အာဏာသိမ်း တယ် ဆိုတာ လွယ်တာ မှတ်လို့ သာဝရာ

by Hla Soewai - Jan 10 2023

စစ်တပ်မှ အာဏာသိမ်း သည် ဆိုသော ဖြစ်ရပ်သည် ဆန်းလှသည်တော့ မဟုတ်သော်လည်း ထိုသို့ ဖြစ်လာရသည့် အကြောင်းရင်းများစွာ ရှိနေသည်၊ ထိုအထဲတွင် ပြည်တွင်း စီးပွားရေး ကျဆင်းလာနေမှု၊ ပြည်တွင်းတွင် မည်သို့မျှ ဖြေရှင်း၍ မရသော နိုင်ငံရေး အကျပ်အတည်းကြီးများ ဖြစ်ပေါ်လာမှု၊ ပြည်ပ ခြိမ်းချောက်မှု နှင့် ရင်ဆိုင်လာရမှု၊ လူထု စားဝတ်နေရေး ကျပ်တည်းလာမှုကြောင့် အထွေထွေ ဆူပူအုံကြွမှု များ ကြောင့် ဖြစ်သည်။

 

သို့သော် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုသည် ထိုသို့သော အကြောင်းပြချက် မျိုး တခုတလေမျှ မပြနိုင်သည့် အပြင် ၎င်း၏ personal grievance ခေါ် ပုဂ္ဂိုလ်ရေး အာဃာတ တရား ကို အခြေခံပြီး မဲစာရင်း မှားသည်၊ မဲ လိမ်လည်သည် ဆိုကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

 

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် အတိုက်အခံ ပါတီပေါင်း များစွာ ရှိနေသည်။ သို့သော် ထိုပါတီ များသည် လူထု ကိုးစား ခံရလောက်အောင် နိုင်ငံရေး အစဉ်အလာ လည်း မရှိကြ၊ နိုင်ငံတော် အတိုင်ပင်ခံ အပေါ် မနာလို မုန်းတီးမှု များ၊ ဘေးဖယ်ထုတ် ခံရမှုများ၊ မိမိကိုယ်မိမိ အထင်ကြီးမှုများ နှင့် ဖွဲ့စည်းလာသော ပါတီ က အများစု ဖြစ်နေသည်။

 

ထိုသို့ လူထု ၏ လေးစားမှု မခံရသည့် ကြားမှ fatal mistake ခေါ် ပျက်စီးရာ ပျက်စီးကြောင်း အမှားကြီး တခု ကို ကျုးလွန်ခဲ့ကြ ပြန်သည်၊ ယင်းသည်က မည်သို့မျှ သက်ဆိုင် ခြင်း မရှိသော ကာကွယ်ရေး ဦးစီးချုပ် ဆိုသူ အား သွားရောက်တွေ့ဆုံကြခြင်းပင် ဖြစ်သည်။ ထို့အတွက် အနည်းငယ်မျှ ရှိကောင်း ရှိနေနိုင်သော ၎င်း တို့ အပေါ် ယုံကြည်မှု က သုံည အထိ ထိုးကျသွားခဲ့ရခြင်းပင် ဖြစ်သည်။

 

ထို့အတွက်လည်း မဲများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထံ စုပြုံ ရောက်ရှိသွားခဲ့ခြင်းပင် ဖြစ်သည်၊ ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် ၇၇ % ဖြင့် အနိုင်ရရှိခဲ့ရာမှ ၈၂% အထိ ပင် အနိုင်ရရှိခဲ့သည်။ နိုင်ငံတကာ မှ ခြေချင်း လိမ်အောင် ရောက်ရှိလာသော လေ့လာ စောင့်ကြည့်ရေး အဖွဲ့များက တညီတညွတ်တည်း တရားမျှတ မှု ရှိသည်ဟု ထောက်ခံချက် ပေးခဲ့ကြသည်။

 

ယခုလည်း ထိုအမှားကို နောင်တ မရ၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်နယ်တိုင်း နှင့် နိုင်ငံအဆင့် လွှတ်တော်နေရာ စုစုပေါင်း ၁,၁၇၁ နေရာ ယှဉ်ပြိုင်ခဲ့သော်လည်း ၇၁ နေရာ သာ ရရှိခဲ့သည့် ကြံဖွတ် ပါတီ အကြီးအကဲ အား သွားရောက် အခစား ဝင်ကြပြန်သည်။ ထိုပါတီများ အဖို့က မိမိတို့ နိုင်ငံရေး ရပ်တည်ချက် ထက် နေရာတနေရာလောက် ရလျှင်ပင် မဆိုးလှဟု ဆိုကာ ဝမ်းသာအားရ သွားခဲ့ကြခြင်း ဖြစ်သည်၊ ၎င်းတို့ အားလုံး စိတ်ထဲတွင် ခင်ရီသည် သာ Kingmaker ဖြစ်သည်ဟု ယုံကြည်နေကြသောကြောင့်လည်း ဖြစ်သည်။ ပြီးခဲ့သည့် အမှားမျိုးကိုလည်း ဂရုစိုက်ရန် မလိုတော့။ ထိုသို့သော လူများပင် မင်းအောင်လှိုင် ခန့်အပ်ထားသော ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ရပ်များ အပေါ် စိတ်ပျက်စ ပြုလာနေ၍ ထိုအစည်းအဝေးတွင် နှစ်နာရီကျော် ကြာအောင် ခင်ရီက ချော့မော့ နှစ်သိမ့်ခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

အဓိက ပြောလိုသည်က မင်းအောင်လှိုင်သည် အာဏာသာ သိမ်းခဲ့သော်လည်း တိုင်းပြည်ကို မည်သို့ မည်ပုံ စီမံ အုပ်ချုပ်သွားရမည် ဆိုသည့် အတွေးအခေါ်များက ဗလာနတ္တိ၊ သူ့တွင် ရှိနေသည်ကား နှစ်ဆယ်ရာစု နှစ် အာဏာသိမ်း လက်စွဲ ကျမ်းသာ ရှိနေပေသည်။ တိုင်းပြည်ကို အလိမ်အညာ မုသာဝါဒများ၊ အကြောက်တရားများ နှင့် ရောပြွမ်းကာ အုပ်ချုပ်သွားနိုင်လျှင် ဖြစ်ပြီဟု ယူဆနေသည်။ သို့သော် ၎င်း၏ လုပ်ရပ်များကြောင့် လူထု၏ အမြင်တွင်တော့ ၎င်းသည် သမ္မတ ရူး ရူးနေသည့် လူတဦး အဖြစ်သာ တိုး၍ တိုး၍ ရှုမြင်လာကြပြီ ဖြစ်သည်။

 

ထွက်ပေါ်လာသည့် ရလဒ်ကား လူမြင်မကောင်းအောင် တနိုင်ငံလုံး အနှံ့ ဆန္ဒပြ ကန့်ကွက်ပွဲများ၊ ပစ်ခတ်နှိမ်နှင်း ၍ သေဆုံးခဲ့ရမှု များ တို့သာ ဖြစ်သည်။ ဤသည်ကား သမိုင်းတွင် ကျန်ရစ်မည့် မှတ်တမ်းများသာ ဖြစ်သည်။ အာဏာသိမ်းပွဲသည် အစိုးရ ယန္တရားများကိုသာ ထိန်းချုပ်နိုင်သည့် အဆင့်တွင်သာ ယခုထိ ရှိနေဆဲ ဖြစ်သည်။ ယခုလည်း သူ၏ အခြေအနေ မဟန် တော့ မှန်း သိသဖြင့် “ဒါ ငါ့လူတွေ” ဟု လူထု အား ပြသလိုသည့် စိတ်တခုတည်း ဖြင့် ဆုတံဆိပ်များ ဖေါဖေါသီသီ ပေးလာခဲ့ပြန်သည်။

 

နိုင်ငံတကာ တွင်လည်း ၎င်းတို့ အဖွဲ့ အား ကုလ သမဂ္ဂသို့ပင် ခြေချခွင့် မပြုတော့သည့် အထိ ဖြစ်လာရသည်၊ အာဆီယံ အဖွဲ့တွင်လည်း ထုတ်ပယ်ခံရမတတ် အခြေအနေနှင့် အစည်းအဝေးများသို့ပင် တက်ခွင့် မပေးတော့။ ၎င်းတို့ အဖို့က မနက် အိပ်ယာ အထ တွင် တဖက်ရပ်ကွက် တွင် မီးအကြီးအကျယ် လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသကဲ့သို့ ခံစားနေကြရသည်ဟု ဧရာဝတီ မှ ဦးအောင်ဇော်မှ သူ၏ ဆောင်းပါးတပုဒ်တွင် နှိုင်းယှဉ် ရေးသားပြခဲ့သည်။

 

စီးပွားရေး ဖက်တွင်လည်း ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ရောက်မလာကြတော့သည့်အပြင် ရှိပြီးသား လုပ်ငန်း များကိုပင် အချို့ ပြန်ရုပ်သိမ်းသွားကြပြီ ဖြစ်သည်။ ထို့အတွက် ပြည်ပ ပိတ်ဆို့မှု များ ကြောင့် ဆိုသည့် ဓါတ်ပြားဟောင်းကြီး ကိုပင် တအီအီဖြင့် ဖွင့်လာရပြီ ဖြစ်သည်။

 

လူထုကြီး တရပ်လုံးကလည်း မုန်းတီးသည့် အဆင့်မှ မျက်နှာကိုပင် မကြည့်ချင်တော့လောက်အောင် ရွံရှာသည့် အဆင့် အထိ ရောက်ရှိနေပြီ ဖြစ်၍ လက်နက်ကိုင် တော်လှန်ကြသည့် အဆင့် အထိ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ ပြည်သူ့တော်လှန်ရေး တပ်များသည် နှစ် နှစ် အတွင်း မှာပင် စစ်ရေး စွမ်းရည် မြင့်တက်လာနေပြီး စိတ်ဓါတ်ရေးရာ အရ မယှဉ်နိုင်အောင် အသာစီး ရနေပြီ ဖြစ်သည်။ ဤသည်ကပင် တော်လှန်ရေးကြီး မလွဲမသွေ အောင်မြင်ရာ အောင်မြင်ကြောင်း၏ အရင်းခံ အကြောင်းတရားများပင် ဖြစ်သည်။

 

မင်းအောင်လှိုင် သည် တော်လှန်ရေး ကြီး အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေသည့် ဒေသများတွင် ကျေးရွာပေါင်း ထောင်ပေါင်များစွာ ကို မီးတိုက်၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး လူထု အပေါ် အကြမ်းဖက် စစ်ဆင်ရေး ဖြင့် သူ၏ အာဏာ တည်မြဲအောင် ကြိုးစားလာမှု ကို ဝါဒဖြန့်မှုများဖြင့် မည်မျှပင် ဖုံးကွယ်ဖို့ ကြိုးစားခဲ့သော်လည်း တဖြေးဖြေး နှင့် နိုင်ငံတကာ က လက်ပိုက် ကြည့်မနေနိုင်ကြတော့ပေ။

 

ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ မှပင် ရှုတ်ချကြောင်း အဆို ကို ထုတ်ပြန်ခဲ့ပြီး အမေရိကန် ကလည်း BURMA ACT ကို တရားဝင် ပြဋ္ဌာန်း လာပြီး မြန်မာ တို့၏ တော်လှန်ရေး ဖက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်လာသည့် အဆင့် အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ သော အနေအထား များ အကြားတွင် သာမန် အဆင့် တွေးခေါ်နိုင်သူပင် မည်သို့မျှ ရှေ့ဆက် မသွားနိုင်တော့ ဆိုသည်ကို ရိပ်စားမိသင့်ပြီ ဖြစ်သည်။ သို့သော် နေမြင့်လေ အရူးရင့်လာလေ ဖြစ်နေသော မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ အသစ် လုပ်ပေးမည် ဆိုသည်ကို နောက်ဆုံး ကောက်ရိုးမြှင် တမြှင် အဖြစ် ဆုပ်ကိုင်လာပြီ ဖြစ်သည်။

 

ရွေးကောက်ပွဲ အပြီး တွင် ၎င်းတို့၏ အနေအထား ပြောင်းလဲလာမည်ဟုလည်း သူတို့ အချင်းချင်း အကြား မက်လုံးပေးကာ ကျောသပ်ရင်သပ် ဖြင့် ရှိနေကြသည်။

 

တိုင်းပြည်ကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ဖို့ ဝေးစွ ၎င်း၏ နယ်ပယ် ဖြစ်သော စစ်ရေးစစ်ရာတွင်ပင် အမြင် ထက်မြက်မှု၊ မှန်ကန်စွာ ဆုံးဖြတ်နိုင်မှု military acumen မရှိ ဖြစ်နေခြင်းကိုပင် လက်အောက်ငယ်သားများ က အံအားတသင့် ဖြစ်လာရသည်။

 

၎င်းတို့ အချင်းချင်း ထိုသို့ ကျောတသပ်သပ် ရင်တသပ်သပ် ရှိနေချိန်တွင် လက်အောက်ခံ တပ်များ အနေဖြင့် လက်နက်ချခြင်းသည် ရန်သူကို အညံ့ခံခြင်း ဟု မယူဆတော့ဘဲ အာဏာရူးများ၏ လက်အောက်မှ ပြည်သူတရပ်လုံး လွတ်မြောက်‌ရေးအတွက် အသက်ပေး တိုက်ပွဲဝင်နေကြသော ပြည်သူ့သားကောင်းများ နှင့် ပူးပေါင်းခြင်းသာ ဖြစ်သည်ဟုလည်း အနှေး နှင့် အမြန် ခံယူလာကြတော့မည်လည်း ဖြစ်သည်။

 

ပြည်သူများ၏ စိတ်ထဲတွင်တော့ မိမိတို့ တော်လှန်ရေးသည် အဆုံးသတ်တွင် အောင်ပွဲခံရလိမ့်မည် ဆိုသော အခိုင်အမာ ယုံကြည်ချက် utter conviction ဖြင့် ချီတက်နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ပုံတွင် ထိုင်း နံရံဆေးရေး အနုပညာရှင် တဦး၏ အနုပညာ လက်ရာကို ဘန်ကောက်တွင် ပြသထားသည်ကို ဧရာဝတီ သတင်း တွင် ဖေါ်ပြထားခြင်း ဖြစ်သည်)