတ်ထားပြီး ခြံထဲရှိ ကားအဝင်လမ်းများတွင်လည်း ပြန့်ကျဲနေသော ကျွတ်ကျွတ် အိတ်ခွံ အနည်းငယ် ကို ထိုးဆိတ် စားသောက်နေကြသော ကျီးကန်း များမှလွဲ၍ လူသူကင်းမဲ့နေသည်။ လူခေါ်ခေါင်းလောင်းကို နှိပ်သော်လည်း တဦးတယောက်မျှ ထွက်လာ သည်ကို မတွေ့ရ၊ သုဿာန် တစပြင်လို တိတ်ဆိတ် ခြောက်ကပ်နေသည်။ 

 

ပထမတော့ သူတို့ အခြေအနေ ရိပ်စားမိပြီး လက်လျော့ကာ အိမ်ပြန်ကုန်ကြပြီလားဟု ကျမတို့ အရွှန်းဖေါက်ခဲ့ကြသေးသည်။ သို့သော်လည်း တခဏ အတွင်းမှာပင် ကျမတို့ တတွေ၏ စိတ်ထဲတွင် သံသယ များ ကြီးထွားလာခဲ့သည်။ ကျမတို့ မသိသေးသည့် တစုံတရာကိုများ ကြိုသိနေကြ၍လော၊ မဲရုံများ ပိတ်ပြီးချိန်လောက်တွင် စစ်ကားများ ဝင်လာပြီး မြင်မြင်သမျှ လူတိုင်းကို ဖမ်းမည်ကို သိနေ၍ ရှောင်သွားကြတာများလော၊ ကျမတို့လည်း ထိုအတွေးများ ဖြင့် ကားကို ဖြေးညှင်းစွာ မောင်းပြီး ပြန်လာခဲ့ကြသည်။

 

၁၉၉၀ ရွေးကောက်ပွဲ မကောင်းဆိုးဝါးကြီး အား အနားပေးခြင်း

 

ရလဒ် အတော်များများသည် ညဦးပိုင်းလောက်တွင် စတင် ဝင်ရောက်လာကြသည်။ ဝေးလံသော ဒေသများ မှ မဲရလဒ်များကတော့ နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် တဖြေးဖြေး နှင့် ရောက်လာခဲ့သည်။ မဲရုံတရုံဆိုလျှင် ကချင်ပြည်နယ် အတွင်း အတော်ဝေးဝေး အရပ်ရှိ တောင်တန်း ပေါ်တွင် ရှိနေသည်။ မဲပြားများကို အနီး ဆုံး မြို့သို့ ပို့နိုင်ရန် တောတောင် ထူထပ်သည့် တောင်ကုန်း တောင်တန်းများကို ဖြတ်ကျော်၍ ရက်ပေါင်းများစွာ ကြာအောင် ခြေလျှင် ခရီးနှင်ခဲ့ရသည်။

 

၂၀၁၅ နိုဝင်ဘာ ၂၀ တွင် ရွေးကော်မှ မဲရလဒ်များကို တရားဝင် ကြေညာလာခဲ့သည်။ NLD သည် ပြည်ထောင်စု လွှတ်တော် တွင် ကိုယ်စားလှယ်နေရာ စုစုပေါင်း၏ ၈၀%၊ အမျိုးသား လွှတ်တော်တွင် ၈၀%၊ ပြည်နယ် နှင့် တိုင်းဒေသကြီး လွှတ််တော်များ တွင် ၇၅% ဖြင့် သောင်ပြို ကမ်းပြို အနိုင်ရ သွားခဲ့ပြီ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်၏ USDP ပါတီကတော့ မရှု မလှ အရေးနိမ့်သွားခဲ့သည်။ နိုင်ငံတော် အဆင့်တွင် ကိုယ်စားလှယ်နေရာ ၄၀ နှင့် ပြည်နယ် နှင့် တိုင်းဒေသကြီး အဆင့်တွင် ၇၆ နေရာသာ ရရှိသွားခဲ့သည်။

 

ရခိုင် ပြည်နယ် ကို အခြေပြု မဲဆွယ်ခဲ့သည့် ရခိုင် အမျိုးသား ပါတီ Arakan National Party (ANP) နှင့် ရှမ်းပြည်နယ် ရှိ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် Shan National League for Democracy (SNLD) တို့မှ လွဲ၍ ကျန် တိုင်းရင်းသား ပါတီများသည် နေရာအနည်းငယ်သာ အနိုင်ရရှိခဲ့ကြသည်။ ထို လူမျိုးစု ပါတီငယ်များ သည် ၎င်းတို့ ဒေသခံများ၏ မဲများကို သေချာပေါက် ရရှိလိမ့်မည်ဟု ကျမ အပါအဝင် အတော်များများက တွက်ဆခဲ့ကြ၍ ထွက်‌ပေါ်လာသည့် ရလဒ်အပေါ် အံ့အား သင့်ခဲ့ရသည်။ သို့သော် မဲဆန္ဒရှင်များက စစ်တပ် ကို ရင်ဆိုင်နိုင်ရန် အစိုးရအဖွဲ့ အားကောင်းမှ ဖြစ်မည်ကို သိရှိ သဘောပေါက်လာကြပြီး NLD ကို မဲထည့်ခြင်းဖြင့် ဒီမိုက‌ရေစီ ဆက်လက် ဖြစ်ထွန်းရေး အာမခံ နိုင်ပြီး တိုင်းရင်းသား လူမျိုးစု များ ၏ အခွင့်အရေး နှင့် လွတ်လပ်ခွင့်များ အသိအမှတ် ပြုလာနိုင်ရေး အနည်းဆုံး အာမခံချက် ရရှိမည်ဟုလည်း ယုံကြည်ခဲ့ကြ၍ ဖြစ်သည်။

 

အီးယူ နှင့် အမေရိကန် အခြေစိုက် ကာတာ စင်တာ တို့မှ ရွေးကောက်ပွဲ အား ယုံကြည်နိုင်သည်ဟု သတ်မှတ် ပေးခဲ့ကြသည်။ အီးယူ မှ ၎င်းတို့ စေလွှတ်ထားသော လေ့လာစောင့်ကြည့်သူ တရာကျော် ထဲမှ ၉၅% သည် ရွေးကောက်ပွဲ အား “ကောင်းမွန်သည်”၊ “အလွန်ကောင်းမွန်သည်” ဟု သတ်မှတ်‌ ပေးခဲ့ကြသည်။ မဲဆန္ဒရှင် စာရင်း တိကျမှု မရှိသည်မှာလည်း တွေ့ရခဲပြီး စနစ်တကျ အမှားဖန်တီးခြင်း မျိုး မဟုတ်ဟု ဆိုကြသည်။ ကာတာ စင်တာ မှလည်း ရွေးကောက်ပွဲ နေ့တွင် ပြဿနာ အချို့ ရှိခဲ့သည်။ ထိုအထဲတွင် စစ်တပ်၏ တပ်ရင်းတပ်မ ဌာနချုပ်များ ရှိရာ ဝင်းများထဲနှင့် အခြား အစိုးရ ထိန်းချုပ် သော ဒေသ အချို့တွင် ကြိုတင် မဲများ ပွင့်လင်း မြင်သာမှု မရှိကြောင်း ထောက်ပြခဲ့ကြသည်။

 

USDP မှ လွဲ၍ အားလုံးနီးပါးက NLD သာ သောင်ပြို ကမ်းပြို အနိုင်ရလိမ့်မည်ဟု မျှော်လင့်ထားကြပြီး ဖြစ်သည်။ ထိုသို့ တွက်ဆမထားခဲ့သော USDP သည် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ထိုအချိန်က သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ “ကျွန်တော်တို့ တွက်ချက်ခဲ့တာတွေ အကုန် မှားကုန်တယ်၊ အခု ကိစ္စက ဆူနာမီ လှိုင်းလုံးကြီး လိုပဲ၊ ဒါကလည်း နှစ်ပေါင်း ၅၀ အတွက် ပြန်‌ပေးဆပ် ခဲ့ရတာပါ” ဟု ပြောခဲ့သည်။

 

USDP အထက်ပိုင်းမှ ရွေးကောက်ပွဲ အရေးနိမ့်သွားမှု အပေါ် ချက်ချင်းလို အသိအမှတ် ပြု ခဲ့ကြ၍ ၁၉၉၀ လို ဖြစ်လာမည်လားဟူသော စိုးရိမ်စိတ်များ လျော့ပါးသွားခဲ့သည်။ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ရွှေမန်းမှ ပထမဆုံး အရှုံးကို ထုတ်ဖေါ် ဝန်ခံ လာခဲ့သည်။ သူ့နောက်တွင် USDP ဥက္ကဌ ဌေးဦး၊ သမ္မတ ဦးသိန်းစိန် တို့က လည်း အသိအမှတ် ပြုလာပြီး NLD အား ဂုဏ်ပြု စကား ပြောခဲ့ကြသည်။ ထိုအထဲတွင် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်လည်း ပါဝင်ခဲ့သည်။

 

ကမ္ဘာ ခေါင်းဆောင်များ ဖြစ်သော ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၊ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး၊ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒေး၊ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒါ မိုဒီ၊ ဒလိုင်လားမား တို့က ဒေါ်အောင်ဆန်းစုကြည်အား သူမ အနိုင်ရရှိသွားမှု အပေါ် ချီးကျူးစကား ပြောဆိုခဲ့ကြသည်။

 

အမေရိကန် သမ္မတ ဘာရက် အိုဘာမား မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် တို့ကို တယ်လီဖုန်းဖြင့် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဂုဏ်ပြုချီးကျူးစကား ပြောဆိုခဲ့ပြန်သည်။