သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(59)

by Hla Soewai - Oct 31 2022

ညီရင်းအကို သွေးစည်းမှု နှင့် အဓမ္မ ဝါဒ အားပြိုင်မှုကြားမှ ပြင်သစ် တော်လှန်ရေး (၄)

 

၁၇၈၉ ဇွန်လ ၁၇ ရက်နေ့တွင် ဘုန်းတော်ကြီး ဆီးယပ်စ် ချပြသည့် အယူအဆ အတိုင်း တတိယ လွှတ်တော် Third Estate ကိုယ်စားလှယ်များသည် လက်ရှိ စနစ်ကို တော်လှန်နိုင်မှ ဖြစ်မည်ဟု ခံယူလာကြပြီး မိမိတို့သည်သာ နိုင်ငံတဝှမ်းရှိ လူထုကို ကိုယ်စားပြုကြောင်း ကြေညာပြီး အမျိုးသား လွှတ်တော်သစ် တရပ် ကို ဖွဲ့စည်းလိုက်ကြသည်။

 

ထိုသို့ ဖွဲ့စည်းရာတွင် မည်သူတဦးတယောက် ထံမှ ခွင့်ပြုချက်ကို တောင်းခံခဲ့ကြခြင်း မရှိပေ။ နိုင်ငံ၏ အမြင့်ဆုံး အာဏာသည် ဘုရင်ထံမှ မဟုတ်နိုင်ငံသားများထံမှ ဆင်းသက်ရမည်ဟူသော ယုံကြည်ချက်တခုတည်းဖြင့် ပြုလုပ်ခဲ့ကြခြင်း သာ ဖြစ်သည်။

 

ဤသည်ကား ပြင်သစ် တော်လှန်ရေးကြီး၏ ပထမ အစ ဟု ပြော၍ ရပေသည်။

 

အခြားလွှတ်တော် နှစ်ရပ် သည် နောက်ထပ် ရက်အနည်းငယ်ကြာ ဆက်လက် ကျင်းပခဲ့ကြသည်၊ ဇွန်လ ၂၀ ရက်နေ့တွင် လူဝီ ဘုရင်သည် ၎င်း၏ အာဏာ သည် တည်ရှိနေဆဲဟု ပြနိုင်ရန် လှုပ်ရှားလာခဲ့သည်။

 

ထို့နေတွင် ညီလာခံ ကိုယ်စားလှယ်များသည် လွှတ်တော် ရှိရာ ခမ်းမသို့ ထုံးစံ အတိုင်း စုရုံးရောက်ရှိလာကြသည်။ သို့သော် လွှတ်တော်ခမ်းမကြီး၏ တံခါးများ ပိတ်ထားသည်ကိုသာ တွေ့လိုက်ကြရသည်။ လွှတ်တော်ထဲသို့ ဝင်ခွင့်မရ သဖြင့်ကိုယ်စားလှယ်များသည် အနီးအနားရှိ တင်းနစ် ကစားကွင်းတွင် စုဝေးခဲ့ကြသည်။ (ပုံတွင် တွေ့ရစဉ်)

 

၎င်းတို့အားလုံးက ပြင်သစ် ဘုရင် နိုင်ငံ၏ ဖွဲ့စည်းပုံကို အခိုင်အမာ အုတ်မြစ်ချနိုင်သည့် အထိ အခြေအနေအရ လိုအပ်လာလျှင် မည်သည့်နေရာတွင် မဆို စည်းဝေးရန် စိတ်ပိုင်းဖြတ်ထားကြပြီးလည်း ဖြစ်သည်။

 

နောက်တပတ်တွင်တော့ အသစ် ဖွဲ့စည်းလိုက်သော အမျိုးသား လွှတ်တော် နှင့် လာရောက် ပူးပေါင်းကြသော ပထမ လွှတ်တော်မှ သာသနာ ဝန်ထမ်းများ၊ ဒုတိယ လွှတ်တော် မှ သူကောင်းမျိုးနွယ်များ တဖြေးဖြေး နှင့် များသည်ထက် များလာခဲ့ပြီ ဖြစ်သည်။

 

ဤသို့ဖြင့် အာဏာ၏ အလှည့်အပြောင်းသည် စတင်လာခဲ့ပေတော့သည်။

 

ဆယ်ရက် အကြာ ၁၇၈၉ ဇွန်လ ၂၇ ရက် နေ့တွင်တော့ လူဝီ ၁၆ ဘုရင်သည် အလျော့ပေးလာရပြီး အမျိုးသား လွှတ်တော်ကို တရားဝင် အသိအမှတ် ပြုခဲ့သည်။

 

တော်လှန်ရေး ဆိုသည်က အောက်ခြေ လူတန်းစားများက စတင်ခဲ့ခြင်းမျိုး ဆိုသည်က ဖြစ်ခဲလှပြီး တကယ်တမ်းတွင် မိမိတို့ လက်ရှိ အဆင့်အတန်း၊ ပိုင်ဆိုင်မှုများ အန္တရာယ်ကျရောက်တော့မည် ကို စိုးရိမ်လာကြသော လူများက စတင်‌‌ လေ့ ရှိသည် ဆိုသည်ကို ပြင်သစ်တော်လှန်ရေးတွင် အထင်အရှား တွေ့လာခဲ့ရသည်။

 

ဘုရင်အာဏာကို ပုန်ကန်ပြီး အမျိုးသား လွှတ်တော်ကို ဖွဲ့စည်းခဲ့ကြသူများသည် အလုပ်သမား လူတန်းစားအား ကိုယ်စားပြုသူများ မဟုတ်ကြဘဲ တတိယ လူတန်းစားများကြားတွင် အများတကာထက် အခွင့်အရေး ပိုမို ရရှိနေကြသူများသာ ဖြစ်သည်။ အားလုံးသည် အတတ်ပညာ အသီးသီးကို တတ်ကျွမ်းလုပ်ကိုင်နိုင်သူများ နှင့် ပညာတတ်များသာ ဖြစ်သည်။ သို့သော် ၎င်းတို့ လူဖြစ်ကြီးပြင်းလာကတည်းက တိုးတက်ရာ တိုးတက်ကြောင်းကို အပေါ်စီးမှနေ၍ ပိတ်ဆို့ တားဆီးထားသည့် လူမှုရေးစနစ်ကြီး တခုလုံးကို မှောက်လှန် ပစ်ရန် အာသီသ ပြင်းပြနေကြသူများလည်း ဖြစ်ပေသည်။

 

လူဝီ ဘုရင်မှ အမျိုးသား လွှတ်တော်ကို အသိအမှတ်ပြုလိုက်ပြီ ဟူသော သတင်းကြောင့် ပါရီ မြို့သူ မြို့သားများသည် လမ်းများပေါ်ထွက်၍ ပျော်ရွှင်စွာ ကခုန် မြူးတူးခဲ့ကြသည်။ သို့သော်လည်း မကြာမီမှာပင် သူတို့၏ ပျော်ရွှင်မှုများ နေရာတွင် စိုးရိမ်ကြောင့်ကြမှုများ အစားထိုး ဝင်ရောက်လာခဲ့ရပြီ ဖြစ်သည်။

 

ဤသည်က ဇူလိုင် ၁၁ ရက်နေ့တွင် အခြေခံ လူတန်းစားများဖက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည့် ဘဏ္ဍာရေး ဝန်ကြီး ဂျက် နက်ကာ အား ဘုရင်မှ လူမသိသူမသိ ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဆိုသည့် သတင်း ထွက်ပေါ်လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ပါရီ မြို့စွန်တွင် ဘုရင့် အမိန်ဖြင့် တပ်များ အလုံးအရင်း နှင့် ဖြန့်ကျက် နေရာယူလာကြသည်။ ဘုရင်သည် အမျိုးသား လွှတ်တော်ကို အမြစ်ပြတ် နှိမ်နှင်းရန် ကြံစည်နေသည်ဟူသော ကောလဟသများလည်း ပါရီ တမြို့လုံး အနှံ့ ပျံ့နှံ့နေပြီ ဖြစ်သည်။