စစ်တပ်မှ လက်နက်များ ဒလကြမ်း ထုတ်လုပ်လျက် ရှိ

by Hla Soewai - Jan 18 2023

မဟာဗျူဟာ လေ့လာရေး အင်စတီကျု မှ နိုင်ငံအတွင်း သေနတ်သံ မကြားရသည့် နေရာဟူ၍ တနေရာမျှ ပင် မကျန်တော့သော ဖေါ်ပြထားသည့် အခြေအနေ နှင့် ရင်ဆိုင်နေရသော အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ သစ္စာခံနေသော စစ်သားများ အား မရဏ ခံတွင်း သို့ ပို့ဆောင်နေယုံ ဖြင့် အားမရတော့ပဲ အရပ်ဖက် ဝန်ထမ်းများကိုပါ ပို့ဆောင့်ပေးနေပြီ ဖြစ်သည်။

 

ယခင်က စစ်တပ် သတင်းပေး ဒလန် များ ဆို့သည့် စက်ကွင်းသည် ကျယ့်ပြန့်လာတော့မည် ဖြစ်ပြီး ၎င်းတို့ အခိုင်းခံ ဝန်ထမ်းများ အဖို့ ပို၍လည်း အန္တရာယ်များလာပြီ ဖြစ်သည်။

 

သို့သော် ထိုသို့ လုပ်ဆောင်ရာတွင် စိတ်ပါလက်ပါ နှင့် လူထု အား ဒုက္ခပေးလာမည့် လူများ နှင့် နီးရာဓါး ကြောက်၍သာ လုပ်ပေးကြရသူများကိုတော့ တော်လှန်ရေး အင်အားစုများ က အလွယ်တကူ ခွဲခြားနိုင်မည်သာ ဖြစ်သည်။ သို့မဟုတ်က လူထု နှင့် ရန်တိုက်ပေးသော ၎င်းတို့၏ လှည့်ကွက်ထဲ ဝင်သွားနိုင်ပေသည်။

 

ဧရာဝတီ သတင်းဌာန ၏ ပုံတွင် ကြည့်က မြန်မာပြည်၏ အုပ်ချုပ်ရေး ယန္တရားသည် ဟိုး ယခင် မဆလ ခေတ်က အတိုင်း ဖြစ်နေသည်၊ တကယ်တမ်း လုပ်နေသူက တယောက်၊ ဘေးမှ ရပ်ကြည့်ပြီး လိုအပ်သည်များကို ညွှန်ကြားနေသူများက တပုံတပင် ကြီး တွေ့ရမည် ဖြစ်သည်၊ ၎င်းတို့ လက်အောက်တွင် တိုင်းပြည်၏ အရင်းအမြစ်များသည် မလိုအပ်ပဲ ပြုန်းတီးနေသည် အဖြစ်သနစ်များက သံသရာ လည် အနည်ထိုင်နေဆဲပင် ဖြစ်သည်။

 

၎င်းတို့ သင်ကြား တတ်မြောက်ထားသည်က အမိန့်ပေး အမိန့်ခံ စနစ်မျိုးသာ ဖြစ်၍ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား များ တိုးတက်ရေး တွင်မူ မည်သို့ ပြောင်းလဲ စီမံခံခွဲရမည်ကို သိရှိနားလည် နိုင်စွမ်း မရှိတော့ပဲ မိုးကျရွှေကိုယ် များ၏ လက်ပူတိုက် အဖြစ် နှင့် ဖွတ်ချက် ဖွတ်ချက် သွားနေရသည်မှာလည်း ရာစုနှစ် တဝက်နီးပါးမျှပင် ရှိနေပြီ ဖြစ်သည်။

 

သို့သော် ၎င်းတို့ အမိန့်ပေး အမိန့်ခံ စနစ် ဖြင့် လုပ်၍ ရနေသော ပြည်တွင်းရှိ စစ်လက်နက် ပစ္စည်း စက်ရုံများသည်ကား ၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် နိုင်ငံတကာ မှ ဝယ်ယူရရှိနေသော ပစ္စည်းများ ဖြင့် ဒလကြမ်း ထုတ်လုပ်နေပြီ ဖြစ်သည်ဟု မြန်မာ အရေး အထူး ကျွမ်းကျင်သူ များ နှင့် ဖွဲ့စည်းထားသော အထူး အကြံပေး ကောင်စီ မှ အစီရင်ခံစာ ထုတ်ပြန်လာခဲ့သည်။

 

ရောင်းချပေးနေသော နိုင်ငံများထဲတွင် ဥရောပ၊ အရှေ့အလယ်ပိုင်း နှင့် အမေရိကား မှ နိုင်ငံပေါင်း ၁၃ နိုင်ငံ ပါဝင်နေသည်ဟု သိရသည်။ ပြုပြင်ထိန်းသိမ်းရန် နှင့် အဆင့်မြှင့်တင်ရန် လိုအပ်သော အစိတ်အပိုင်းများကို စင်္ကာပူ နှင့် တိုင်ဝမ်သို့ပင် မဖြစ်မနေ တင်ပို့ခဲ့ကြသည်။

 

သက်ဆိုင်ရာ အစိုးရများ အနေဖြင့် ၎င်းတို့ နိုင်ငံများ အတွင်းရှိ ကုမ္ပဏီများ မှ ဂီတဖျော်ဖြေပွဲပါမကျန် တနိုင်ငံလုံး အနှံ့ မဲမဲမြင်ရာ ဗုံးကြဲနေသည့် မြန်မာ စစ်တပ်အား တင်ပို့ ရောင်းချနေမှု ကို စုံစမ်း စစ်ဆေးပေးရန် လည်း အစီရင်ခံစာ က တောင်းဆိုထားသည်။ ထိုကုမ္ပဏီများ အနေဖြင့် မြန်မာပြည်သူ များ သေကြေ ဒဏ်ရာရ နေမှုများ အတွက် တာဝန်ခံရမည်ဟု အဖွဲ့ဝင် ဖြစ်သူ ခရစ် ဆီဒိုတီ က ဆိုသည်။

 

နိုဝင်ဘာလ တွင် အမေရိကန် သည် လေယာဉ် အပိုပစ္စည်းများ အား ပိတ်ဆို့ ဒဏ်ခတ်မှု များ ပြုလုပ်ခဲ့သည်။

 

စစ်တပ်၏ ကပစ မှအပေါ့စား လက်နက်များ၊ စက်သေနတ်များ၊ လေယာဉ်ပစ် အမြှောက်များ၊ တင့်ကားဖျက် လက်နက်များ၊ လောင်ချာများ၊ ဒုံးကျည်များပါ ထုတ်လုပ်လာနေသည်ဟု သိရသည်၊ (ဤသည်ကို ကြည့်က စစ်အာဏာသိမ်း အဖွဲ့သည် ပြည်ပ မှ တိုက်ခိုက်လာနိုင်သည့် အလားအလာများကို ပါ ကြိုတင် တွက်ချက် ထားပြီး ဖြစ်သည်က သိသာနေသည်။)

 

ဂြိုလ်တုမှ ရိုက်ယူထားသော ဓါတ်ပုံများအရ ထိုသို့ ထုတ်လုပ်နေသော စက်ရုံပေါင်း နိုင်ငံ အနှံ့တွင် ဒါဇင်ပေါင်းများစွာ ရှိနေသည်ဟု ဆိုသည်။

 

အနောက်နိုင်ငံများ က အရပ်သုံး ခေါင်းစဉ်အောက်တွင် CNC စက်များ ဝယ်ယူနေခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ထောက်ပြခဲ့သည်။

 

သီးခြား သတင်း တပုဒ်တွင် အစ္စရေး လူ့အခွင့်အရေး ရှေ့နေများ နှင့် Justice for Myanmar (JFM) ၏ ဖေါ်ထုတ်ချက်အရ အစ္စရေး ရှိ Cognyte ဆော့ဖ်ဝဲယား ကုမ္ပဏီသည် ထောက်လှန်းရေး လုပ်ငန်းများ အတွက် ကြားဖြတ် ဖမ်းယူ နားထောင်နိုင်သည့် နည်းပညာ ဆိုင်ရာ ပစ္စည်းများအား မြန်မာ့ဆက်သွယ်ရေး နှင့် ကြေးနန်း ဆက်သွယ်ရေး (MPT) သို့ ရောင်းချပေးနေသည်ဟု သိရသည်။

 

အစ္စရေး ကုမ္ပဏီသည် လုပ်ငန်းတင်ဒါကို အာဏာမသိမ်းမီ နှစ်လ အလိုခန့်က ရရှိခဲ့ခြင်း ဖြစ်သော်လည်း ယခုထိ ဆက်လက် တင်ပို့ နေဆဲပင် ဖြစ်သည်။ အစ္စရေး ဥပဒေအရ ကာကွယ်ရေး လုပ်ငန်းသုံး ဟု သတ်မှတ်ထားမှုကို ဖေါက်ဖျက်နေခြင်း ဖြစ်၍ စုံစမ်း အရေးယူ ပေးရန် အစ္စရေး ရှေ့နေချုပ်ထံ တင်ပြ တောင်းဆိုထားကြသည်။

 

လက်ရှိ အနေအထား များ အရ စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ ရပ်တည်ရာ ကို ပြတ်သားစွာ ချီတက်နေပြီ ဖြစ်၍ အာဆီယံ ၏ စစ်တပ် နှင့် အတိုက်အခံများ ဆွေးနွေးရေး ဆိုသည့် အချက် ငါးချက် အား နှစ်နှစ် နီးပါး ရှိလာပြီ ဖြစ်သော်လည်း တချက်တလေမျှ ကို လိုက်နာခြင်း မရှိသည့် အတွက် အာဆီယံ အတွက် ရှေ့လျှောက် သွားရမည့် ခရီး တွင် ဝန်ထုပ်ဝန်ပိုး ကြီး ဖြစ်လာနေပြီ ဖြစ်၍ အဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းရတော့မည်ဟု ဂျကာတာ ပို့စ် သတင်းစာ တွင် ရေးသားထားသည်။

 

စစ်တပ်သည် ရွေးကောက်ပွဲအား ၎င်းတို့ ၏ မဟာမိတ် စစ်ဗိုလ်ချုပ်ဟောင်းများ၊ အခွင့်အရေး ကို ချောင်းနေကြသည့် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် သာ ပြုလုပ်သွားဖွယ် ရှိပြီး အာဆီယံ ၏ အချက် ငါးချက်သည်လည်း ကြိမ်းသေပေါက် အောင်မြင်မှု ရှိတော့မည် မဟုတ်၊ ထိုအချက် ငါးချက်အား အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အခြေမလှ တော့ သည့် အချိန်ကြာမှသာ သွေးရူးသွေးတမ်း ဖြင့် အကောင်အထည် ဖေါ်ပါမည်ဟု ပြောလာမည် ဖြစ်သည်၊ အာဆီယံ အဖွဲ့ အနေဖြင့် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ အား အချက် ငါးချက်ကို မလိုက်နာပဲ ပြုလုပ်မည် ဆိုက အသိအမှတ် မပြုရန် ပြတ်သားစွာ ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

 

ဥက္ကဌ ဖြစ်လာသည့် အင်ဒိုနီရှားသည် မြန်မာ ပြဿနာ အား သူတို့ဖာ သူတို့ ဖြစ်နေသည့် ကိစ္စဟု သဘောမထားတော့ပဲ တက်ကြွစွာ လှုပ်ရှားနေပြီး အင်ဒိုနီရှား၏ ရပ်တည်ချက်ကို မလေးရှား၏ ဝန်ကြီးချုပ် အသစ် ဖြစ်လာသူ အန်နဝါ အီဘရာဟင်မှလည်း အပြည့်အဝ ထောက်ခံကြောင်း ပြောဆိုလာသည်ဟု ဩစတေးလျှ တက္ကသိုလ် အယ်ဒီတာ ဘုတ် အဖွဲ့ ၏ အာဘော်တွင် ဖေါ်ပြထားသည်။

 

တဖန် တက်စ်မေးနီးယား တက္ကသိုလ်မှ မြန်မာ အရေး ကို နှစ်ပေါင်း နှစ်ဆယ်ကြာ လေ့လာနေသည့် ပါမောက္ခ နီကိုလပ်စ် ဖာရယ်လီ ၏ သုံးသပ်ချက်သည် စိတ်ဝင်စားစရာ ကောင်းနေသည်။

 

၎င်းက မြန်မာ ပြည်တွင်းစစ်သည် ရေရှည် ပဋိပက္ခကြီး သဖွယ် ဖြစ်သွားနိုင်သည်ဟု အနောက်နိုင်ငံများက သုံးသပ်ပြီး စမိထားလျှင် အဆုံးမသတ် နိုင်တော့မည် အရေးကြောင့် လက်တွန့်နေသော်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်ဖက်မှ စစ်မြေပြင်တွင် သိသိသာသာ အရေးသာ လာနေပါက သဘောထား ပြောင်းလာနိုင်ဖွယ် ရှိနေသည်ဟု ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!