သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(49)

by Hla Soewai - Oct 05 2022

အမေရိကန် လွတ်လပ်ရေး ၏ တမန်တော် ဆင်မြူရယ် အဒမ် (၂)

 

အဒမ်သည် အသက် ဆယ်လေးနှစ် အရွယ်တွင် ဟားဗတ် တက္ကသိုလ် ကျောင်းတိုက်ကြီး၏ အရိပ်သို့ ခိုလှုံခွင့် ရလာခဲ့သည်။ ကျောင်းပြီးသည့် အခါတွင် အခွန်ဌာနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့နောက်တွင် ကိုလိုနီ ကိုယ်စားပြု အုပ်ချုပ်ရေး အဖွဲ့များတွင် ရွေးချယ် တင်မြှောက်ခံ ကိုယ်စားလှယ် အဖြစ် တက်လှမ်းလာခဲ့သည်။

 

သို့သော် သူ့အား သတင်းစာဆရာ တဦး အဖြစ်သာ လူသိများလာခဲ့သည်။ အဒမ်သည် ၁၇၄၈ တွင် "The Independent Advertiser" အမည်ဖြင့် သတင်းစာ တစောင်ကို စတင်ထုတ်ဝေလာခဲ့သည်။ ပထမဆုံး နေ့ အဖြစ် ထွက်ရှိလာသော သတင်းစာတွင် လူတို့၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် နှင့် စပ်လျှင်း၍ သူ၏ အမြင်ကို အကျယ်တဝင့် ရေးသားလာခဲ့သည်။

 

"လွတ်လပ်ခွင့် သည် တန်းတူညီမျှခွင့် မရှိပဲနှင့် ရှင်သန် နိုင်ခွင့် ရှိလိမ့်မည် မဟုတ်၊ သို့သော် ထိုအကြောင်းခြင်းရာ နှစ်ခုစလုံး တည်ရှိနေခဲ့မည် ဆိုလျှင် အစိုးရ အဖွဲ့ တဖွဲ့ အပေါ် လူထု၏ စိတ်ရင်းကောင်း ဖြင့် သစ္စာရှိမှုသည် အမြစ်တွယ်လာလိမ့်မည်" ဟူ၍ ဖြစ်သည်။

 

အဒမ်သည် ကနဦးပိုင်းတွင် သူ့ကိုယ်သူ အင်္ဂလိပ် ဘုရင် မင်းမြတ် အပေါ် သစ္စာခံသည့် နိုင်ငံသား တဦး အဖြစ် ခံယူထားခဲ့သူ တဦး ဖြစ်သည်။ ဗြိတိသျှ နိုင်ငံရေး စနစ်တွင် ပါလီမန်၏ အခန်းကဏ္ဍသည် မရှိမဖြစ် လိုအပ်သည်ကိုလည်း အသိအမှတ်ပြုထားသူ လည်း ဖြစ်သည်။ သို့သော် နိုင်ငံရေး ဆိုသည်က ရပ်ရွာ အကျိုးအတွက်သာ ဖြစ်ရမည်ဟူသော အယူအဆကိုလည်း ခံယူထားသူ ဖြစ်သည်။ 

 

ဥပမာ ဆိုရက အမေရိကန် တွင် လာရောက် အခြေချ နေထိုင်သူများက ရွေးချယ် တင်မြှောက်ထားသူများ နှင့် ဖွဲ့စည်းထားသည့် လွှတ်တော်မှ ဒေသရေးရာများ နှင့် အခွန်အတုပ် ကိစ္စများကို ဆွေးနွေးပိုင်ခွင့် ရှိနေခြင်းမျိုး ကို ဆိုလိုသည်။ တကယ်တမ်းတွင် ဆင်မြူရယ် အဒမ်၏ ဖခင်သည် မက်ဆာချုးဆက် ညီလာခံ ကိုယ်စားလှယ် တဦးလည်း ဖြစ်နေသည်။

 

၁၈ ရာစု နှစ်ထဲ တွင်တော့ ဗြိတိန်သည် ပြည်တွင်းရေး နှင့် ဥရောပတွင် ဖြစ်ပျက်နေမှု များကို အာရုံစိုက်လာခဲ့ရသည်။ အမေရိကား ဖက်သို့ အာရုံ မစိုက်နိုင်တော့သဖြင့် နိုင်ငံရေး အာဏာ အတော်များကို ကိုလိုနီ အဆင့် လွှတ်တော် များကို လွှဲပြောင်းပေးလာခဲ့ရသည်။ စီးပွားရေး ပိုင်းတွင်လည်း အလားတူပင် ဖြစ်သည်။ 

 

ထိုကဲ့သို့ မူဝါဒ ကျင့်သုံးလာမှု ကို သမိုင်းပညာရှင်များက "အကျိုးရှိစေသည့် လျစ်လျူရှုမှု" ဟု အမည်ပေးခဲ့ကြသည်။ 

 

အင်္ဂလန်သည် ၁၇ ရာစု နှစ် အတွင်းက ကန့်သတ် ချုပ်ချယ်ထားသည့် ကုန်သွယ်ရေး ဥပ‌ဒေကို ကိုလိုနီ များ အပေါ်တွင် အတင်းအကျပ် လိုက်နာ ရန် ပြဋ္ဌာန်းခဲ့ခြင်း မျိုး မရှိခဲ့ပေ။ ထို့အတွက် ကုန်သွယ်လုပ်ငန်းများ အားကောင်းလာပြီး ကိုလိုနီ များတွင် စီးပွားရေး အရ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်ဟူသော ခံယူချက်များ ဖြစ်ပေါ်လာအောင် တွန်းအားပေးသလို ဖြစ်လာခဲ့သည်။

 

သို့သော် သမိုင်းပညာရှင် တို့ ကင်ပွန်းတပ်ခဲ့သည့် "အကျိုး ရှိစေသည့် လျစ်လျူရှုမှု" မူဝါဒသည် ၁၇၆၃ ခုနှစ်တွင် ပြင်သစ်တို့နှစ် ဖြစ်ပွားလာသော ခုနှစ် နှစ်ကြာ စစ်ပွဲကြီးကြောင့် နိဠိတံသွားခဲ့ရသည်။

 

ထိုစစ်ပွဲကြီးတွင် ဗြိတိသျှတို့ အောင်ပွဲခံနိုင်ခဲ့၍ အမေရိကား ရှိ ပြင်သစ်ပိုင် နယ်မြေ အတော်များများကို ရရှိသွားခဲ့သည်။ ရရှိလာသော နယ်မြေ များကို ‌ဌာနေ အင်ဒီးယန်း တို့ မှ ခြိမ်းခြောက်မလာနိုင်စေရန် လုံခြုံရေး အစီအမံများ ပြုလုပ်လာရ၍ ကုန်ကျစရိတ် များလာခဲ့သည်။ ဗြိတိသျှ ထီးနန်း အဖို့ ပြင်သစ်နှင့် ခုနှစ် နှစ်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် အကြွေးများ နှင့် ပိလာ နေချိန်လည်း ဖြစ်၍ နောက်ထပ် အကုန်အကျ မခံနိုင် ဖြစ်နေသည်။

 

ထို့အတွက် တတိယမြောက် ဂျော့ခ်ျ ဘုရင်သည် သူ့အပေါ် တင်လာသော ကြွေးများကို အမေရိကားရှိ အခြေချ နေထိုင်သူများ မှ ကျခံစေမည့် ဥပဒေတရပ် ပြဋ္ဌာန်းနိုင်ရန် ကြံစည်လာခဲ့သည်။

 

ထိုအရေးကို အကောင်အထည် ဖေါ်ရန် ၁၇၆၅ ခုနှစ် အစောပိုင်းတွင် ဗြိတိသျှ ပါလီမန် မှ တံဆိပ်ခေါင်းခွန် အက်ဥပဒေကို ပြဋ္ဌာန်းလာခဲ့တော့သည်။ ထိုဥပဒေအရ စက္ကူ နှင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ စာရွက်စာတမ်း အမျိုးမျိုး အတွက် အခွန်ပေးဆောင်ရဖို့ ဖြစ်လာသည်။

 

အမေရိကား တိုက်သားတို့ ပေးရသော အခွန် ပမာဏ သည် ဗြိတိန်ရှိ အင်္ဂလိပ်တို့ ပေးရသည်ထက် နည်းပါးသော်ငြားလည်း အမေရိကား ရှိ အခြေချနေထိုင်သူများသည် မိမိတို့ အရေးကိစ္စ မှန်သမျှ ကို ကိုယ့်သဘော နှင့် ကိုယ် ဆုံးဖြတ်နေခဲ့သည့် ကျင့်သား ရနေပြီ ဖြစ်၍ အင်္ဂလန်၏ ပြဋ္ဌာန်းလာသော ဥပဒေကို လက်ခံရန် လွှတ်တော် အသီးသီးက ပယ်ချခဲ့ကြသည်။

 

ဗာဂျီနီးယား လွှတ်တော်မှ ပက်ထရစ် ဟင်နရီသည် တံဆိပ်ခေါင်းခွန် ဥပဒေ နောက်ကွယ်ရှိ မူဝါဒအပေါ် လွှတ်တော်တွင် ပထမဆုံးအကြိမ် စိန်ခေါ် လာခဲ့သူ ဖြစ်လာသည်။ ဗာဂျီနီယား လွှတ်တော်မှလည်း သူ၏ ကိုယ်စား ထိုသို့ အ‌ခွန်ကောက်ခံမှု သည် အကျုံးဝင် မှု ရှိမရှိ ကို လျှောက်လှဲချက် တင်သွင်းလာသည်၊ အမေရိကားရှိ အခြေချ နေထိုင်နေသူများ၏ သဘောတူညီချက် တစုံတရာ မတောင်းခံပဲ လန်ဒန်မှ ဆုံးဖြတ်ပြီး ကောက်ခံလာခြင်းကို အဓိက အချက် အနေဖြင့် တင်ပြခဲ့သည်။