သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(46)

by Hla Soewai - Sep 30 2022

အင်္ဂလန်၏ ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော တော်လှန်ရေးကြီး (၇)

 

လိမ္မော်မင်းသား ဘွဲ့ခံ ဝီလျံမင်းသားသည် အင်္ဂလိပ်တို့၏ အခွင့်အရေးများ နှင့် အစဉ်အလာ ကို ၎င်းမှ ကာကွယ်ပေးမည် ဆိုသည့် ကတိအား ထပ်မံသွေးသစ်လောင်းသည့် အနေဖြင့် သူ၏ ကြေညာချက်ကို အင်္ဂလိပ်၊ ဒပ်ချ်၊ ပြင်သစ် နှင့် ဂျာမန် ဘာသာများ ဖြင့် ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် ဂျိမ်းဘုရင်၏ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ဓလေ့ထုံးတမ်းများ ချိုးဖောက်ခဲ့မှုများ ကို အစဉ်လိုက် ဖေါ်ပြလာခဲ့သည်။ ထို့အပြင် ပါလီမန် ၏ လုပ်ပိုင်ခွင့် အာဏာကို အသိအမှတ်ပြုမည်ဟုလည်း ကတိပေးခဲ့သည်။

 

နိုင်ငံတွင်း ပျံ့နှံ့လာနေသော ကောလဟသများ ဖြစ်သည့် လတ်တလော မွေးဖွားလာသည့် ဂျိမ်းဘုရင်၏ သားတော် ဝေလမင်းသားလေးသည် ဘုရင်၏ သားတော်အရင်း မဟုတ်၊ မိဖုရား၏ အိပ်ဆောင်ထဲသို့ ဟင်းအိုး အလွတ်ကြီးထဲ ထည့်ကာ ဘယ်ကမှန်း မသိ ယူလာသော မွေးကင်းစ ကလေးတဦးသာ ဖြစ်သည် ဆိုသည်များကို ဖြေရှင်းရန် ပါလီမန်ကို လွှဲပြောင်းပေးခဲ့သည်။

 

ဝီလျံ မင်းသားသည် ဒီဗွန် ကမ်းခြေမှ လန်ဒန် အထိ ချီတက်လာခဲ့သည်။ လမ်းတလျှောက် တွင် လူပေါင်းများစွာ က ပါဝင် ပူးပေါင်းလာခဲ့ကြသည်။ အမျိုးသမီးများကလည်း လိုက်ပါလာသူများကို လမ်းတလျှောက် တွင် အကျွေးအမွေး နှင့် ဧည့်ခံခဲ့ကြပြန်သည်၊ ထိုအချိန်တွင် အိုင်းရစ် အနွယ်ဝင် ကက်သိုလစ် စစ်သည်များသည် ဂျိမ်း ၏ ကိုယ်စား တိုက်ခိုက်ရန် ချီတက်လာနေပြီဟူသော သတင်း ပျံ့နှံ့လာခဲ့သည်၊ ထိုသတင်းကို အတည်ပြု၍ မရနိုင်သေးမီမှာပင် ဒေါသထွက်နေသော လူအုပ်ကြီးသည် လန်ဒန်ရှိ ကက်သိုလစ် ဘုရားကျောင်းများ နှင့် စာသင်ကျောင်းများကို တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ကြသည်။

 

နိုင်ငံတဝှမ်းလုံးတွင်လည်း ဝီလျံမင်းသား ရောက်လာခဲ့ပြီ ဆိုသော သတင်းကြောင့် လူတန်းစား အလွှာ အသီးသီး မှ လူများသည် ၎င်းတို့ အနှစ်နှစ်အကာလ မြိုသိပ်ထားခဲ့ရမှုများ ပေါက်ကွဲထွက်လာခဲ့ပေတော့သည်။ ထို့အတွက်ကြောင့်လည်း ဝီလျံမင်းသား နှင့် သူ၏ တပ်များ ဒီဇင်ဘာ လလယ်ပိုင်းလောက်တွင် လန်ဒန် မြို့တွင်းသို့ ဝင်ရောက်လာသည့် အခါ မြို့သူမြို့သားများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

 

ထိုအဖြစ်များကို တွေ့မြင်လာရသော ဂျိမ်းဘုရင်သည် တနိုင်ငံလုံးက သူ့အား မည်မျှအထိ မုန်းတီးနေကြပြီ ဆိုသည်ကို သဘောမပေါက်ပဲ နေ၍ မရအောင် ဖြစ်လာခဲ့သည်။ ချက်ခြင်း ဆိုသလိုပင် ဇနီး ဖြစ်သူ နှင့် မွေးကာစ ကလေးငယ်အား ဘေးကင်းရာ ဖြစ်သော ပြင်သစ်သို့ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် သူကိုယ်တိုင်လည်း နိုင်ငံတွင်းမှ ရုပ်ဖျက် ထွက်ပြေးပြီး ၁၆၈၈ ခရစ်စမတ်နေ့တွင် ပြင်သစ် တွင် ရောက်နှင့်နေသော မိသားစု နှင့် ဆုံဆည်းနိုင်ခဲ့သည်။

 

ဇန်နဝါရီလတွင် ဖျက်သိမ်းခံခဲ့ရသော ပါလီမန်ကို ပြန်လည် ခေါ်ယူပြီး ဒုတိယမြောက် ဂျိမ်းဘုရင်သည် သူ နှင့် နိုင်ငံသားများ အကြား လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ကို ချိုးဖောက်ခဲ့သည့် အတွက် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာ ကို ဖျက်သိမ်းပြီး နန်းချ လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ မကြာမီမှာပင် မူးကြီးမတ်ရာများ နှင့် ယာယီ ဖွဲ့စည်းထားသော အစိုးရနှင့် အထက်လွှတ်တော်မှ ဝီလျံ နှင့် မေရီ တို့အား နန်းစဉ် သရဖူ ကို ဆောင်းပေးကာ ထီးနန်းကို လွှဲအပ်ပေးခဲ့ကြသည်။ သို့သော် ထိုသို့ လွှဲအပ်ပေးရာတွင် လိုက်နာရမည့် အချက်အလက်များ တပါတည်း ပါဝင်လာခဲ့သည်။

 

ထီးနန်းကို လွှဲအပ်ပေးခဲ့သည့် အတွက် ဝီလျံ မင်းသားသည် ညီလာခံမှ ရေးဆွဲထားခဲ့ပြီး ဖြစ်သော နိုင်ငံသား အခွင့်အရေး ဥပဒေကို လေးစားလိုက်နာပါမည်ဟု သဘောတူရမည် ဖြစ်သည်၊ အဆိုပါ ဥပဒေကြမ်းတွင် ဂျိမ်း ဘုရင်သည် ပရိုတက်စတင့်ဘာသာ နှင့် ဘုရင့်တိုင်းနိုင်ငံတွင်း ရှိ လွတ်လပ်ခွင့် များကို ဖျက်လိုဖျက်စီး လုပ်ရန် ကြံစည်ခဲ့သည်ဟု စွပ်စွဲထားခဲ့သည်။ အပြန်အလှန် အားဖြင့်လည်း လိမ္မော်ရောင် မင်းသားအား “ဘရင်ဂျီ ဘာသာ နှင့် မိမိ စိတ်ထင်သလို အုပ်ချုပ်မည့် အရေးမှ ကာကွယ်ပေးနိုင်မည့် ဂုဏ်ရောင်ထွန်းပြောင်သော လက်နက်ကြီး” အဖြစ် ဖေါ်ပြခဲ့ကြသည်။

 

ဝီလျံသည် မည်မျှ အတိုင်းအတာ အထိ ဂုဏ်ရောင်ထွန်းပြောင်အောင် ပြုလုပ်နိုင်မည်ကား အဓိက မကျတော့၊ သူသည် သက်ဦးဆံပိုင် ဘုရင်တပါး ဖြစ်လာတော့မည် မဟုတ် ဆိုသည်က သေချာသွားပြီ ဖြစ်သည်။ သူ နှင့် မိဖုရား မေရီသည် အားလုံး၏ အသိအမှတ် ပြုခံထားရသည့် ထီးနန်းစိုးစံရသူများလည်း ဖြစ်သည်။ ထို့အပြင် နတ်သိကြား များ မှ အာဏာဆင်းသက်လာသူများလည်း မဟုတ်ကြတော့ပေ။

 

ထိုအစား အင်္ဂလန်၏ အချုပ်အခြာ အာဏာကို ခွဲဝေကျင့်သုံးသွားရမည် ဆိုသည့် အစဉ်အလာကို ပြန်လည် သွတ်သွင်း နိုင်ခဲ့သည်။ နိုင်ငံသားများ၏ အခွင့်အရေး ဥပဒေသည် ဘုရင်၏ အာဏာကို ပါလီမန်မှ ထိန်းချုပ်ပိုင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်။ နိုင်ငံသား အခွင့်အရေး ဥပဒေအား ဝီလျံ နှင့် မေရီတို့မှ လိုက်နာပါမည် ဟု ကတိပြုခဲ့ခြင်းဖြင့် အင်္ဂလန်တွင် ပထမဆုံးအကြိမ် စည်းမျဉ်းခံ ဘုရင်စနစ် ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

 

ဆက်လက်တင်ပြသွားပါမည်။