ဒါက နောက်တမျိုး

by Hla Soewai - Jan 16 2023

Forbes မဂ္ဂဇင်းကြီး ၏ စစ်တမ်းအရ ကမ္ဘာတွင် အချက်အလက် မှန်ကန်တိကျစွာ ဖေါ်ထုတ် နိုင်သည့် ထိတ်တန်း သတင်းစာ ကြီးများထဲတွင် ပဉ္စမ မြောက် နေရာတွင် ရပ်တည်နေသည့် အင်္ဂလန် နိုင်ငံ တွင် ထုတ်ဝေသည့် အီကောနော်မစ် မဂ္ဂဇင်းကြီးမှ "အယူသည်းလှ‌သော မြန်မာ စစ်ဗိုလ်ချုပ်များ" ဟူ၍ သတင်းဆောင်းပါး ပါရှိလာပြန်သည်။

 

ထိုသတင်းစာကြီးများသည် အချက်အလက် မှန်ကန်မှု ဆိုသည့် ဂုဏ်သိက္ခာကို အရင်းပြု ရပ်တည်နေရ၍ ‌လက်လွတ်စပယ် ရေးသားခွင့် မရှိပေ၊ ထို့အတွက်လည်း ထိုသတင်းစာကြီးများ၏ အာဘော်ကို ကမ္ဘာခေါင်းဆောင်များက တလေးတစား လေ့လာ ဖတ်ရှုနေကြခြင်းသည်လည်း ဆန်းကြယ်သည့် ကိစ္စတော့ မဟုတ်ပေ။

 

ကြုံကြိုက်၍ ဗဟုသုတ အနေဖြင့် တင်ပြရမည် ဆိုလျှင် နံပတ်တစ် နေရာတွင် နယူးယောက်တိုင်းမ်၊ နံပါတ် နှစ် အဖြစ် ဝေါစထရိ ဂျာနယ်၊ နံပတ် သုံး ဝါရှင်တန် ပို့စ်၊ နံပတ် လေး ဘီဘီစီ တို့ ဖြစ်သည်။

 

နံပတ် ငါး ဖြစ်သည့် ယခု အပတ်ထုတ် အီကောနော်မစ် တွင် ပါရှိလာသည့် "Myanmar's generals are deeply superstitious" ဆောင်းပါးတွင် ယခုလို ဖေါ်ပြထားပြန်သည်။

 

ထီးလိုမင်းလို စေတီ သည် မြန်မာတွင် ရာစု နှစ်ပေါင်းများစွာကတည်းက မင်းလောင်းများ မဖြစ်မနေ ဦးခိုက်ရသည့် ဘုရားတဆူလည်း ဖြစ်သည်။ ယခုလည်း မြန်မာဒီမိုကရေစီ နေဝင်လုဆဲဆဲ အချိန် ၂၀၂၀ တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုဘုရားကြီးတွင် ထီးတော်တင်ပွဲ ပြုလုပ်လာခဲ့သည်။ ထီးတော်ဆိုသည်က မြန်မာဘုရင်တို့၏ တန်ခိုးအာဏာ ကို ကိုယ်စားပြုသည့် သင်္ကေတ တခုလည်း ဖြစ်သည်။

 

ဗိုလ်ချုပ်ကြီးသည် ဘုရားအား အမွှေးနံ့သာရည် များ ဆွတ်ထားသော ငွေစက္ကူများ နှင့် တောက်၍ ပက်ဖျန်းခဲ့ပြန်သည်။

 

နောက်တနှစ် အကြာတွင် သူသည် တိုင်းပြည်အာဏာကို သိမ်းယူလိုက်ပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ မင်းအောင်လှိုင်သည် ၁၉၆၂ မှ ၂၀၁၅ အထိ တိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားသော စစ်တပ် လက်အောက်သို့ ပြန်လည် သွတ်သွင်းခဲ့သည်။ ယခင် စစ်အာဏာရှင် များ ကဲ့သို့ပင် mumbo-jumbo ဆိုသည့် ဘာမှန်း ညာမှန်း မကွဲပြားသည့် စကားများ၊ အပြုအမူ များ ကို အမြင့်ဆုံး အထိ ဆွဲတင်လာခဲ့ပြန်သည်။

 

သို့သော် နိုင်ငံတွင်း ဖြစ်ပွားနေ‌သော ပြည်တွင်းစစ်ကြီး အဆုံးသတ်ရေး အတွက်တော့ ရလဒ် ကောင်းများ ထွက်ပေါ်မလာခဲ့ပေ။ သို့သော်လည်း ၎င်းတို့အဖို့က လူထု၏ ထင်မြင် ယူဆချက်၊ အာဏာသည် လူထု ထံမှ ဆင်းသက်ရမည် ဆိုသည်ထက် အထက်ဘုံ လောကသားတို့ ထံမှ ဆင်းသက်ကျဆင်းလာမည့် အာဏာ သည်သာ တရားဝင် သည်ဟု ယူဆနေကြသည့် အတွက် ပို၍ အရေးပါသည်ဟု မှတ်ယူနေကြသူများ ဖြစ်သည်။

 

နိုင်ငံတွင် ဗေဒင် ကိန်းခန်းများ အပေါ် ယုံကြည်သက်ဝင်မှုသည်လည်း ရေပန်းစားလျှက် ရှိသည်။ လူဦးရေ ၅၅ သန်း ရှိသည့် အနက် အများစုသည် ဂြိုလ်နက္ခတ် လားရာ အရ "ယတြာ" ခြေလေ့ ရှိကြပြန်သည်။

 

တိုင်းပြည် ၏ လွတ်လပ်ရေး ကိုပင် ဝေဒ ဆရာကြီးများ၏ ညွှန်ပြသည့် အတိုင်း နမိတ်ကောင်း တရပ် အဖြစ် နေ့ရက် အချိန်နာရီကို တွက်ချက်စေကာ ဇန်နဝါရီ ၄ ရက် နံနက် လေးနာရီ မိနစ် နှစ်ဆယ် တွင် လက်ခံရယူခဲ့သည်။

 

လက်ရှိ စစ်ဗိုလ်ချုပ်များကတော့ ထူးထူးခြားခြား အယူသည်းကြသူများဟု ဆိုရမည် ဖြစ်သည်။ ယခင် စစ်အာဏာရှင် သန်းရွှေသည် မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည့် အကြောင်းရင်းများထဲတွင် နက္ခတ် ဗေဒင် ဆရာများ၏ ညွှန်ပြချက် သည် တစိတ်တပိုင်း အားဖြင့် ပါဝင်ခဲ့သည်။ နေပြည်တော် ဆိုသည့် မြို့တော်ကြီးအား တောထဲ တောင်ထဲတွင် မြေကွက်ဖေါ်ပြီး စတင် ဆောက်လုပ်ခဲ့ကြသည်။ (နောက်ပိုင်း သုံးနှစ်အကြာ ရန်ကုန်သို့ကြောက်မက်ဖွယ်ရာ ဆိုင်ကလုံး မုန်တိုင်းကြီး ဝင်ရောက် မွှေနှောက် ခံခဲ့ရမှုကြောင့် နတ်ဘုရား တို့ လမ်းညွှန်ပြမှုသည် မှန်ကန်သည်ဟု သက်သေထူပေးသလို ဖြစ်သွားခဲ့ပြန်သည်။)

 

ထိုအချိန်က တနိုင်ငံလုံးတွင် နေကြာ မစိုက်မနေရ လှုပ်ရှားမှုကြီး ထွက်ပေါ်လာနေချိန်လည်း ဖြစ်သည်။ သန်းရွှေ၏ ဟူရား ဆရာသမားများက "အနေကြာအောင်" ဆိုသည့် မြန်မာ စကား အသံထွက်နှင့် ကိုက်ညီသည့် နေကြာပန်းကို စိုက်ခိုင်းခြင်း ဖြစ်သည်ဟု ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

 

သန်းရွှေ၏ ကံကောင်းသော ဂဏန်းသည် ၁၁ ဖြစ်သည်။ ထို့အတွက် နိုင်ငံရေး အကျဉ်းသား များကို ထောင်ဒဏ်ချမှတ်ရာတွင် ပေါင်းခြင်း ၁၁ ရသည့် ၆၅ နှစ်၊ ကျေညာချက်များအားလည်း ပေါင်းခြင်း ၁၁ ရသည့် နေ့ ရက်၊ အချိန်နာရီများတွင်သာ ထုတ်ပြန်လေ့ရှိသည်။

 

မင်းအောင်လှိုင်ကမူ သူ၏ အာဏာတည်မြဲ‌ ရေး အတွက် အယူသည်းမှုက ပို၍ ရက်စက်ကြမ်းကြုပ်လှသည်ဟု ဆိုရမည် ဖြစ်သည်၊ စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသူ အများစုသည် ‌ဦးခေါင်းတွင် ထိမှန် ခဲ့ကြသည့် အဖြစ်ကြောင့် မင်းအောင်လှိုင်သည် ၎င်းကိုးကွယ်နေသော ဆရာသမားများ၏ အကြံပေးသည် ဗျုဟာ အတိုင်း အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် နေကြာပန်း ထွက်ရှိရေး အတွက် ဟာကွက် မရှိ‌ အောင် အသေးစိတ် စီမံခန့်ခွဲလာခဲ့ကြသည်။ သို့သော် လူထု အစိုးရ လက်ထက်တွင် အထွက်နှုန်း ကျဆင်းလာခဲ့သည်။

 

ယခုနှစ်တွင် မူ ၂၀၂၁ အထိ ဧက ‌၆ သိန်း ရှိခဲ့သည့် နေကြာ စိုက်ခင်းများအား ဧက တသန်းခွဲအထိ တိုးမြှင့်ရန် စီစဉ်လာကြသည်။ စားအုံးဆီ တင်သွင်းမှု ကို လျော့ချနိုင်ရန် နေကြာဆီ ဖြင့် အစားထိုးနိုင်ရေး အတွက်လည်း ဖြစ်သည်။ သို့သော် ထိုသို့ အစားထိုး နိုင်သည့် မြေပဲ၊ နှမ်း ကဲ့သို့သော သီးနှံများ အတွက်ကိုမူ ရည်မှန်းချက် တစုံတရာ ထား ရှိသည်ကို မ‌တွေ့ရဟု မြန်မာ အရာရှိတဦးက ပြောပြခဲ့သည်။

 

တဖက်တွင် စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင် တွန်းလှန်နေသူများဖက်ကလည်း အလားတူ အယူသည်းမှု များ နှင့် ချေဖျက်လာကြသည်။

 

အာဏာသိမ်းပြီးစ တွင် အဓိကရုဏ်း နှိမ်နှင်းရေး တပ်ဖွဲ့ဝင်များ လှည့်လည်သွားလာနေသည့် နေရာများ တွင် အမျိုးသမီး ထမိန်တန်းများ ဆွဲထားခဲ့ကြသည်။ ထိုထမိန်တန်းအောက်မှ ဖြတ်လျှောက်မိသူ အမျိုးသားများ အတွက် ဘုန်းနိမ့်သည် ဆိုသော အယူ ရှိ၍လည်း ဖြစ်သည်။

 

အွန်လိုင်း မှ ဆန့်ကျင်တွန်းလှန်နေကြသူများ က ကျေးရွာများတွင် နေကြာပန်းများ မစိုက်မနေရ အမိန့်ထုတ်ပြန်လာမှု အပေါ် ကြာကြာမနေရဖူး စကား နှင့် ထပ်တူကျသည့် "ကြာဖူး" ပုံများကို ဆိုရှယ် မီဒီယာ များ ပေါ်တွင် တင်လာခဲ့ကြသည် ဟု မဂ္ဂဇင်း တွင် ရေးသားခဲ့သည်။

 

ထပ်မံရရှိသော သတင်းတပုဒ် အရ စစ်အာဏာသိမ်း အဖွဲ့ မှ ၎င်းတို့ ပြည်တွင်းရေး တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် နှင့် ၎င်းတို့မှ အကြမ်းဖက် အဖွဲ့အစည်းဟု သမုတ်နေသော အမျိုးသား ညီညွတ်ရေး အဖွဲ့ နှင့် မဆက်သွယ်ရန် သတိပေးချက် ထုတ်ပြန်လာခဲ့သည်၊ ဤသည်ကပင် အာဆီယံ ၏ မူ ငါးချက် ကို လိုက်နာမည် မဟုတ်ဟု သွယ်ဝိုက် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

သို့သော် ‌ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တန်နယ်ကိုပင် လွတ်ငြိမ်းခွင့် ပယ်ဖျက်သည်ဟုပင် ပြောလာသော လူများ ၏ ခေါင်းမှ ထွက်လာသော စကားများကို မည်သူက အလေးအနက်ထား စဉ်းစာကြပေဦးမည်နည်း။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!