သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(86)

by Hla Soewai - Dec 26 2022

ဇာဘုရင့် လက်အောက် ဒီဇင်ဘာ အိမ်ထောင်ရှင် အမျိုးသမီးများ တော်လှန်‌ရေး (၃)

 

ထိုအမျိုးသမီးများထဲတွင် ပထမဆုံး အမျိုးသားများ နောက် လိုက်ပါလာသူသည် မင်းသား ဆာဂျေ ထရူးဘက်စကွေး ၏ ဇနီးပင် ဖြစ်သည်။ ထရူးဘက်စကွေး သည် ဒီဇင်ဘာ ပုန်ကန်မှု၏ ခေါင်းဆောင် ဖြစ်ခဲ့သော်လည်း ပုန်ကန်မှု စတင် ဖြစ်ပွားချိန်တွင် တိမ်းရှောင်သွားခဲ့သူ ဖြစ်သည်။ ထိုသို့ သူရဲဘော ကြောင်ခဲ့သည့် အတွက်လည်း ကြိုးစင်ပေါ်တွင် အသက် နှင့် ကိုယ် အိုးစား မကွဲခဲ့ရခြင်းလည်း ဖြစ်သည်။

 

သို့သော် လည်း ဒီဇင်ဘာ ပုန်ကန်မှုကြီးတွင် ပါဝင် ပတ်သက်ခဲ့သည့်အတွက် အလုပ်ကြမ်း နှင့် ဆိုက်ဘေးရီယား သို့ နယ်နှင်ဒဏ် ပေးခံခဲ့ရသည်။ ခြေကျင်းဝတ်တွင် သံကြိုးများ နှင့် မင်းသား ထရူးဘက်စကွေးသည် ဇူလိုင် ၂၃ ရက်နေ့တွင် ဆိုက်ဘေးရီယားသို့ ထွက်လာခဲ့ရသည်။ နောက်တရက်တွင် သူ၏ ဇနီး ဖြစ်သူ ကက်ယာ အက်ကာတာရီနား လိုက်လာခဲ့သည်။

 

သူမသည် ပြင်သစ် နွယ်ဖွား ရုရှား မြို့စားတဦး၏ သမီးတော် ဖြစ်ပြီး စိန့်ပီတာစဘတ် ရှိ နန်းတော်တမျှ ခမ်းနားကြီးကျယ်လှသော အိမ်ကြီးတွင် လူဖြစ် ကြီးပြင်းလာခဲ့သူလည်း ဖြစ်‌ပေသည်။ သူမ၏ မိသားစု နှင့် ဇာဘုရင် နီကိုလပ်စ် ၏ ကြင်ယာတော် မိဖုရား က အစ ဆိုက်‌ဘေးရီယားသို့ လိုက်မသွားရန် အတန်တန် နားချခဲ့ကြသည်။ ဆိုက်ဘေးရီယားသည် ဆိုးဝါးလှသော ရာသီဥတု အပြင် လမ်းခရီး တလျှောက် အန္တရာယ် အသွယ်သွယ် က ဆီးကြိုနေမည်ဟု ဆိုကာ သတိပေး တားမြစ်ခဲ့ကြသည်။

 

သူမကိုယ်သာ မဟုတ် ဒီဇင်ဘာ ပုန်ကန်မှု ကြီး တွင် ပါဝင်ခဲ့ကြသူများ၏ ဇနီးသားသမီး များအားလည်း ငယ်ရွယ်သူများ ဖြစ်ကြသည့် အတွက် ၎င်းတို့၏ ခင်ပွန်းများကို စွန့်လွှတ်ပြီး ဘဝသစ် ထူထောင်ကြရန် မိသားစုများ၊ ဆွေမျိုး မိတ်သင်္ဂဟများ၊ မူးကြီးမတ်ရာ များ အားလုံးက ဝိုင်းဝန်း တိုက်တွန်းလာခဲ့ကြသည်။ သူတို့စကား နားမထောင်ပဲ ဇွတ်လိုက်သွားမည် ဆိုက ရူးသွပ်ခြင်း သက်သက်သာ ဖြစ်မည်ဟု ‌ပြောလာခဲ့ကြပြန်သည်။ ထို့အပြင် နေအိမ်များ ဆုံးရှုံးခံရမည့်အပြင်၊ ဘွဲ့ထူး ဂုဏ်ထူးများ နှင့် လက်ရှိ ခံစား‌နေရသော အခွင့်အရေး များ ပြန်လည် ရုတ်သိမ်းခံရဖို့ ရှိနေသည်။ ထို့အပြင် ခင်ပွန်းများ ကွယ်လွန်သွားပြီး နောက်တွင်လည်း ရွှေမြို့တော်ကြီးသို့ ပြန်လာခွင့်ကိုလည်း ပိတ်ပင် ခြင်း ခံရဦးမည် ဖြစ်သည်။

 

သွားမည် ဆိုက လူပမယ် ကလေးသူငယ်များ အားလည်း အတူ ခေါ်ဆောင်သွားခြင့် မပြုဟု နန်းတော် မှ အကြောင်းကြားလာခဲ့သည်။ အကယ်၍ ဆိုက်ဘေရီးယား တွင် သားသမီးများ ထွန်းကားလာခဲ့ပါကလည်း မွေးဖွားလာသူများသည် မိခင် ဖခင်တို့အား ပေးအပ်ထားသော ဘွဲ့ထူး ဂုဏ်ထူးများ ကို ဆက်ခံပိုင်ခွင့် မရှိ‌သည့် အပြင် လယ်သမား လူတန်းစား အဖြစ်သာ သတ်မှတ်သွားမည်ဟု အမိန့်ထုတ်လာခဲ့သည်။

 

ထိုသို့ အနေအထားများ ရှိနေသည့်ကြားမှပင် ကက်ယာသည် ခင်ပွန်းဖြစ်သူနောက် ‌သူ့သဘော နှင့် သူ ကောက်ကောက် ပါအောင် လိုက်လာခဲ့သူ ဖြစ်သည်။ သူ့နောက်မှ ရောက်လာကြသော အမျိုးသမီးများ အားလုံးသည်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ မင်းသမီး ကက်ယာသည် သား နှင့် သမီးကို ဆွေမျိုးများထံ အပ်နှံထားခဲ့သည်။

 

ဖခင် ဖြစ်သူ မြို့စားကြီး လာဗယ်သည် သမီး ဖြစ်သူ ထိုသို့ ဒုက္ခရောက်အောင် မိုက်မဲစွာ ကြံစည်ရက်သူ ဟု ဆိုကာ သားမက် ဖြစ်သူ အပေါ် ဒေါသအမျက်ချောင်းချောင်း ထွက်ရင်း ကျန်ခဲ့သည်။ သမီးဖြစ်သူအား တားမရသည့် အဆုံးတွင် လမ်းခရီး တွင် အဆင်ပြေ ချောမွေ့စေရန် အစစ အရာရာ စီစဉ်ပေးခဲ့ပြီး ငွေကြေး အလုံအလောက် ထည့်ပေးခဲ့ရှာသည်။

 

ဤသို့ဖြင့် ကက်ယာ သည် သူမ၏ အတိတ်ကို အပြီးအပိုင် ကျောခိုင်း နှုတ်ဆက်ပြီး မြင်းစီးရထားလုံး ဖြင့် ခရီးနှင်လာခဲ့သည်။ စိန့်ပီတာစဘတ်မှ နေ၍ သူမ သွားမည့် ယာကူစကာ မြို့သည် ခရီးမိုင်ပေါင်း လေးထောင်ခန့် ကွာဝေးပေသည်။ ခရီးရှည်ကြာသည်နှင့် အမျှ ကိုယ်ရောစိတ်ပါ နွမ်းနယ်လာရသည့် ကြားမှ မကြာခဏ ဆိုသလို လုယက်တတ်သည့် တောကြောင် ဓါးပြ များ ရန်ကိုလည်း အထူး သတိထားပြီး လာခဲ့ရသည်။ ကက်ယာ၏ လက်ထဲတွင် ငွေကြေး အလုံအလောက် အပြင် လိုအပ်သော ပစ္စည်း ပစ္စယ များလည်း ပါရှိလာခဲ့သည်။