တကယ်ကို ရူးသွပ်သွားရှာ လေပြီ

by Hla Soewai - Jan 11 2023

ဩစတေးလျှ စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တန်နဲလ် အား စစ်ကောင်စီ မှ ပြန်လည် ဖမ်းဆီးရန် ဝရမ်း ထုတ်လိုက်ပြီ ဆိုသည့် သတင်း သည် စာရွက် စာတမ်း အတိအကျ နှင့် ထွက်ပေါ်လာခဲ့သည်မှာ နှစ်ရက် ခန့် ရှိနေပြီ ဖြစ်သော်လည်း ထိုသတင်း အပေါ် မည်သို့မျှ မယုံကြည်နိုင်၊ ဖေ့စ်ဘုတ်တွင် လူထုကို ဆွပေးသည့် ဂျင်း သတင်း တပုဒ်မျှသာ ဟု ယူဆမိလိုက်သည်။ မှန်မမှန် အတည်ပြု ရန် ကြိုးစားလျှင်ပင် ကိုယ်သာ အရူး ဖြစ် နိုင်သည့် သတင်းမျိုး ဖြစ်၍ ကျွန်တော့် ပို့စ်များ တွင် တစွန်းတစမျှ ထည့်မရေးခဲ့ပေ။

 

ထိုသတင်းအား မစ္စတာ တန်နဲလ် ကိုယ်တိုင် ထုတ်ပြောလာခဲ့သဖြင့် အမှန်တကယ် ကြီး ဖြစ်လာနေ၍ ကျွန်တော် အဖို့ အံဩခြင်းမက အံ့ဩနေရလေသည်။

 

ဇန်နဝါရီ ၁၀ ရက်နေ့ ဧရာဝတီ သတင်းတွင် ပြီးခဲ့သည့် တပတ် ကတည်းက အကြောင်းကြားစာ ကို ရရှိခဲ့ သည်ဟု အတည်ပြုခဲ့ပြီး မြန်မာရှိ သူ၏ လုပ်ဖေါ်ကိုင်ဖက်များ၊ မိတ်ဆွေများ အပေါ် ဂယက် ရိုက်ခံရမည် စိုး၍ ထိုထက် ပိုပြီး ပြောလိုစိတ် မရှိကြောင်း နှင့် သူ့အတွက်လည်း အမှန်တကယ် အကျပ် ရိုက်လာသည့် ကိစ္စမျိုး ဖြစ်၍ အချိန်တန်လျှင် အပြည့်အစုံ ထုတ်ပြောသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

 

မစ္စတာ တန်နဲလ်၏ စကား အသွားအလာ ကို ကြည့်ကာ အကြမ်းဖက် စစ်တပ်၏ ခြိမ်းခြောက်မှု ခံနေရသည်ဟု ယူဆနိုင်စရာ ရှိလာနေသည်။

 

ဆိုလိုသည်မှာ သူတို့အကြောင်း ဆက်ပြောနေလျှင် ပြည်တွင်း ရှိ သူ၏ မိတ်ဆွေ လုပ်ဖေါ်ကိုင်ဖက် များကို ဖမ်းဆီးမည့် သဘော ရှိနေသည်။ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်း ဆိုသည် များသော အားဖြင့် အသက် နှင့် ခန္ဓာ အိုးစားကွဲ ကြရသည်က များသည် မဟုတ်ပါလော။

 

မည်သို့ပင် ဆိုစေ ထိုကဲ့သို့ စာမျိုး ပေါက်ကြားထွက်လာခြင်းကပင် မင်းအောင်လှိုင် အမိန့်ဖြင့်သာ ဆုံးဖြတ်၍ လုပ်ခဲ့ခြင်း ဆိုသည်မှာ ထင်ရှားနေသည်။ နိုင်ငံခြားရေး တွင် အတွေ့အကြုံ အထိုက်အလျှောက် ရှိသော ဝဏ္ဏ မောင်လွင်၊ ရင်ရင်နွယ် တို့မှ ထိုသို့ ရူးနှမ်းသော စာမျိုး ထုတ်ဖို့ကို သဘောတူ လိမ့်မည် မထင်။ နိုင်ငံတကာတွင် Greatest joke of all time အကြီးအကျယ် ဟာသ ဖြစ်နိုင်ပြီး ၎င်းတို့လို လူမျိုး များ၏ အုပ်ချုပ်ခြင်းကို ခံနေ ရသော မြန်မာပြည်သူများ အပေါ် ဂရုဏာ သက်လာနိုင်သည်ကို တွက်ချက်မိကြမည်လည်း ဖြစ်သည်။

 

မစ္စတာ တန်နဲလ် ကိုယ်တိုင် သူ၏ အင်တာဗျူးတွင် သူ ချစ်မြတ်နိုးရသော မြန်မာ ပြည်သူများအား မည်သို့မျှ ကိုယ်စားပြုနိုင်ခြင်း မရှိသော လူယုတ်မာများ၊ အရူးများ knaves and fools လက်အောက် သက်ဆင်းနေ ရမှုသည် လွန်စွာ ကြေကွဲဖွယ် ကောင်းလှသည်ဟု ပြောဆိုခဲ့ပြီး ဖြစ်သည်။ ထိုစကားအတွက် မင်းအောင်လှိုင် အဖို့ ဒေါသ ငယ်ထိပ် ရောက်သွားခဲ့ရပုံ ရှိသည်။

 

ဤ လုပ်ရပ်သည် စုပေါင်း ဆုံးဖြတ်ခြင်းမျိုး မဟုတ်ဘဲ မင်းအောင်လှိုင်၏ အတွေးအခေါ် တခုတည်းဖြင့်သာ လုပ်ခဲ့သည် ဆိုသည်က ထင်ရှားနေပေသည်။

 

မင်းအောင်လှိုင်သည် သူသိသူတတ် သွေးနားထင် ရောက်ရုံမက အကြောက်တရားဖြင့် ထင်ရာစိုင်းနေပြီ ဖြစ်သည်။ သူ့အဖို့ လည်း ရှေ့လျှောက် စိုးရိမ်စရာ များ ရှိနေသည်။

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် တော်လှန်ရေး အတွက် ကိုယ့်ကိုယ်ကိုယ် အသေခံရန် ဝန်မလေးကြ ဆိုသည်ကို စစ်ကိုင်းတိုင်း ကောလင်း မြို့နယ် တွင် ကောလင်း တော်လှန်ရေး အဖွဲ့ ဝင် အမျိုးသမီး နှစ်ဦး ဖြစ် သည့် ဒေါ်စုစုရီ (၄၅ နှစ်)၊ မနှင်းနှင်းလှိုင် (၂၀ နှစ်) တို့မှ အကြမ်းဖက် စစ်တပ် နှင့် ရင်ဆိုင်တိုးသဖြင့် အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့သည့် သတင်းကိုလည်း ကြားသိနေပြီး ဖြစ်သည်။

 

ထိုသို့ ပြင်းပြသော စိတ်ဓါတ်နှင့် တိုက်ပွဲ ဝင်နေကြသည့် တော်လှန်ရေး တပ်ဖွဲ့ များ ကို ၎င်း အနေနှင့် မည်သို့မျှ အနိုင်ရရန် အကြောင်း မရှိတော့။ ကျွန်တော် မကြာခဏ ပြောနေသလိုပင် မင်းအောင်လှိုင်သည် borrowed time ဖြင့် အာဏာကို ဆက်လက် ဆုတ်ကိုင်‌‌နေရပြီ ဆိုသည်ကို သူ အနေဖြင့် လက်ခံလိုစိတ် မရှိသော်လည်း အနီးအနားရှိ လက်ထောက်များကတော့ ရိပ်စားမိနေလေပြီ။

 

တော်လှန်ရေး တပ်ဖွဲ့ များဖက်မှ ပြင်းပြင်းထန်ထန် တချက် ဆောင့်တွန်းနိုင်မည် ဆိုလျှင် ပြိုလဲသွားကြတော့ မည် ဖြစ်သည်။

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် ၂၀၂၃ တွင် တော်လှန်ရေး အဆုံးသတ်ရန် ရည်မှန်းချက် ဖြင့် အထူး ကွန်မန်ဒို သင်တန်းများ တက်ရောက်နေပြီး လက်နက်ခဲယမ်းများလည်း စုဆောင်းနေကြောင်း သိရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ လက်နက် အလုံအလောက် ထောက်ပံ့နိုင်သည့် အနေအထား ဖြစ်လာသည်နှင့် PDF တပ်မဟာ (၁) မှ စတင် ထိုးစစ်ဆင် ဆိုသော သတင်းမျိုး ကို ပြည်သူများ အားတက်ဖွယ် ဖတ်ရှုလာရ တော့မည်။

 

ယခုအခါ အားလုံးသည် ၂၀၂၃ အား ရည်မှန်းချက် အဖြစ် သတ်မှတ်ပြီး ကြိုးစားနေကြ၍ အမေရိကန် ၏ အကူ အညီ ဘယ်တော့လာမလဲ ဟု စောင့်မျှော်မနေဘဲ မိမိတို့ အားလုံး မှ နိုင်သလောက် ပုံအော ထည့်ဝင် လှူဒါန်း ကြရ တော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!