သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(68)

by Hla Soewai - Nov 16 2022

"ဟေတီ၏ ဒီမိုကရေစီ မြေစမ်းခရမ်းပျိုး ခြင်း နှင့် ပျက်သုံးသွားခဲ့မှု" (၄)

 

၁၇၈၉ နွေရာသီ ရောက်လာချိန်တွင်တော့ ပြင်သစ် တော်လှန်ရေးကြီး သည် အရှိန်ရလာနေပြီ ဖြစ်သည်။ ၁၇၈၉ မေလ တွင် လူဝီ ၁၆ ဘုရင်သည် လွှတ်တော် သုံးရပ်ပေါင်း ထားသည် General Estates နိုင်ငံလုံး ဆိုင်ရာ ညီလာခံကြီးကို ခေါ်ယူခဲ့သည်၊ ခေါ်ယူရသည့် အဓိက အကြောင်းရင်းသည် နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်း ကျလာနေသည်ကို ဖြေရှင်းနိုင်ရန် အတွက် ဖြစ်သည်။

 

ယင်းကို အကြောင်းပြု၍ ကာလကြာမြင့်စွာကပင် နိုင်ငံအရေးအရာ များ တွင် ဖယ်ထုတ်ခံထားရသည့် ပြင်သစ် အောက် ခြေ လူတန်းစားများ ပါဝင်သည့် တတိယ လွှတ်တော် Third Estate သည် စင်ပြိုင် အမျိုးသား ညီလာခံ ကို ဖွဲ့စည်း ပြုလုပ်လာခဲ့သည်။ အဆိုပါ အမျိုးသား ညီလာခံသည် ပြင်သစ် ထီးနန်း နှင့် သာမန် အရပ်သားများ အကြား လွန်ဆွဲပွဲကြီး ပမာ ဖြစ်လာသည်။

 

၁၇၈၉ ဇူလိုင်လတွင် ပါရီ မြို့သူမြို့သားများ သည် လက်နက် များ နှင့် နိုင်ငံရေး အကျဉ်းသားများအား ချုပ်နှောင်ထားသည့် ဘတ်စတီး ရဲတိုက်ကြီးကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြသည်။ အလားတူ ကျေးလက်ဒေသများ တွင်လည်း ကာလကြာမြင့်စွာ အောင့်အီးထားခဲ့ရသည့် မကျေနပ်မှုများ ပေါက်ကွဲထွက်လာပြီး လယ်သမား သူပုန်ထမှုကြီး ပေါ်ပေါက်လာခဲ့ပြန်သည်။ အမျိုးသား ညီလာခံသည် အခြေအနေများကို တည်ငြိမ်အောင် ကြိုးစားသည့် အနေနှင့် ပြုပြင် ပြောင်းလဲရေး ဖေါ်ဆောင်နိုင်မည့် အမိန့် ဒီဂရီ နှစ်ရပ်ကို ထုတ်ပြန်ကျေညာလာခဲ့သည်။

 

ပထမဦးဆုံး အနေဖြင့် မြေရှင် ပဒေသရာဇ် စနစ်ကို ဖျက်သိမ်းသည့် အမိန့် ဒီဂရီပင် ဖြစ်သည်။ ယင်းနှင့် အတူ အခွင့်ထူးခံ မှုများ နှင့် မွေးရာပါ မညီမျှမှုများကိုပါ ပယ်ဖျက်ပေးခဲ့သည်။ ထို့နောက်တွင်တော့ ပြင်သစ် လူနေမှု စနစ်တခုလုံးကို မှောက်လှန်ပစ်နိုင်မည့် လူ တဦးချင်းစီ နှင့် နိုင်ငံသားများ၏ အခွင့်အရေး ကျေညာစာတမ်းကြီးကို ထုတ်ပြန်ခဲ့ခြင်းပင် ဖြစ်သည်။ အဆိုပါ ကျေညာစာတမ်းတွင် လူသားတိုင်းသည် မွေးရာပါ လွတ်လပ်ခွင့် နှင့် တန်းတူညီမျှခွင့် များ ရှိသည်ဟု ပါရှိလာခဲ့သည်။ သို့သော် ကျေညာစာတမ်း အား ရှင်းလင်း ပြတ်သားစွာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်မှု တွင် အားနည်းခဲ့သဖြင့် လိုရာဆွဲ၍ ကျင့်သုံးမှု များ ရှိလာခဲ့သည်။ တခါတရံတွင် ကျေညာချက်ကို ရေးဆွဲခဲ့သူများ ထင်မထားလောက်အောင် ဆွဲဆန့်လာခဲ့ကြသည်။

 

ပါရီတွင် တန်းတူ ညီမျှ ခွင့် ဆိုသည်က ယခင် မြေရှင်ပဒေသရာဇ် စနစ်ကို ဖျက်သိမ်းခြင်း ကို အဓိက ရည်ရွယ်သည်ဟု ပြောဆိုမှုများ ရှိလာခဲ့သည်။ သို့သော် ဟစ်စပန်နိုလာ ကျွန်းပေါ်ရှိ လွတ်လပ်သော ကျွန်းသားများ နှင့် သွေးနှောများသည် မိမိတို့ အသားအရောင်ကို လိုက်၍ ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ရန် ဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြသည်။

 

လူဖြူ မြေပိုင်ရှင်ကြီးများ သည် အတ္တလန်တိတ် သမုဒ္ဒရာ တဖက်ခြမ်းတွင် ဖြစ်ပွားလာသော ပြင်သစ်တော်လှန်‌ရေးကြီးသည် မိမိတို့ အတွက် အခွင့်အလန်းများ သာမက အန္တရာယ်များပါ သယ်ဆောင်လာနေသည်ကို ရိပ်စားမိလာကြသည်။ အချို့ လူဖြူ မြေရှင်များက ပြင်သစ် တော်လှန်ရေးကို လုံးဝဥသုံ ဆန့်ကျင်ခဲ့ကြသည်။

 

၎င်းတို့သည် လူဝီ ၁၆ ဘုရင်ကြီး မှ ကိုလိုနီ အဖြစ် သိမ်းပိုက်ထားသော ကျွန်းကြီးပေါ်တွင် မတန်တဆ ချမ်းသာကြွယ်ဝလာနေကြသူများ ဖြစ်သည့် အတွက်ကြောင့်လည်း လက်ရှိ အနေအထား မပျက် ရှိစေလိုပြီး ပြင်သစ် ထီးနန်း ဆက်လက်တည်တံ့ရေးကို ထောက်ခံလာခြင်းမှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။ အခြားသူများက ပြင်သစ် တော်လှန်ရေးအပေါ် စာနာ နားလည်ပေးခဲ့ကြသည်။

 

ထိုသို့ စာနာ နားလည် ပေးခဲ့ခြင်းမှာလည်း အဖိနှိပ်ခံ လူတန်းစားဖက်မှ ရပ်တည်ပေးလို၍ မဟုတ်ပဲ ဘူဘွန် မင်းဆက် အခြေယိုင်လာနေခြင်းသည် ၎င်းတို့အတွက် စီးပွားရေး နှင့် နိုင်ငံရေး ဖက်တွင် ကိုယ်မင်းကိုယ်ချင်း လုပ်ဖို့ လမ်းစပွင့်လာပြီဟု ယူဆခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။ သို့သော်လည်း ထိုသို့ အယူအဆကွဲပြားနေသော ဘက်နှစ်ဖက် စလုံးက ပြင်သစ် တော်လှန်ရေးကြီး၏ လွတ်လပ်ခွင့် နှင့် တန်းတူညီမျှခွင့် ရှိရမည် ဆိုသည့် အတွေးအခေါ် အယူအဆများ ကျွန်းပေါ်ရှိ လူဖြူ မဟုတ်သူများ အကြား ကူးစက်ပျံ့နှံ့လာမည့် အ‌ရေးကို စိုးရိမ်ကြောင့်ကြမှု ရှိသည့်နေရာတွင် တူညီနေကြပြန်သည်။

 

တချိန်က ပြင်သစ် တွင် နေထိုင်ခဲ့ကြဖူးသူများ အပါအဝင် အသားအရောင်ရှိ လွတ်လပ်သူများသည် လူမျိုးရေး ခွဲခြား ဆက်ဆံခံနေခဲ့ရမှုကြောင့် ကာလကြာမြင့်စွာက ရှိနေခဲ့သည့် မကျေနပ်မှုများ ကို ဖြေရှင်းနိုင်ရန် လွတ်လပ်ခွင့် နှင့် တန်းတူညီမျှခွင့် ဆိုသည့် စကားလုံး အသစ်အဆန်းများကို ကိုင်စွဲလာကြသည်။ လူ တဦးချင်းစီ နှင့် နိုင်ငံသားများ၏ အခွင့်အရေး ကျေညာစာတမ်းကြီး သည် အသားအရောင် အဖြူရှိသူများသာ မကပဲ လူသား အားလုံး နှင့် သက်ဆိုင်သည်ဟု ကျိုးကြောင်းပြ ပြောဆိုလာခဲ့ကြသည်။

 

ထိုသို့ ရဲဝန့်စွာ ထုတ်ဖေါ်ပြောဆိုသူများထဲ တွင် ရှေ့တန်း မှ ရပ်တည်လာခဲ့သူ နှစ်ဦး ထွက်ပေါ်လာခဲ့သည်၊ ထိုသူနှစ်ဦး သည် လူဖြူ မဟုတ်သည့် ချမ်းသာကြွယ်ဝသည့် ပညာတတ် ကြားလူတန်းစားတွင် ပါဝင်သည့် ဂျုလီယန် ရေမွန် နှင့် ဗင်းဆင့် အိုဂီး ဆိုသူတို့ပင် ဖြစ်သည်။ ၎င်းတို့သည် လူဖြူများ မဟုတ်ကြ၍ ကျွန်းပေါ်ရှိ နိုင်ငံရေး အသိုက်အဝန်းမှ ဖယ်ထုတ်ခံထားရသူများ လည်း ဖြစ်သည်။ သို့သော် ချမ်းသာကြွယ်ဝပြီး လူမှုရေး နယ်ပယ်တွင် ဩဇာအာဏာ ရှိသူများ ပီပီ ၎င်းတို့ သည် ပြင်သစ်ရှိ အမျိုးသား ညီလာခံ အထိ ပေါက်ရောက်အောင် စွမ်းဆောင်လာနိုင်ခဲ့ကြသည်။ သို့သော်လည်း အမျိုးသား ညီလာခံသည် ၎င်းတို့အခေါ်  “သူကောင်းမျိုးနွယ်များ ၏ အသားအရည်” ပေါ်မူတည်၍ ဘုန်းရှင်ကံရှင် များ အဖြစ် သတ်မှတ်ထားမှုကို တရားဝင် ဖျက်သိမ်းပေးခဲ့ခြင်း မရှိပေ။

 

လပေါင်းများစွာ အယူခံ ဝင်ခဲ့ပြီးနောက် မည်သို့မျှ ထူးခြားမလာ၍ ဗင်းဆင့် အိုဂီး၏ သည်းခံနိုင်မှု အတိုင်းအတာသည် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။