အဆင်ခြင်မဲ့ အာဏာသိမ်းရာမှ ငွေကုန် လူပမ်းရုံ ဖြစ်မည့် ရွေးကောက်ပွဲ ဆီသို့

by Hla Soewai - Jan 16 2023

မင်းအောင်လှိုင်သည် ယခုအခါ အချိန်ကုန်၊‌ ငွေကုန်၊ လူပမ်းပြီး တိုင်းပြည်၏ အရင်းအမြစ် များ ဖြုန်းတီးမည့် ‌"ရွေးကောက်ပွဲ" ပြုလုပ်ပြီး လူတောထဲ ဝင်တိုး နိုင်ရေး သက်သက်ဖြင့် ဒီမိုကရေစီ ဗန်းပြ လိမ်ညာလှည့်ဖျားရန် ကြံစည် နေပြီ ဖြစ်သည်။

 

သို့သော် ၎င်း၏ ရွေးကောက်ပွဲအား လွန်ရော ကျွံရော စိတ်တူ ကိုယ်တူ အာဏာရှင် လက်တဆုပ်စာ ကသာ အသိအမှတ် ပြုဖို့သာ ရှိသည်ဟု မြန်မာနှင့် ပတ်သက်ပြီး စာအုပ်ပေါင်းများစွာ ရေးသားပြုစုခဲ့သူ ဝါရှင်တန် တက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ တွဲဖက် ပါမောက္ခ မေရီ ကာလာဟန် မှ Frontier Myanmar တွင် From the coup to something called "election" ခေါင်းစဉ်ဖြင့် ယခုလို ဆောင်းပါးရေးသားလာခဲ့သည်။

 

ထိုရွေးကောက်ပွဲကြောင့် အခြေအနေသည် အကြမ်းဖက်မှု များဖြင့် ဆိုးရွားလာဖို့သာ ရှိနေသည်ဟု အားလုံးက သိထားပြီး ဖြစ်သော်လည်း မင်းအောင်လှိုင် ကတော့ ‌ဇွတ်တိုးလုပ်ဖို့ ရှိနေသည်။

 

၎င်း၏ အာဏာသိမ်းမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သန်းချီသော ပြည်သူများ အိုးအိမ်များ ပျက်စီး ဆုံးရှုံးပြီး စားရမဲ့ သောက်ရမဲ့ ဘဝ ရောက်ကုန်ကြသည်၊ စစ်ရာဇဝတ်မှုများ လည်း အပတ်တိုင်း ဆက်၍ ကျုးလွန်နေပြီး လူ အဖွဲ့အစည်း တခုလုံးအား ပေးတာယူ၊ ခိုင်းတာလုပ် ဆိုသည့် စစ်တပ် ပုံစံ ရိုက်သွင်းလျှက် ရှိ‌သည်။

 

၎င်း၏ ရွေးကောက်ပွဲအား ဩဂုတ်လ ၁ ရက်နေ့တွင် လုပ်လိမ့်မည်ဟု ယူဆရသည်၊ ထိုနေ့သည် ဖွဲ့စည်းပုံအရ ၎င်း၏ အရေးပေါ် အခြေအနေကို တရားဝင် အဆုံးသတ် ပေးရမည့် နေ့လည်း ဖြစ်သည်။

 

ရွေးကောက်ပွဲ ဇာတ်ထုတ် ကြီးမှ မည်သိုသော ရလဒ် ထွက်ပေါ်လာစေကာမူ အထက်တန်း စစ်ဗိုလ်ချုပ်ကြီးများ အတွက် "ထွက်ပေါက်ရမည့် မဟာဗျုဟာ" ဖြစ်လာလိမ့်မည် မဟုတ်သည့်အပြင် ငြိမ်းချမ်းရေးလည်း ပေါ်ထွက်လာမည် မဟုတ်ပေ။

 

မင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲအား မဲမသမာ မှု များ ရှိသည် ဟု အကြောင်းပြ အာဏာသိမ်းထားမှုအား မှန်ကန်ကြောင်း ရွေးကောက်ပွဲ ဖြင့် လီဆယ် သက်သေပြနိုင်လိမ့်မည်ဟု စိတ်ထဲစွဲနေသူ ဖြစ်သည်။ တဖက်တွင်လည်း စစ်တပ်သည် တိုင်းပြည်ကို ထိမ်းသိမ်းကာကွယ်ပေးနေသည့် အဖွဲ့အစည်း အဖြစ် ထပ်၍ ကြွေးကျော် နိုင်ဦးမည် ဖြစ်သည်။

 

တကယ်တမ်း အာဏာသိမ်းခဲ့သည့် အကြောင်းရင်းသည် သက်တမ်းကုန်၍ ပင်စင်ယူရတော့မည် အရေး ကြောင့် အာဏာလက်လွှတ် ရဖို့ ဖြစ်လာခြင်းနှင့်၊ နောက်တကြောင်းက နိုင်ငံတော် အတိုင်ပင်ခံ အပေါ် အမျက်သိုပြီး အငြိုးထားလာမှု များကြောင့်ပင် ဖြစ်သည်။

 

ရွေးကောက်ပွဲ အတွက် ၎င်းကိုယ်တိုင် လက်ရွေးစင် ရွေးထုတ်ခန့်ထားသော ကော်မရှင် အဖွဲ့ဝင် သက်ကျားအို ၁၅ ဦးသည် လည်း ပထမနေ့ကတည်းကပင် ၎င်းလိုချင်သည့် ပုံစံအတိုင်း NLD ထက် သာအောင် လုပ်ပေးနိုင်မည်ဟု ယုံကြည်နေကြသူများ ဖြစ်နေပြန်သည်။

 

သို့ ‌သော် ဇူလိုင်၊ ဩဂုတ်လများသည် ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ်များ ဖြစ်ပြီး မိုးကောင်းသည့် လများ ဖြစ်၍ ရွေးကောက်ပွဲအား ‌ထိုလများ အတွင်း တခါဖူးမျှ ပြုလုပ်ခဲ့ဖူးခြင်း မရှိ‌ပေ။

 

သို့သော် ၎င်းတို့အတွက် အချိန်မရှိတော့၊ မဲစာရင်း ပြုစုရန်၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ မှတ်ပုံတင်ရန်၊ ၎င်းတို့ မဲဆန္ဒနယ်မြေများတွင် လှုံ့ဆော်ရေး အတွက် ကွင်းဆင်းရန်၊ ကော်မရှင်သည် ‌ရွေးကောက်ပွဲအား PR စနစ်သို့ ပြောင်းရန် တို့အတွက် အချိန်ယူရဖို့ ရှိနေသည်။ ရွေးကောက်ခံ အမတ်လောင်းများ အတွက် မဲဆွယ်ခွင့်ကို ရက် ၆၀ မှ ၉၀ အထိ တိုးပေးမည်ဟု ကောလဟသများ ထွက်နေသည်။ မဲဆန္ဒ နယ်မြေများကို လည်း မြို့နယ် ပေါင်း ၃၃၀ မှ ခရိုင်အဆင့် ၁၀၀ ကျော်အထိ ပြောင်းလဲဖို့ ဦးတည် လုပ်ဆောင်လျက် ရှိသည်။ သို့မှသာ မင်းအောင်လှိုင်၏ ရွေးကော်သည် ထိထိရောက်ရောက် ထိန်းချုပ်နိုင်မည်ဟု ယူဆထားသည်။

 

PR စနစ်သည် စစ်တပ် လိုလားသော ပါတီများ လွှတ်တော်ထဲ ဝင်ရောက်ခွင့် ရရေး အတွက် ရည်ရွယ်ခြင်းပင် ဖြစ်သည်။ ထို့ပြင် မင်းအောင်လှိုင်သည် ကိုယ်စားလှယ် ၂၅% ကို သူတဦးတည်း စိတ်ကြိုက် ရွေးချယ် ခန့်အပ်နိုင်ခွင့် ရှိနေပြန်၍ ပါတီများ သပိတ်မှောက်ဖို့ ရှိနေသော်လည်း သူ့အတွက် အောင်ပွဲကတော့ သေချာသလောက် ရှိနေပြီ ဖြစ်သည်။

 

အဓိက အန္တရာယ် ရှိလာနေသည်ကား မဲဆန္ဒရှင်စာရင်း ကောက်ယူရေးပင် ဖြစ်သည်။ ထိုသို့သော စာရင်းမျိုးကို ဝန်ကြီးဌာနများက တာဝန်ယူ ပြုစုထားခြင်း မရှိပဲ ရပ်ကျေး အဆင့်မှ ပြုလုပ်‌ပေးရသည်။ ရပ်ကျေးများကလည်း အဆိုပါ စာရင်းမျိုးကို update လုပ်ထားကြခြင်းသည် မရှိသလောက် ရှားပါးလှသည်။ နိုင်ငံတဝှမ်းတွင် ရပ်ကျေး အဆင့် အုပ်ချုပ်ရေးမှုးများလည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး စာရွက်စာတမ်းများလည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

 

‌ရပ်ကွက် ကျေးရွာများ အထဲထိ ကွင်းဆင်း ကောက်ယူ ရမည့် သူများသည်လည်း တော်လှန်ရေး အင်အားစုများ၏ ပစ်မှတ်များ ဖြစ်လာပေဦးမည်။

 

အာဏာသိမ်း အဖွဲ့သည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို မည်သို့ပင် လုပ်လာစေကာမူ မြန်မာ သမိုင်းတွင် သွေးထက်သံယို အဖြစ်ဆုံး ရွေးကောက်ပွဲ အဖြစ် သမိုင်းတွင်ကျန်ရစ်ဖို့သာ ရှိပေသည်။

 

၁၉၅၁-၅၂ တွင် ပြည်တွင်းစစ်ကြောင့် ရွေးကောက်ပွဲကို သုံးကြိမ် ခွဲ ပြုလုပ်ခဲ့ရပြီး မဲဆန္ဒပေးသူ ၁၈% သာ ရှိခဲ့သည်။ စစ်တပ်သည်လည်း ထိုသို့ အဆင့်ဆင့် ပြုလုပ်မည်ဟု ကောလဟသများ ထွက်ပေါ်နေသည်။ ပထမအဆင့် အဖြစ် ၎င်းတို့ အပိုင် ထိန်းချုပ်ထားနိုင်သည့် နေရာများတွင် ပြုလုပ်သွားဖို့ ရှိနေသည်၊ ထိုနေရာများသည် စစ်တပ် အခိုင်အမာ တပ်စွဲထားသည် နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ မင်္ဂလာဒုံ နှင့် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ ပေါင်း ၂၀ ခန့် ရှိနေသည့် မကွေး တိုင်း အတွင်း တွင် ဖြစ်ဖွယ်ရှိသည်။

 

ထို့ပြင် နိုင်ငံတဝှမ်းရှိ ပျုစောထီး ရွာများ နှင့် စစ်စခန်းများ ရှိရာ ဒေသများရှိ စုစုပေါင်း ကျေးရွာ ၂၀၀ ခန့်လည်း ပါဝင်ဖို့ ရှိနေသည်။

 

၎င်းတို့အား တိုက်ခိုက်ခြင်း မရှိသည့် တိုင်းရင်းသား ဒေသများ ဖြစ်သည့် ဝ နှင့် မွန်ပြည်သစ် ပါတီ တို့ ထိန်းချုပ်ဒေသများတွင်ပင် ပြုလုပ်နိုင်ဖို့ အလှမ်းဝေးလျက် ရှိနေသည်။ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကတော့ ၎င်းတို့ ဒေသများတွင် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မည်သို့သော လုပ်ငန်းမျိုးမှ ခွင့်မပြုဟု အတိအလင်းပြောဆိုထားပြီးလည်း ဖြစ်သည်။

 

ကချင် လွတ်မြောက်ရေး အဖွဲ့ ဥက္ကဌကမူ ရွေးကောက်ပွဲ တွင် ပါဝင်သည့် မည်သည့် ပါတီမဆို "ရန်သူ ဖက်က ရပ်တည်နေသူများ" အဖြစ် သတ်မှတ်သွားမည်ဟုပင် သတိပေးလာခဲ့သည်။

 

နိုင်ငံတွင်းရှိ ခရိုင် စုစုပေါင်း၏ ထက်ဝက်ခန့် တွင် ပြုလုပ် နိုင်ခဲ့သည် ဆိုစေဦး လူထု အတွက် အန္တရာယ် ရှိလာနိုင်သည်။ လာရောက်မဲပေးသူ များကို အချို့သော စိတ်မာ ခက်ထန်သည့် တော်လှန်ရေး အင်အားစု များ က တရားဝင် ပစ်မှတ်များ အဖြစ် ယူဆ၍ ရနေသည်။ တဖက်တွင် မဲထည့်ရန် ပျက်ကွက်သူများ၏ အိမ်များကို ရဲများ မှ ဝင်ရောက် စီးနင်း စစ်ကြောမှုများ ပြုလုပ်လာနိုင်ပြီး၊ ရွာများ အတွက်လည်း ဗုံးကြဲ မီးရှို့၊ အမြှောက်နှင့် ထုရာတွင် လက်ယဉ်နေပြီ ဖြစ်သော စစ်တပ်၏ ရန်ကလည်း ရှိနေပြန်သည်။

 

ဆောင်းပါးရှင်က ဖြစ်လာနိုင်သည့် ဖြစ်စဉ် နှစ်ရပ်ကို ချပြခဲ့သည်။

 

ပထမ ဖြစ်စဉ်သည် မင်းအောင်လှိုင်သည် ‌ယခင် နေရာ ၄၀၀ မှ ၂၀၀ အထိ လျော့ချပြီး လေကြောင်း နှင့် မြေပြင်တပ်အင်အား အလုံအလောက်ချကာ လုပ်လာနိုင်သည်။ ဒုတိယ ဖြစ်စဉ် အဖြစ် ဩဂုတ် ၁ ရက်နေ့ နောက်ဆုံး ပြုလုပ်ပေးရမည့် အရေးကို ရွှေ့ဆိုင်းရန် ဥပဒေ ကို လက်တလုံးခြား လုပ်ကာ အကြောင်းပြ၍ ရနိုင်မည့် တခုခု ကို ရှာလာနိုင်သည်။ ထိုသို့ လုပ်လာမည် ဆိုလျှင်ပင် သူ၏ လက်အောက်ငယ်သားများ အကြား အကြီးအကျယ် မျက်နှာ ပျက်စရာ ဖြစ်လာနိုင်သည်။ ၎င်းသည် လုပ်တိုင်း ရှုံးနေသည့် ရွေးကောက်ပွဲ ကို အစွဲအလမ်းကြီးနေသည့် စစ်တပ်ထဲမှ ခေါင်းဆောင် အဖြစ် ထွက်ပေါ်လာခဲ့သူ လည်း ဖြစ်နေပြန်သည်။

 

ဝင်ရောက်ယှဉ်ပြိုင်မည့် လူများသည် ပင်‌စင်ပေး၍ စစ်တပ် ပါတီ ဖြစ်သော ကြံဖွတ်သို့ စေလွှတ်ခံရသည့် ဗိုလ်ချုပ်ဟောင်းများ၊ အောက်‌ ‌ခြေ လူထု၏ ထောက်ခံမှု မရှိသည့် ထွေလီကာလီ ပါတီငယ်လေးများ ဖြစ်သည်၊ ထိုပါတီငယ်လေးများထဲတွင် စစ်တပ် နှင့် မဟာမိတ် ပြုထားသည့် ရှမ်းအမျိုးသား တိုးတက်ရေး ပါတီ (SNDP) နှင့် ကိုကိုကြီး၏ ပြည်သူ့ ပါတီလည်း ပါဝင်နေသည်။ လက်ရှိ စစ်အာဏာသိမ်း အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် ပါဝင်နေသည့် NLD မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDF) နှင့် ပြည်သူ့ ရှေ့ဆောင်ပါတီ (PPD) တို့လည်း သေချာပေါက် ပါဝင်လာဖို့ ရှိနေသည်။

 

၎င်းတို့ ပါခြင်း မပါခြင်းထက် ပို၍ စိုးရိမ်စရာ ဖြစ်လာရသည်က NLD အပေါ် မကျေနပ် ဖြစ်နေကြသည့် အဓိက တိုင်းရင်းသား လူနည်းစုပါတီများ ပါဝင်လာကြမည့် အရေးပင် ဖြစ်သည်။ ထိုအထဲတွင် မွန်ညီညွတ်ရေး ပါတီ (MUP) က ပါဝင်မည်ဟု အတည်ပြုထားပြီး ဖြစ်သော်လည်း SNLD နှင့် ANP တို့က ယခုထိ ယတိပြတ် ပြောဆိုခြင်း မရှိသေးပေ။

 

မကြာမီက ဒေါ်အောင်ဆန်းစုကြည် ထံမှ ထောက်ခံမှု ရရန် ဖြစ်ကတတ်ဆန်း ချည်းကပ်ခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ရွေးကောက်ပွဲ တရားဝင်ဖို့ မရှိ မဖြစ် လိုအပ်နေသည့် NLD မှ ပါဝင်မည့် အနေအထား မတွေ့ရပေ။

 

၎င်းတို့၏ အလိမ်အညာ ရွေးကောက်ပွဲအား ကောင်းချီးပေး ထောက်ခံကြမည့် နိုင်ငံများ ဟူ၍ လက်နက် ရောင်းချ၍ အမြတ်အစွန်းများ ရနေပြီး ကုလ လုံခြုံရေး ကောင်စီတွင် ၎င်းတို့အား အကာအကွယ် ပေးနေသည့် တရုတ် နှင့် ရုရှားတို့သာ ရှိပေသည်။ မြန်မာ နှင့် ပတ်သက်ပြီး အမြတ်ထုတ်ဖို့ စိတ်ကူးနေ‌သော အိန္ဒိယ နှင့် ထိုင်း တို့ကလည်း ထောက်ခံလာဖို့ ရှိနေသည်။ ထိုနိုင်ငံများမှ လွဲ၍ အခြားနိုင်ငံများမူ ထိုသို့ လုပ်ရန် ခေါင်းထဲပင် ထည့်ထားကြမည် ဟု မဟုတ်ဟု ယူဆရသည်။

 

စစ်တပ်သည် ‌ရွေးကောက်ပွဲဖြင့် တိုင်းပြည် တည်ငြိမ်လာမည်ဟု အမျှော်လင့်ကြီး မျှော်လင့်နေသော်လည်း ၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဖြစ်‌လာခဲ့သည့် နမူနာများအရ ၎င်းတို့ မည်သို့မျှ ထိန်းချုပ်၍ မရနိုင်သည့် အဖြစ်အပျက် များဆီသို့လည်း ဦးတည်သွားနိုင်ပြန်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!