အာဏာသိမ်း ခေါင်းဆောင် နှင့် ထိုင်းစစ်ဦးစီးချုပ် ငပလီ ဆွေးနွေးပွဲ

by Hla Soewai - Jan 20 2023

စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ထိုင်း စစ်ဦးစီးချုပ် ချာလမ်ပိုလ် စီဆာဝပ် ဦးဆောင်သော ထိုင်း စစ်ဖက် ကိုယ်စားလှယ် အဖွဲ့ နှင့် ငပလီ ရှိ Pristine Mermaid Resort တွင် ယမန်နေ့က လျို့ဝှက် တွေ့ဆုံခဲ့ကြသည့် သတင်းများ ထွက်ပေါ်လာသည်။ လျို့ဝှက် တွေ့ဆုံခဲ့ကြသည်ဟု ပြောခြင်းမှာ မြန်မာ စစ်ကောင်စီမှ မည်သို့မျှ သတင်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသည့် အပြင်၊ ထိုင်း စစ်ဦးစီးချုပ်သည်လည်း ၎င်းအား နေပြည်တော်သို့ သွားရောက် တွေ့ဆုံရသည့် အဖြစ် မရောက်စေရန် ငပလီ ကို တွေ့ဆုံရန် နေရာ အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

 

သို့သော် ထိုင်းစစ်ဦးစီးချုပ် သည် လေဆိပ် မှ ငပလီသို့ အသွားတွင် တဖာလုံ အကွာအဝေးတိုင်း လက်နက်ကိုင်များ စောင့်ကြပ်နေကြခြင်း၊ စစ်ဆေးရေး ဂိတ်များ ထူထပ်စွာ ချထားခြင်း၊ လမ်းသွား လမ်းလာ များ ကင်းမဲ့နေသည့် အဖြစ် များ တွေ့မြင်ဦးမည် ဖြစ်၍ မြန်မာ ပြည်တွင် လက်ရှိ ဖြစ်ပျက်နေမှုများကို သဘောပေါက်သွားမည်မှာလည်း ကြိမ်းသေနေပေသည်။

 

ထိုသို့သော အစိုးရမျိုးကို မိမိတို့ မည်မျှ အထိ ဆက်၍ ထောက်ခံပေးနိုင်ဦးမည်နည်းဟူသော အတွေးများလည်း ဝင်လာနိုင်သည်၊ သို့သော် တဖက်တွင် လည်း မြန်မာ စစ်အာဏာသိမ်း အဖွဲ့၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် ထိုင်း၏ ဘဏ္ဍာရေး၊ ကျန်းမာရေး နှင့် ပညာရေး နှင့် အလုပ်အကိုင် ကဏ္ဍများတွင် တစိတ်တပိုင်း အထောက်အပံ့ ရနေ၍ ဂျီဒီပီ သည် တိုးမြင့်လာနေသည့် အရေးကလည်း မက်မောဖွယ် ဖြစ်နေပြန်သည်ကိုလည်း တွေးမိပေဦးမည်။

 

ရှစ်ကြိမ် မြောက် လက်ရှိ ဆွေးနွေးပွဲသည် သုံးရက်ခန့် ကြာမြင့်မည်ဟု သိရသည်။

 

မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင်လည်း သွားမရ၍ ထိုင်း စစ်ဖက် အကြီးအကဲများကို တကူးတက ပင့်ဖိတ်လာခြင်း၏ အဓိက အကြောင်းရင်းသည် အမေရိကန် သမ္မတ ဂျိူးဘိုင်ဒင်မှ ခရစ်စမတ် ရုံးပိတ်ရက်များ မတိုင်မီ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သော BURMA ACT သည် အဓိက နေရာမှ ပါဝင်နေသည်။

 

ထိုင်းဖက်မှ လိုလိုလားလား အကူအညီ ပေးခြင်း မရှိက အမေရိကန်၏ BURMA ACT သည် မည်သို့မျှ ထိရောက်မှု ရှိမည် မဟုတ်ဟု မင်းအောင်လှိုင်က သူ၏ အသိညဏ် ဖြင့် တွက်ဆနေပြီး ထိုင်းစစ်ဖက်မှ ပါဝင်ပတ်သက်ခြင်း မပြုပါဟူသော ကတိကဝတ် မျိုး အခိုင်အမာ ရယူထားခြင် ပုံရသည်။

 

အထူးသဖြင့် အမေရိကန်မှ တော်လှန်‌ရေး အင်အားစုများ အား အကူအညီ ပေးလာမည့် အရေး နှင့် BURMA ACT နှင့် သက်ဆိုင်သော NDAA ၏ အပိုဒ် 5571 (C) တွင် မြန်မာရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းကို သမ္မတ အနေဖြင့် discretionary sanction ခေါ် လိုအပ်လျှင် လိုအပ်သလို ပိတ်ဆို့ဒဏ်ခတ် သွားရန် အမိန့်အာဏာ အပ်နှင်းထားခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့ အတွက် အဓိက ဝင်ငွေ ရရာ ရကြောင်း ဖြစ်နေသည့် အရေးကြောင့် ထိုင်းဖက်မှ ထိုသို့ ပြုလုပ်လာမည့် အရေး ကို အကြောင်းအမျိုးမျိုး ပြ၍ တင်းခံ နေရန်လည်း တိုက်တွန်းဦးမည် ဖြစ်သည်။

 

အပြန်အလှန် အနေဖြင့် ထိုင်း နယ်စပ် လုံခြုံရေး အတွက် အမြှောက်ဆံ တဆံမျှ မကျစေရဟုလည်း အာမခံ နိုင်ပေသည်။

 

နောက်ထပ် ဆွေးနွေးရန် ရှိသည်ဟု လေ့လာသုံးသပ်သူများ သုံးသပ်နေကြသည်က ဘန်ကောက်တွင် မင်းအောင်လှိုင်၏ လက်နက်ပွဲစား ထွန်းမင်းလတ် အဖမ်းခံရမှု တွင် ၎င်း၏ သားသမီးများ ပိုင် ပစ္စည်းများ သိမ်းဆည်းခံရမှုကြောင့် အပုပ်နံ့ ထွက်လာနေသည့် အရေးပင် ဖြစ်သည်။ ထွန်းမင်းလတ် နှင့် တနွယ်ငင် တစင်ပါ ဆိုသလို မူးယစ်ဆေးဝါး အမှု နှင့် ပတ်သက်နေမည် ဆိုက အမေရိကန် မူးယစ် တိုက်ဖျက်ရေး အဖွဲ့ DEA ၏ အလိုရှိသည့် စာရင်းတွင် ပါဝင်သွားနိုင်သည့် အရေးက မင်းအောင်လှိုင် အတွက် စိုးရိမ်ဖွယ် ဖြစ်နေပြီး damage control လုပ်ရန် ပြောဖွယ်ရှိနေသည်။

 

ထိုင်း စစ်ဦးစီးချုပ် ငပလီ ရောက်ရှိနေချိန်တွင် ကသာ မြို့နယ် အတွင်းရှိ မိုးတားလေး ကျေးရွာ အလှုပွဲ သို့ အကြမ်းဖက် စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့သည့် သတင်းသည် ရိုက်တာ မှ တဆင့် ကမ္ဘာမီဒီယာ များသို့ ပျံ့နှံ့ လာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!