သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(23)

by Hla Soewai - Jul 22 2022

ရုရှားတော်လှန်ရေး တွင် လမ်းခုလပ်၌ ကျန်ခဲ့သူ (၄)

 

ဇာဘုရင် နန်းစွန့်သွားခဲ့သော်လည်း ဒူးမား လွှတ်တော်ကို တင်းပြည့်ကျပ်ပြည့် ပြန်လည် မကျင်းပနိုင် သေးဘဲ ဖြစ်နေဆဲပင်။ ထိုအစား နိုင်ငံရေး အလယ်ဗဟိုဝါဒ ရှိသူများသည် အနည်းငယ်မျှ‌‌သော ဆိုရှယ် လစ်တို့နှင့် ပူးပေါင်း၍ လစ်ဟာနေသော အုပ်ချုပ်ရေးအာဏာ အား ဖွဲ့စည်းပုံ ရေးဆွဲမည့် ညီလာခံ အတွက် ကိုယ်စားလှယ်များ ရွေးချယ်ပြီးသည် အထိ ဆုပ်ကိုင်ထားရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအုပ်စုမှ ပြုပြင်ပြောင်းလဲရန် လိုလားသည့်မင်းသားကြီး ဂီအောဂီ အယ်ဗေါ့ အား သမ္မတ လုပ်ငန်း များဆိုင်ရာ ဝန်ကြီး၊ အယ်လက်ဇန်းဒါး ကာရင်စကီးကို တရားရေး ဝန်ကြီး အဖြစ် သတ်မှတ်ပေးလာ ခဲ့သည်။

 

ကာရင်စကီးအား ထိုသို့ ခန့်အပ်ခဲ့ခြင်းသည် ပြဿနာ ဖြစ်လာခဲ့သည်။ ကာရင်စကီး ဒုဥက္ကဌ အဖြစ် ပါဝင်နေသော ဆိုရှယ်လစ် ယိမ်း ပီထရိုဂရက် ဆိုဗီယက် ခရိုင် ကောင်စီသည် ယာယီ အစိုးရ အဖွဲ့တွင် မပါဝင်ဘဲ ကြားနေရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

ကာရင်စကီး အဖို့ တရားရေး ဝန်ကြီး ရာထူးအား လက်ခံမည် ဆိုပါက ဆိုဗီယက် အဖွဲ့မှ နှုတ်ထွက်ပေး ရတော့မည် ဖြစ်သည်။ သို့သော် ကာရင်စကီးသည် ထိုလမ်းကြောင်းကို မလိုက်ပေ။ ပီထရိုဂရက် ဆိုဗီယက် အဖွဲ့ဝင်များအား သူ့အပေါ် အပြည့်အဝ ယုံကြည်ရန် စည်းရုံး ပြောဆိုလာခဲ့သည်။ ပြည်နယ် အစိုးရ အဖွဲ့တွင် ဒီမိုကရေစီကို ကိုယ်စားပြုသူ အဖြစ်၎င်း၊ ပြည်သူများ၏ အကျိုးစီးပွားကို ကိုယ်စား ပြုသူအဖြစ်၎င်း ရပ်တည်ပေးသွားမည်ဟု ကြွေးကြော်ခဲ့သည်။

 

ကာရင်စကီး၏ စိတ်မာန် ပြင်းထန်စွာ ပြောဆိုခဲ့မှုကို အများက လက်ခံလာကြ၍ ကာရင်စကီးသည် တော်လှန်ရေး ၏ ဗဟိုချက်တွင် အခိုင်အမာ နေရာယူသွားနိုင်ခဲ့ပြီ ဖြစ်သည်။

 

သို့သော် ယာယီ အစိုးရသည် ရုရှား၏ လူထု လူတန်းစား အလွှာလွှာ အသီးသီးကို ကိုယ်စား ပြုပြီး ဖွဲ့စည်းခဲ့သည် ဆိုပြီး နောက်ပိုင်းတွင် ဘူဇွာ လူတန်းစား၏ အသုံးချခံ တန်ဆာပလာ တခုအဖြစ် ပီထရိုဂရက် ဆိုဗီယက်တို့က အမြဲလို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချလာကြသည်။

 

ပီထရိုဂရက် ဆိုဗီယက်တို့က ယာယီ အစိုးရအား ထောက်ခံသည် ဆိုသော်လည်း တော်လှန်ရေးကြောင့် အောင်ပွဲခံခဲ့သည့် အလုပ်သမားများ၏ အခွင့်အရေးများကို ဖျက်လို ဖျက်ဆီး မလုပ်မှ ဖြစ်မည်ဟု သတိပေးလာသည်။ ထိုအခါ ကာရင်စကီး က မိမိတို့ ယာယီ အစိုးရသည် ဆိုဗီယက်တို့ စာနာသနားမှ ရပ်တည်ရတော့မည်လားဟု တုန့်ပြန်လာခဲ့သည်။ ဤသို့ဖြင့် တော်လှန်ရေးကြီး အလယ်ပိုင်းတွင်ပင် ယာယီ အစိုးရ နှင့် ဆိုဗီယက်တို့သည် ကိုယ်စားပြု ရပ်တည်ပိုင်ခွင့် အပေါ် အားပြိုင်လာနေကြသည်။

 

ဥပမာ အားဖြင့် ပီထရို ဂရက် ဆိုဗီယက်များက စစ်တပ်ရင်း တပ်ဖွဲ့များကို ရာထူး အစဉ်အဆက် အမိန့် နာခံစရာ မလို အားလုံး တူညီဆန္ဒဖြင့် မိမိတို့ဖာသာ အုပ်ချုပ်ရန် လမ်းညွှန်လာခဲ့သည်။ ထိုလမ်းညွန် ချက်သည် Order No.1 အဖြစ် ထင်ရှားလာခဲ့သည်။

 

ကာရင်စကီး၏ ယာယီ အစိုးရ ဖွဲ့စည်း ကွပ်ကဲနေသည့် ဒူးမား စစ်ကော်မရှင်၏ အမိန့်များကိုလည်း ဆိုဗီယက် နှင့် ပဋိပက္ခ မဖြစ်နိုင်မှသာ နာခံရမည်ဟု ဆိုလာသည်။

 

ထိုအမိန့်များကြောင့် နောက် ရှစ်လ ကြာသည်အထိယာယီ အစိုးရ မည်သို့မျှ အုပ်ချုပ်၍ မရအောင် အဟန့်အတား များ ဖြစ်လာခဲ့သည်။ သို့သော်လည်း အာဏာ အား အပြိုင်အဆိုင် လုယက်ယှဉ်ပြိုင် လာသည့် အဆင့်အထိတော့ ရောက်မလာခဲ့သေးပေ။

 

ဇာဘုရင် နီကိုလပ်စ် နန်းစွန်သွားပြီးနောက် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် ရုရှားပြည်သူများ အနှစ်နှစ် အကာလ မျှော်လင့်တောင့်တနေခဲ့ကြသည့် လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ စုရုံးခွင့် အစရှိသည်တို့ အား ယာယီ အစိုးရက ဖေါ်ဆောင်ပေးလာခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးခဲ့ပြီး လူတိုင်း မဲပေးပိုင်ခွင့်ပါ ရရှိလာခဲ့ကြသည်။ ကာရင်စကီး သည် သူ ဖေါ်ဆောင်ပေးလာခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကြောင့် ရုရှားသည် ယခုအခါ ကမ္ဘာပေါ်တွင် အလွတ်လပ်ဆုံး နိုင်ငံ ဖြစ်လာခဲ့ပြီဟု ကြွေးကြော်လာခဲ့လေသည်။

 

ရုရှား နိုင်ငံသား အများစုလည်း ပြုပြင်ပြောင်းလဲလာမှုများကို တန်ဖိုးထား လိုက်နာခဲ့ကြပြီး ပိုင်ဆိုင် လာသည့် လွတ်လပ်ခွင့်များကြောင့် ပျော်ရွှင်လာကြသည်။

 

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်များမှ ပြန်လွတ်လာသော လီနင်၏ ဘော်ရှီဗစ် ပါတီဝင်များ‌တော့ ထိုအထဲတွင် မပါဝင်ခဲ့ကြပေ။ ၎င်းတို့ အကြောက်အကန် ကန့်ကွက်လာနေကြ သည်မှာ ယာယီ အစိုးရသည် ပထမ ကမ္ဘာစစ်ကြီးထဲ ဆက်လက်ပါဝင်နေခြင်းကိုပင် ဖြစ်သည်။ ဤသည်ကလည်း ယခင် မဟာမိတ်များ အပေါ် ထားရှိခဲ့သည့် ကတိကဝတ်များကို ဆက်လက်လိုက် နာရန် လိုအပ်သည်ဟု ခံယူထားသောကြောင့် ဖြစ်သည်။ လီနင် နှင့် သူ၏ ဘော်ရှီဗစ်များကမူ စစ်ကြီးသည် အရင်းရှင် နယ်ချဲ့တို့ အချင်းချင်း စားကျက်လုခြင်းသာ ဖြစ်၍ ပါဝင်နေခြင်းကို ဆန့်ကျင် ခဲ့ကြသည်။

 

၁၉၁၇ ဧပြီလ ၃ ရက်နေ့တွင် လီနင်သည် ဆွစ်ဇာလန် မှ ရုရှားသို့ အလုံပိတ် မီးရထားတွဲ ဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်။ ထိုသို့ ပြန်နိုင်အောင်လည်း ဂျာမဏီက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ လီနင်ကြောင့် ပြည်တွင်းတွင် မငြိမ်သက်မှုများ ဖြစ်ပေါ်လာကာ ရုရှားတို့ စစ်ကြီးထဲ ဆက်လက် မပါဝင်နိုင်တော့ရန် ကြံစည်ခဲ့ခြင်းပင် ဖြစ်သည်။

 

ရုရှား မြို့တော် ပီထရိုဂရက် (ယခု စိန့်ပီတာ စဘတ်) ရှိ ဖင်လန် ဘူတာရုံတွင် လီနင်သည် လက်သီးလက်မောင်းတန်းကာ ရုရှားတို့ အတွက် မြေယာ၊ ပေါင်မုန့် နှင့် ငြိမ်းချမ်းရေး ရစေရမည်ဟု ကြွေးကြော်ခဲ့သည်။ လီနင် ပြန်ရောက်လာခဲ့မှုနှင့် အတူ ရုရှား နိုင်ငံတွင်းရှိ စစ်ဆန့်ကျင်ရေး အင်အားစုများ လွန်စွာ အင်အားကြီးထွားလာကာ ခေါင်း ထောင်လာနိုင်ခဲ့ပြီ ဖြစ်သည်။ (ပုံတွင် တွေ့နိုင်သည်)