သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(40)

by Hla Soewai - Sep 12 2022

အင်္ဂလန်၏ ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော တော်လှန်ရေးကြီး

 

ဗြိတိသျှ တို့၏ ဒီမိုကရေစီ သည် ပြင်းထန်လှသော တော်လှန်ရေးကြီး နှင့် အတူ ဖြစ်ပွားလာခဲ့သည့် သွေးထွက်သံယို များလှသော ပြည်တွင်းစစ်ပွဲ ကြီး မှ ပေါက်ဖွားလာခဲ့ရခြင်း ဖြစ်သည်။

 

ပထမမြောက် အယ်လိဇဘက် ဘုရင်မကြီးသည် ထီးနန်းအား ရာစု နှစ် တဝက်နီးပါးမျှ စိုးစံခဲ့ပြီးနောက် ၁၆၀၃ ခုနှစ်တွင် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့သည်။ သူမ၏ ထီးနန်း အရိုက်အရာကို ဆက်ခံမည့် သားရင်း သမီးရင်း ဟူ၍ တယောက်တလေမျှပင် မရှိ။ ထို့အတွက် မောင်ဝမ်းကွဲ တော်စပ်သူ ဆဌမမြောက် စကော့တလန် ဘုရင် ဖြစ်သူ ဂျိမ်း က ဆက်ခံလာခဲ့သည်၊ ဤသို့ဖြင့် ဂျိမ်းသည် အင်္ဂလန်၏ ပထမမြောက် ဂျိမ်း ဘုရင်ကြီး ဖြစ်လာခဲ့၍ အင်္ဂလန် ထီးနန်းစိုက်ရာ ကို တူဒါ စံအိမ်တော်ကြီး မှ စကော့တလန်ရှိ စတူးဝပ် စံအိမ်တော်ကြီးသို့ ပြောင်းရွှေ့ ခဲ့သည်။

 

ပထမမြောက် ဂျိမ်း ဘုရင်သည် တိုင်းပြည် အုပ်ချုပ် မင်းလုပ်ရန် နတ်ဘုရားများ မှ ဖန်ဆင်းပေး‌သော ထီးနန်း ဟူ၍ စွဲမြဲစွာ ယုံကြည်မှု နှင့် အတူ စတင် အုပ်ချုပ်လာခဲ့သည်၊ သို့သော် သူ့အရင် အဆက်ဆက် မင်း များ၏ တင်ရှိနေ‌သော ကြွေးမြီများကိုလည်း တပါတည်း ဆက်ခံခဲ့ရသည်။ ထိုအကြောင်းခြင်းရာ နှစ်ရပ် ပေါင်းစပ်၍ သူ နှင့် ပါလီမန် အကြား ဆက်ဆံရေးသည် အဖုအထစ်များ ဖြစ်ကာ တင်းမာလာခဲ့သည်။

 

၁၆၁၀ ခုနှစ်တွင် ဂျိမ်းသည် “ဘုရင့် ထီးနန်း ဆိုသည်က ကမ္ဘာပေါ်တွင် အထွတ်အမြတ်ထားရမည့် အရာဖြစ်သည်။ ဘုရင်များသည် ဘုရားသခင်မှ ကမ္ဘာမြေသို့ စေလွှတ်လိုက်သော နောက်လိုက် ဗိုလ်ပါများ ဖြစ်ကြသဖြင့် ဘုရားသခင်၏ ပလ္လင်ပေါ်တွင် စိုးစံခွင့် ရကြသူများ ဖြစ်သည်” ဟု အမိန့်စာချွန်လွှာ ထုတ်ပြန်လာခဲ့သည်။

 

၎င်းဆိုလိုရင်းကို ပါလီမန် အမတ်များ သဘောမပေါက်မည်စိုး၍ “အစိုးရ ၏ တာဝန်ဝတ္တရားများကို ဝင်ရောက် စွက်ဖက်ခြင်း မပြုကြရန်၊ ထိုတာဝန်သည်ကား မိမိ ရုပ်လုံးဖေါ်ရမည့် အတတ်ပညာ သာ ဖြစ်သည်” ဟု အမတ်များ အား ထုတ်ဖေါ် ပြောဆိုခဲ့ပြန်သည်။ သူ၏ ဘိုးဘွားဘီဘင် များက ပေးလားသည့် အခွင့်အရေး အား ဘောင်ခတ်ရန် မည်သို့သော ကြိုးပမ်းမှုမျိုးကို မဆို ဝတ္တရားအား ကျုးကျော် ဖေါက်ဖျက်မှု အဖြစ် သတ်မှတ်လာခဲ့သည်။

 

ဂျိမ်း ၏ ထိုသို့ ဘုရင်၏ အခွင့်အာဏာများကို အလွန်အကျွံ လေလုံးထွား ပြောဆိုခဲ့မှုများသည် ပါလီမန် နှင့် ထိတ်တိုက် ရင်ဆိုင်စရာ အဖြစ် အထိ မည်သည့် အခါမျှ ရောက်မလာခဲ့သော်လည်း သူ၏ သားဖြစ်သူ လက်ထက်တွင်တော့ ထိုသို့ ဖြစ်မလာတော့ပေ။ ၁၆၂၅ ခုနှစ်တွင် ဂျိမ်း ဘုရင် ကွယ်လွန်သွားသည့် အခါတွင်တော့ သားတော်မောင် အိမ်ရှေ့စံ မင်းသား ပထမမြောက် ချားလ်အား သူ၏ ဘုရင်ဆိုသည့် အတွေးအခေါ် အယူအဆများကို လက်ဆင့်ကမ်း ပေးသွားခဲ့သည်။ ထို့အတွက် အပျက်ပျက် နှင့် နှာခေါင်းသွေး ထွက်စရာ ဖြစ်လာမည်များက အဆင်သင့် စောင့်ဆိုင်းနေပြီ ဖြစ်သည်။

 

ဘုရင်အသစ် စက်စက် ချားလ်သည် ထီးနန်းရေးရာ များကို ပါလီမန် မှ ဝင်ရောက်စွက်ဖက်လာသည် ဟု ယူဆလာပြီး စိတ်ကသိကအောက် ဖြစ်လာသည်။ ပါလီမန်ဖက်ကလည်း ၎င်းတို့ အဖွဲ့အစည်းအား လစ်လျုရှု မထေမဲ့မြင့် လုပ်လာသည်ဟု ယူဆလာ၍ နှစ်ကြိမ်တိုင်တိုင် ချားလ် ဘုရင် အား ဇက်သတ်ရန် ကြိုးပမ်းလာခဲ့သည်။ ထိုအခါတွင်တော့ ချားလ်သည် ပါလီမန် ကို ဖျက်သိမ်းပြစ်သည်အထိ တုန့်ပြန်လာခဲ့တော့သည်။

 

ချားလ်ဘုရင်သည် ပဋိပက္ခများ တခုပြီး တခု ဖြစ်ပွားလာပြီး နောက်မှသာ ၁၆၂၉ ခုနှစ်တွင် ပါလီမန်ကို ဖျက်သိမ်းပစ်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက်တွင် ပါလီမန်ကို ပြန်လည် ဖွင့်လှစ်ပေးရန် နှစ်ပေါင်း အတန်ကြာအောင် အကြောင်းပြကာ ရှောင်ရှားနေခဲ့သည်။ ထိုကာလများကို “တသွေးတမံ အမိန့်ဖြင့် အုပ်ချုပ်ခဲ့သော ဆယ့်တနှစ်ကြာ ကာလ” အဖြစ် သမိုင်းတွင် ထင်ရှားခဲ့သည်။ ထိုကာလများ အတွင်း အင်္ဂလန် ထီးနန်း အပေါ် စိတ်ပျက်လက်ပျက် ဖြစ်မှုများ တိုးပွားလာခဲ့သည်။

 

အင်္ဂလိပ်လူမျိုး များက ပါလီမန် အား ထိုသို့ လစ်လျုရှု ထားခဲ့မှု အပေါ် မကျေမနပ် ဖြစ်ကာ ဒေါသထွက်လာကြသည်။

 

ထို့ပြင် ချားလ်သည် ရိုမန် ကက်သိုလစ် ဘာသာဝင် တဦးအား လည်း ဇနီး အဖြစ် လက်ဆက် ထိမ်းမြားခဲ့သည်။ ထို့အတွက် ပါလီမန် အမတ်များသည် ဘာသာရေး နှင့် ဆက်နွယ်ပြီး ထီးနန်းအတွင်း အရှုပ်အထွေးများ ဖြစ်ပေါ်လာမည့် အရေးကိုလည်း စိုးရိမ်မကင်း ဖြစ်လာခဲ့ကြသည်။

 

ကုန်လွန်ခဲ့သည့် ဆယ့်ခြောက်ရာစု နှစ်အတွင်း ကက်သိုလစ် နှင့် အင်္ဂလီကန် တို့ အကြား တင်းမာမှု များ ဖြစ်ခဲ့ရာမှ သွေးထွက်သံယိုမှုများလည်း ဖြစ်ခဲ့သည်ကို သိထားကြသောကြောင့်ပင် ဖြစ်သည်။ နောက်ဆုံးတွင် ပထမ အယ်လိဇဘက် ဘုရင်မကြီးသည် သူမ အုပ်ချုပ်ခဲ့သည့် ကာလ အတွင်းမှာပင် အင်ဂလီကန် ဘုရားရှိခိုးကျောင်း၏ ဩဇာအာဏာကို မြှင့်တင်ပေးခြင်းဖြင့် အဆုံးသတ်ပေးနိုင်ခဲ့သည်။ ဘုရားရှိခိုးကျောင်းများ၏ အကြီးအကဲ အဖြစ် ခန့်အပ်မှုကို အင်္ဂလိပ် ထီးနန်း က ချုပ်ကိုင်လာခဲ့သည်။

 

ယခုအခါ ချားလ် ဘုရင်မှ ပြင်သစ် လူမျိုး တဦး ဖြစ်သော ကက်သိုလစ် ဘာသာဝင် ဘူဘွန် မင်းသမီး ဟင်နရီတာ မာရီယာ အား လက်ထပ်ခဲ့ခြင်း ကြောင့် ဘာသာရေး အကြမ်းဖက်မှုများ နောက်တကျော့ ပြန်လာမည့် အရေးကို စိုးရိမ်ပူပန် လာကြသည်။ ချားလ် က သူ၏ အိမ်ထောင်ရေးသည် ထိုသို့ အဖြစ် ရောက်အောင် တွန်းပို့မည့် အန္တရာယ် မရှိဟု အာမခံ ထပ်လောင်း ပြောဆိုလာခဲ့သော်လည်း ကက်သိုလစ် ဘာသာဝင်များ အပေါ် ယခင်က ကန့်သတ်ထား မှုများကို စတင် ဖယ်ရှားပေးလာခဲ့ပြီ ဖြစ်သည်။