စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (31)

by Hla Soewai - Jul 04 2022

ရွေးကောက်ပွဲမကောင်းဆိုးဝါးများတောထုတ်ခန်း (၁၀)

***************

 

သမ္မတ အိုဘားမား မှ ဦးသိန်းစိန် နှင့် ပြောဆိုရာတွင် ပြုပြင်ပြောင်းလဲရေး အတွက် ၎င်း၏ ကြိုးပမ်းမှု များအပေါ် ချီးကျူးခဲ့သည့်အပြင် ယုံကြည်ရလာက်သည့် ရွေးကောက်ပွဲမျိုး ဖြစ်အောင် ပြုလုပ်ပေး ခဲ့သူများ၊ ပါဝင်ခဲ့ကြသူများ ဖြစ်‌သော အစိုးရ၊ နိုင်ငံရေး ပါတီများ၊ မြို့ပြ အဖွဲ့အစည်းများ၊ ရွေးကောက် ပွဲကော်မရှင် နှင့် ပြည်သူများကိုလည်း ချီးကျူးပါကြောင်း ထည့်သွင်း ပြောဆိုခဲ့ပြန်သည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောဆိုခဲ့မှုများကို အိမ်ဖြူတော်မှ တရားဝင် သတင်း ထုတ်ပြန်ပေးခဲ့သည်။ “သမ္မတမှ သူမ၏ နှစ်ပေါင်းများစွာ တိုင်အောင် မမောတမ်း မပမ်းတမ်း အနစ်နာခံကာ အားလုံး ပါဝင် နိုင်ပြီး ငြိမ်းချမ်းသော ဒီမိုကရေစီ နိုင်ငံ အဖြစ် ပေါ်ထွန်းလာအောင် ကြိုးပမ်းမှုများအတွက် ချီးကျူးခဲ့ သည်။ ခေါင်းဆောင် နှစ်ဦးသည် တရားဝင် ရလဒ် ကြေညာသောအခါ သက်ဆိုင်သည့် အဖွဲ့အစည်း အားလုံးက လေးစားရေး၏ အရေးပါပုံကို ဆွေးနွေးခဲ့ကြပြီး ညီညွတ်မှု စိတ်ဓါတ်ဖြင့် ပြည်သူ့ဆန္ဒကို ထင်ဟပ် ကိုယ်စားပြုသည့် အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် လုပ်ဆောင်နိုင်ရန် ပြောဆို ခဲ့ကြသည်” ဟု ပါရှိသည်။

 

အိမ်ဖြူတော် သတင်း ပြန်ကြားရေး အတွင်းဝန် ဂျို့ရှ် အန်းနက်စ် မှလည်း “ရွေးကောက်ပွဲ လုပ်ငန်းစဉ် များသည် အားရဖွယ် ကောင်းပြီး သန်းပေါင်းများစွာသော မြန်မာပြည်သူများ အနေဖြင့်လည်း အဓိပ္ပါယ် အပြည့်အဝ ရှိသည့်၊ ယှဉ်ပြိုင် အရွေးခံကြသည့်၊ ရွေးကောက်ပွဲ မျိုး အား ပထမဆုံး အကြိမ် မဲပေးနိုင်ခဲ့မှု အဖြစ် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်” ဟု ပြောဆိုခဲ့သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီသည် သတင်းကြေညာချက် တစောင် ထုတ်ပြန်ပြီး ရွေးကောက်ပွဲ အတွက် ဆောင်ရွက်ခဲ့မှု များ နှင့် ငြိမ်းချမ်းပြီး သမိုင်းတွင်မည့် ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး အတူတကွ လုပ်ဆောင်ခဲ့ကြသည့် လူပုဂ္ဂိုလ် အားလုံး နှင့် အဖွဲ့အစည်း အသီးသီးကို ချီးကျူး ဂုဏ်ပြုခဲ့ပြန်သည်။

 

သို့သော် အမေရိကန်ဖက်မှ ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ ရှိခဲ့ခြင်း၊ မဲပေးပိုင်ခွင့် ပယ်ဖျက် ခံရခြင်း များ နှင့် ရွေးချယ်ခံရခြင်း မရှိသည့် စစ်ဖက် ကိုယ်စားလှယ်များ လွှတ်တော်တွင်း ရောက်ရှိ နေခြင်း အစရှိသည့် စိုးရိမ်မကင်း ဖြစ်စရာ များကို မီးမောင်းထိုး ထောက်ပြခဲ့ပြန်သည်။

 

ယခင် နိုင်ငံခြားရေး ဝန်ကြီး နှင့် လက်ရှိ သမ္မတလောင်း ဖြစ်သူ ဟီလာရီ ကလင်တန်သည် တာဝန်အရ ရော ပုဂ္ဂိုလ် ရေး အရပါ မြန်မာအရေးကို အထူး စိတ်ဝင်စားခဲ့သူ ဖြစ်သည့် အားလျှော်စွာ ရွေးကောက် ပွဲအတွက် ချီးကျူးစကား ပြောဆိုခဲ့ပြီး “မြန်မာပြည်သူတို့သည် ပိုမိုကောင်းမွန်သော အနာဂတ် အတွက် ရှေ့သို့ ဆက်လက် ချီတက်ရန် သံန္နိဋ္ဌာန် ချထားမှုကို နောက်တကြိမ် ထုတ်ဖေါ်ပြသခဲ့ကြပြီ ဖြစ်သည်” ဟု လည်း ဆိုသည်။

 

အားလုံးထဲတွင် ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ယခုမှ သက်ပြင်းချနိုင်ခဲ့သူမှာ ဦးတင်အေးသာ ဖြစ် ကောင်း ဖြစ်ဖွယ်ရှိနေသည်။ သူသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့သည်များကို ကြံ့ကြံ့ခံခဲ့ရသည့် အပြင် ဇနီးဖြစ်သူလည်း ကွယ်လွန်သွားသည့်ကြားမှ သူ၏ အလုပ်ကို အစွမ်းပြ လုပ်ဆောင်သွားနိုင်ခဲ့သူ ဖြစ်လာသည်။

 

ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်အပေါ် နှစ်ထောင်းအားရ ဖြစ်ခဲ့သူ နောက်တဦးက မြန်မာ အရေးကို ကာလကြာမြင့်စွာ စောင့်ကြည့်နေခဲ့သော ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန် လွှတ်တော်အတွင်းမှ အကြီးအကျယ် ထောက်ခံမှု ပေးခဲ့သည့် အထက်လွှတ်တော် အမတ် မစ်ချ် မက်ကွန်းနယ် ပင် ဖြစ်ပေသည်။ သူသည် လုံးလုံးလျားလျား ပျော်ရွှင်ခဲ့ရသည်တော့မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်ခွင့်မရရေး အတွက် ဖွဲ့စည်းပုံ နှင့် ဟန့်တားထားခဲ့မှုများ၊ ၂၀၁၆ မတ်လ တွင် စစ်တပ်မှ အေးအေးချမ်းချမ်း နှင့် အာဏာလွှဲပေးပါ့မလား ဆိုသည်များ အတွက် ကြောင့်ကြ နေခဲ့သည်။ သူ့အတွက်က နိုင်ငံရေး ကြားကာလ မပြီးဆုံးမချင်း၊ အဓိက ကျသည့် မူဝါဒ အပြောင်းအလဲများ ထွက်ပေါ် မလာမချင်း ထိုသို့ ရင်မအေးစရာ ရှိနေဦးမည်သာ ဖြစ်သည်။

 

သူ့အတွက် အကြာကြီး စိုးရိမ်ကြောင့်ကြစရာ ဖြစ်မလာခဲ့တော့ပေ။ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ သည် သိန်းစိန်၊ ရွှေမန်း၊ မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဖက် ခေါင်းဆောင်များ၊ ရာထူးမှ နှုတ်ထွက်ပေးရတော့မည့် USDP ခေါင်းဆောင်များ နှင့် တွေ့ဆုံလာခဲ့သည်။ ထွက်ပေါ်လာသော သတင်းများ အားလုံးက တွေ့ဆုံခဲ့မှုများသည် အဆင်ပြေ ချောမွေ့မှု ရှိခဲ့ကြောင်း ဖေါ်ပြလာကြသည်။

 

USDP နှင့် စစ်ခေါင်းဆောင် တို့က ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုကြောင်း နှင့် အဆင်ပြေ ချောမွေ့စွာ အာဏာလွှဲပြောင်းသွားရေး ကို ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်းများ ထပ်မံပြောဆို လာခဲ့သည်။ 

 

အထူးသဖြင့် မင်းအောင်လှိုင်သည် USDP မှ NLD ထံ အာဏာလွှဲပြောင်း မပေးမီ တလ အလို ခန့်တွင် “မိမိအနေဖြင့် မြန်မာအား အာရပ်နွေဦး တော်လှန်‌ရေး လို မအောင်မြင် သည့် အဖြစ် အရောက် မခံနိုင်ကြောင်း” ပြောဆိုခဲ့ပြီး တပ်မတော် အနေဖြင့် ပြည်သူတို့၏ ဆန္ဒနှင့် သူတို့၏ မဲပြားများကို လေးစား လိုက်နာကာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး ကို သေချာအောင် ဆောင်ရွက်ပေးသွား မည်ဟု ပြောခဲ့သည်။ ထိုစကားများက သူ့အား နောက်ပိုင်း ငါးနှစ် အကြာတွင် ခြောက်လှန့် လာပေ တော့မည်။

 

ဦးသိန်းစိန်သည် ဝန်ကြီးဌာနများ အားလုံးအား “စာအုပ်များ အားလုံး ဖွင့်ထားပြီး” မိမိတို့ လုပ်ဆောင်ခဲ့ သည်များ အားလုံးကို NLD သို့ အပြည့်အဝ တင်ပြရန် အမိန့်ပေးလာခဲ့သည်။ ရာထူး လွှဲပေးရမည့် အစိုးရ နှင့် လက်ခံမည့် အစိုးရ များ မှ တာဝန် လွှဲပြောင်းမှုများ အား ကြီးကြပ်ရန် ကော်မတီများ အသီးသီး ဖွဲ့စည်းလာခဲ့ကြပြီး တရားဝင် အာဏာလွှဲ‌ပြောင်းသည့် ၂၀၁၆ မတ်လ အထိ ပုံမှန် တွေ့ဆုံ ကြရန် သဘောတူခဲ့ကြသည်။

 

ထိုအတောအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖြစ်ခဲ့သည် ဆိုသော သတင်းများ ပျံ့နှံ့ လာခဲ့သည်။ သန်းရွှေ သည် ဒေါ်အောင်ဆန်းစုကြည် အား မြန်မာ၏ “အနာဂတ် ခေါင်း ဆောင်” အဖြစ် ခေါ်ဝေါ်ခဲ့ပြီး သူမအား ထောက်ခံမှု ပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။

 

အမေရိကန် နှင့် NLD တို့ အတွက် အကြောင်းတခုက ရှိ‌နေပြန်သည်။ ဤသည်ကား ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) အရ နိုင်ငံခြားသား ခင်ပွန်း နှင့် သားသမီးများ ရှိနေသည့်အတွက် သမ္မတ ဖြစ်ခွင့် မရှိဟု တား မြစ်ထားခဲ့မှုပင် ဖြစ်သည်။ သူမ၏ သားများသည် ဗြိတိသျှ နိုင်ငံသားများ ဖြစ်နေသည်။ 

 

သို့သော်လည်း မကြာမီမှာပင် ထိုအရေးကို ကျော်လွှားနိုင်ရန် NLD သည် ပါတီ၏ အကြံပေး အကျိုး ဆောင် ရှေ့နေ ဦးကိုနီ၏ လမ်းပြခဲ့မှု နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ရာထူးအား ဖန်တီးပေးမည့် ဥပဒေကို အတည်ပြုနိုင်ခဲ့သည်။ ထိုဥပဒေ အရ နိုင်ငံတော် အတိုင်ပင်ခံသည် အစိုးရဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အစည်းအရုံးများ နှင့် လူပုဂ္ဂိုလ် တဦးချင်းစီကို ဆက်သွယ် ဆောင် ရွက်နိုင်ခွင့် ရှိသည်။ လွှတ်တော်ကိုလည်း တာဝန်ခံရမည် ဖြစ်သည့် အတွက် လုပ်ငန်းသဘောအရ အရပ်သား အစိုးရ အဖွဲ့တွင် ဒုတိယ အကြီးဆုံး ပုံစံမျိုး ဖြစ်လာခဲ့သည်။ (“သမ္မတ အထက်” တွင် ရှိနေမည်ဟု ပြောခဲ့သည်များ ရှိ‌သည်) တကယ်လည်း တိုင်းပြည်ကို ထိထိရောက်ရောက် တာဝန် ယူရသည့် ရာထူးမျိုး ဖြစ်လာခဲ့သည်။

 

ဥပဒေရေးရာ ကျွမ်းကျင်သူများက အဆိုပါ ဥပဒေ သည် ဖွဲ့စည်းပုံ ဘောင်အတွင်း မှ ဖြစ်၍ တိကျ ခိုင်မာလွန်းသည်ဟု မှတ်ချက်ချခဲ့ကြသည်။ စစ်တပ်လည်း ယင်းကိစ္စ အပေါ် မည်သို့မျှ မတတ်နိုင် ဖြစ်သွားခဲ့ရသည်။

 

ဒေါ်အောင်ဆန်းစုကြည်အတွက် ရာထူး အသစ် ဖန်တီးယူလိုက်မှု သည် စစ်တပ်အဖို့ အငိုက်မိသွားခဲ့ ရပြီး တင်းမာမှုများ ဖြစ်လာခဲ့သည်။ အချို့သော လွှတ်တော်အမတ်များက NLD သည် အာဏာရ လာသည့် အစောပိုင်း ကာလများတွင် ပါတီခေါင်းဆောင် လက်ထဲ အာဏာ အပ်နှင်းနိုင်ဖို့ အာရုံ စိုက်မည့်အစား လူထုကို အကျိုးဖြစ်စေမည့် မူဝါဒများ ပြဋ္ဌာန်းခြင်း နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး များ အဓိကထား ပြုလုပ်သင့်သည်ဟု ပြောလာကြသည်။ ၎င်းတို့၏ အပြောသည် နည်းလမ်းကျသည် မှန်သော်လည်း ယခုလို ဥပဒေ ပြဋ္ဌာန်းခဲ့ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်ထဲ အာဏာထည့်ပေးနိုင်ရေး ဆိုသည့် NLD အဖို့ ၎င်းတို့ ကာလကြာမြင့်စွာ ကတည်းက ရည်မှန်းချက် ကို ဖေါ်ထုတ်နိုင်လိုက်ခြင်းပင် ဖြစ်ပေတော့သည်။