သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(44)

by Hla Soewai - Sep 21 2022

အင်္ဂလန်၏ ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော တော်လှန်ရေးကြီး (၅)

 

ဒုတိယမြောက် ချားလ် ဘုရင် သက်ရှိထင်ရှား ရှိနေစဉ်အတွင်း ဘုရင် နှင့် ပါလီမန် အကြား ရှိနေသော တင်းမာမှုကြီးသည်ကား ၎င်း ကွယ်လွန်ပြီးနောက် ထီးနန်းကို မည်သူ ဆက်ခံမည်နည်း ဆို့သည့် ပြဿနာ ကြောင့်ပင် ဖြစ်သည်။ ချားလ်ဘုရင် တွင် အားလုံး အသိအမှတ် ပြုနိုင်သည့် ထီးနန်းအရိုက်အရာ ဆက်ခံမည့်သူ မရှိ ဖြစ်နေသည်။ သူ့အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် ညီ ဖြစ်သူ ဂျိမ်းစ် သာ အနီးကပ်ဆုံး ရှိနေသည်။ သို့သော်လည်း ဒုတိယမြောက် ဂျိမ်း သည် ကက်သိုလစ် ဘာသာဝင် အဖြစ် ကူးပြောင်းထားခဲ့သည် ဖြစ်၍ မည်သို့မျှ မဖြစ်နိုင်တော့ဟု ယူဆ၍ ရနေပြန်သည်။

 

အင်္ဂလိပ်ထီးနန်းသည် အဌမမြောက် ဟင်နရီ ဘုရင်ကြီးလက်ထက်  ၁၅၃၀ ကျော် နှစ်များ အတွင်း ရောမ နှင့် လမ်းခွဲခဲ့ပြီးနောက်တွင် ပရိုတက်စတင့် အင်ဂလီကန် ဘုရားကျောင်း ရိပ်ကို ခိုလှုံလာခဲ့ပြီး ဖြစ်သည်။ ထို့အတွက် ကက်သိုလစ် ဘာသာဝင် တဦးသည် အဘယ်သို့များ အင်္ဂလိပ် ဓမ္မကျောင်းများ၏ အကြီးအကဲ ဖြစ်လာနိုင်စရာ ရှိပေမည်နည်း။

 

ထိုသို့ ထီးနန်း အရိုက်အရာ ဆက်ဆံရေး နှင့် ပတ်သက်၍ မရေမရာ အရှုပ်အထွေးများ ဖြစ်ပေါ်နေသော်လည်း ဒုတိယမြောက် ချားလ် ဘုရင်သည် သူ၏ ညီတော် ဂျိမ်း အား ထီးနန်းဆက်ခံရမည့် အရေးကို ဟန့်တားရန် ကြိုးပမ်းမှု မှန်သမျှကို ပိတ်ဆို့ပစ်လာခဲ့သည်။ လက်ရှိအချိန်တွင် ချားလ်သည် ညီတော်ဖြစ်သူ ဂျိမ်း ထက် အသက်အားဖြင့် သုံးနှစ်သာ ကြီးပြီး ကျန်းမာရေး အရလည်း ဒေါင်ဒေါင်မြည် ဖြစ်နေဆဲပင်။

 

သို့သော် ၁၆၈၅ ခုနှစ် အရောက်တွင် အသက်အားဖြင့် ၅၄ နှစ်သာ ရှိသေးသော ချားလ်သည် မမျှော်လင့်ပဲ ကွယ်လွန် အနိစ္စရောက်သွားခဲ့သည်။ ထို့အတွက် ဘုရင် အဖြစ် နန်းတက်ရန် ရှိနေသည့် ဂျိမ်း မှ ထီးနန်း ဆက်ခံနိုင်ရေး နှင့် တိုင်းပြည် တည်ငြိမ်မှု ရှိရေး အတွက် အင်္ဂလန် ဓမ္မကျောင်း အထွတ်အထိပ် ရောက်နေမှုကို ကာကွယ်ပေးသွားမည်ဟု ကတိပြုလာခဲ့သည်။ (Westminster တွင်  ဒုတိယမြောက် ဂျိမ်းစ် ဘုရင် ဘိသိတ်ခံပွဲ အတွက် လှည့်လည်လာသည်ကို ပုံတွင် တွေ့နိုင်သည်)

 

သို့သော် ဂျိမ်း အတွက် ကံဆိုးမိုးမှောင်ကျသွားခဲ့ရသည်က ချားလ် နှင့် တိတ်တိတ်ပုံး မယားငယ် တဦး၏ သား ဖြစ်သူ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ သူသည် မွန်မောက် မြို့စားဘွဲ့ ခံယူထားသူ ဖြစ်ပြီး ထီးနန်းကို သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ၊ ဤသို့ဖြင့် တင်းမာမှုများ အရှိန်မြင့်တက်လာခဲ့သည်။

 

ဒုတိယမြောက် ဂျိမ်း နှင့် သူနှင့် မဟာမိတ် ဖွဲ့ထားသူများက ကြောက်ခမန်းလိလိ တုန့်ပြန်လာခဲ့ကြသည်။ မွန်မောက် မြို့စားအား လန်ဒန် မျှော်စင်ကြီးတွင် ကွပ်မျက် ခဲ့ကြသည်။ သူနှင့် အာဏာသိမ်းရာတွင် ကြံရာပါများ အားလည်း အလားတူ ကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ကြရသည်။

 

ဂျိမ်းသည် သူ၏ အာဏာကို အခိုင်အခန့် တည်ဆောက်နိုင်ရန်နှင့် နိုင်ငံကို ခေတ်မီ လာစေရန် စစ်အင်အားကို လေးဆအထိ တိုးချဲ့ရန် အစီအစဉ်များ ချမှတ်လာသည်။ ထိုသို့များပြားလာမည့် စစ်အင်အားအတွက် နေရာထိုင်ခင်း ပေးနိုင်ရန် အိမ်များ၊ စားသောက်ဆိုင်များ နှင့် တည်းခိုခန်းများကို သိမ်းယူခဲ့သည်။ ထို့အတွက် ၎င်း၏ လုပ်ရပ်အပေါ် မကျေနပ်မှုများ တိုးပွားလာခဲ့သည်။

 

ဖခင် ဖြစ်သူ ပါလီမန် နှင့် ၁၆၂၈ ခုနှစ်တွင် ရယူထားခဲ့သည့် သဘောတူညီချက်ကိုလည်း ဖေါက်ဖျက်လာခဲ့သည်။ သူနှင့် ဘာသာတူ ကက်သိုလစ်များ၏ အကျိုးစီးပွားကို ရှေ့တန်းတင်လာသည့် အခါတွင်တော့ မီးပုံကို ဓါတ်ဆီ လောင်းထည့်သည့်အလား ဖြစ်လာခဲ့သည်။ ၁၆၇၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အင်္ဂလန်ရှိ ထိတ်တန်း ရာထူးများကို ကက်သိုလစ် ဘာသာဝင်များအား ခန့်အပ်ခြင်း မရှိစေရ ဆိုသည့် Test Act ဥပဒေကို ချိုးဖောက်ကာ စစ်ဖက် နှင့် အစိုးရဖက် ရာထူးကြီးများ တွင် သာမက တတိုင်းပြည်လုံး အထွတ်အထိပ် ထားခဲ့သည့် အောက်စဖို့ နှင့် ကင်းဘရစ်ချ် တက္ကသိုလ် ကျောင်းတိုက်ကြီးများတွင်လည်း ကက်သိုလစ်များအား ခန့်အပ်လာခဲ့သည်။

 

ထိုအချိန်တွင် ပြင်သစ်၌လည်း လူးဝစ် ဆယ့်လေး ဘုရင်သည် နွန့် (Nante) အမိန့်ပြန်တမ်းကို ပြန်လည် ရုပ်သိမ်းလိုက်သည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ယင်းနှင့် အတူ ပြင်သစ် ရှိ ပရိုတက်စတင့် ဘာသာဝင်များ ရရှိနေသည့် ဘာသာရေး နှင့် နိုင်ငံရေး လွတ်လပ်ခွင့်များ အဆုံးသတ်သွားခဲ့ရသည်။

 

ဂျိမ်း ဘုရင်၏ လုပ်ရပ်များ အပေါ် သံသယ အကျိုး ခံစားခွင့် ပေးခဲ့ကြသူများသည် ၁၆၈၇ ခုနှစ်တွင် ဂျိမ်း၏ လုပ်ရပ်များကြောင့် ရှင်းလင်းစွာ သိမြင်ခွင့် ရလာခဲ့ကြသည်။ ဤသည်ကား ဂျိမ်းသည် ပါလီမန် ကို ထပ်မံ ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။ ထို့အတွက်  ရှိနေပြီးသား ဘာသာရေး တင်းမာမှုများ အပြင် နိုင်ငံရေးဖက်တွင်လည်း ခြေရှုပ်လာခဲ့မှု နှင့် ပေါင်းစပ်သွားခဲ့သည်။

 

ဂျိမ်းသည် သူ့လူများကို ဆက်လက်ခန့်ထားနေဆဲ ဖြစ်ပြီး အများစုမှာ ကက်သိုလစ် ဘာသာဝင်များ ဖြစ်သည်။ ဤသို့ဖြင့် အင်္ဂလန်ရှိ မြို့ ရွာ စုစုပေါင်း ၏ လေးပုံသုံးပုံ တွင် ကက်သိုလစ်ဘာသာဝင်များ အကြီးအကဲများ ဖြစ်လာခဲ့သည်။ ဂျိမ်းသည် အင်္ဂလိပ်တို့၏ နေ့စဉ် လူနေမှု ဘဝများကို စေစားနိုင်ရန် သူ၏ ဩဇာအာဏာ ကို ဆန့်ထုတ်လာခြင်း ဖြစ်သည်ဟု သမိုင်း ပညာရှင် စတီဖင် ပင်ကူးစ်က မှတ်ချက်ချခဲ့သည်။

 

သူ၏ လုပ်ရပ်များ အပေါ် လူထုက ဆန့်ကျင်ကန့်ကွက်လာမည်ကို သိနေ၍လည်း လက်ဦးမှု ရယူသည့် အနေဖြင့် လူထု အစည်းအဝေးများ၊ ချီတက် ဆန္ဒပြခြင်းများကို ကန့်သတ်လာခဲ့ပြီး စပိုင်များ ခန့်ထားကာ စာ များ ကိုပင် ဖေါက်ဖတ်ကာ စောင့်ကြည့်လာခဲ့သည်။

 

ဂျိမ်း၏ လုပ်ရပ်များသည် အင်္ဂလိပ်လူမျိုးများ အစဉ်အလာ တန်ဖိုးထားသည့် အရာမှန်သမျှ ကို လုံးဝ ဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။ ဆယ့်သုံး ရာစုနှစ်အတွင်း ဂျွန် ဘုရင်ကြီးမှ ပြဋ္ဌာန်းခဲ့သော Magna Carta ခေါ် နိုင်ငံသား အခွင့်အရေး ကြေညာ စာတမ်း နှင့် မကြာသေးမီက ပြီးဆုံးသွားခဲ့သည့် ပြည်တွင်းစစ်ကြီးကြောင့် ရရှိလာခဲ့သော နိုင်ငံသား အခွင့်အရေးများ ကြောင့် မိမိတို့တွင် ရှိသင့်ရှိထိုက်သော အခြေခံ လွတ်လပ်ခွင့် များ ရှိရမည် ဆိုသည့် လူထု၏ ခံယူချက် ကို လည်း ချေဖျက်ပစ်လာခဲ့သည်။